လေဒီလေး တော်တော်များများက အမွေးရိတ်ရမှာကို ကြောက်ကြပါတယ်။ အကြောင်းကတော့ အမွေးရိတ်တာက အရေပြားကို မည်းစေတာမျိုး ဖြစ်စေသလို ပြန်ထွက်ရင်လည်း အမွေးကြမ်းတွေ ထွက်လာပြီး အမွေးတွေက ပိုထူလာတယ်ဆိုတဲ့ အတွေးကြောင့်ပါ။ ဒါက တကယ်ပဲလား…. အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား ဆိုတာကို အဖြေထုတ်ကြည့်လိုက်ရအောင်နော်။
လေဒီလေးတွေ ထင်နေကြတဲ့ အမွေးရိတ်ရင် အမွေးအမျှင်ပိုထူလာမယ် ဆိုတာ တကယ်လား
ခြေသလုံးမွေးတွေ၊ ချိုင်းမွေးတွေ၊ မျက်နှာပေါ်က အမွေးတွေကို ရိတ်မယ်လို့ စိတ်ကူးလိုက်တိုင်း စိတ်ထဲကို မေးခွန်းတွေ အများကြီး ရောက်လာတယ်ဟုတ်။ အမွေးရိတ်တာ ဘေးကင်းပါ့မလား ဆိုတာပါ။ အမွေးတွေများ ပိုထူလာမလားပေါ့။ ဒီလိုမျိုး စိုးရိမ်တာက ဖြစ်တတ်တဲ့ အနေအထား တစ်ခုပါ။ ဒါပေမယ့် ဒီစာကို ဖတ်ပြီး စိတ်ပူတာတွေကို ရပ်လိုက်ပါတော့လို့ ပြောချင်ပါတယ်။
အမွေးရိတ်ရင် အသားအရေ အရောင်ရင့်လာမှာလား ……
အမွေးရိတ်တာက အမွေးတွေကို အမြန်ဆုံး ဖယ်ရှားနိုင်တဲ့ နည်းလမ်းပါ။ အမွေးရိတ်ရုံသက်သက်ကတော့ အသားအရေ အရောင်ကို ရင့်စေတာ အရောင်ပြောင်းစေတာမျိုး မဖြစ်ပါဘူး။ ဒါပေမယ့် သေချာမပြင်ဆင်ဘဲ အမွေးရိတ်မယ် (ဆိုလိုတာက shaving cream) မသုံးဘူးပေါ့ကွယ်၊ နောက်ပြီး ရိတ်ပြီးတဲ့အခါမှာလည်း အသားအရေ ထိန်းထိမ်းမှု မလုပ်ဘူးဆိုရင်တော့ အရေပြားမှာ ကျိန်းစပ်စပ်ဖြစ်စေပြီး အသားအရောင်ရင့်လာတာမျိုး ဖြစ်စေနိုင်ပါတယ်။
အမွေးရိတ်ရင် အမွေးအမျှင် ပိုထူလာမှာလား …….
အနောက်နိုင်ငံတွေမှာတော့ အမွေးရိတ်တာက အမွေးအမျှင် ဖယ်ရှားရာမှာ အသုံး အများဆုံး နည်းလမ်းပါ။ အာရှဒေသတွေမှာတော့ အမွေးရိတ်တာက အမွေးတွေကို ပိုပြီးထူလာစေတယ်ဆိုတဲ့ အယူအဆ အမှားတွေကို လက်ခံထားကြဆဲပါ။ တကယ်ကတော့ အမွေးတွေကို ရိတ်လိုက်ချိန်မှာ အမွေးတွေ ပိုထူလာတယ်ဆိုတာက အများထင်မှတ်မှားနေတဲ့ အရာတစ်ခုလို့ပဲ ပြောချင်ပါတယ်။
တကယ်တော့ အမွေးရိတ်လို့ အမွေးထူလာတာ မဟုတ်ပါဘူး။ အမွေးရိတ်ပြီး ပြန်ထွက်လာတဲ့ အမွေးတွေက ထွက်စမှာ တုံးတိလေး ဖြစ်နေတာကြောင့် ထူတယ်လို့ ထင်ရတာပါ။
ဘယ်အချက်တွေ သတိထားရမလဲ
အမွေးရိတ်တာကြောင့် အသားအရေ ထိခိုက်လာတာမျိုး မဖြစ်စေဖို့ဆိုရင်တော့ အခုပြောပြမယ့် နည်းလမ်းလေးတွေကို လိုက်နာဖို့ လိုပါမယ်။
စည်းမျဉ်း ၁ – အမွေးမရိတ်ခင်မှာ ရေနွေးနွေးနဲ့ ရေချိုးပါ။ ဒီလို လုပ်ပေးတာက အရေပြားကို လျော့ရဲစေပြီး အမွေးရိတ်နေချိန်မှာ အမွေးရိတ်ဓားကြောင့် အရေပြားမှာ ကျိန်းစပ်စပ် ဖြစ်တာမျိုး မဖြစ်စေမှာပါ။
စည်းမျဉ်း ၂ – အမွေးမရိတ်ခင်မှာ အရေပြားပေါ်က ဆဲလ်သေတွေကို အရင် ဖယ်ရှားပါ။ ဒါမှ အရေပြား အရောင်ရင့်တာ၊ အရောင်ပြောင်းတာမျိုး မဖြစ်မှာပါ။
စည်းမျဉ်း ၃ – အမွေးမရိတ်ခင်မှာ Shaving cream ဒါမှမဟုတ် အစိုဓာတ်ထိန်း ခရင်မ်ကို ခပ်ထူထူ လိမ်းပါ ဒါမှ အရေပြား ပူစပ်ပူလောင် ဖြစ်တာ၊ ပြတ်ရှတာမျိုးတွေ မဖြစ်မှာပါ။
စည်းမျဉ်း ၄ – အရေပြားကျိန်းစပ်တာမျိုး မဖြစ်စေဖို့ အမွေးရဲ့ လားရာအတိုင်း ရိတ်ပေးပါ။ ဆန့်ကျင်ဘက်ကို ရိတ်တာမျိုး မလုပ်ပါနဲ့။
စည်းမျဉ်း ၅ – အမွေးအမျှင်တွေကို ရိတ်သင်ပြီးတိုင်းမှာ အရေပြားကို အစိုဓာတ်ထိန်း ခရင်မ် လိမ်းဖို့ မမေ့ပါနဲ့။
စည်းမျဉ်း ၆ – အမွေးတွေကို ဖယ်ရှားရိတ်သင်ပြီးချိန်မှာ အယ်လ်ကိုဟော ပါဝင်မှု များတာမျိုးကို မသုံးပါနဲ့။ အမွှေးနံ့ ပါတာမျိုးကိုလည်း ရှောင်ပေးပါ။
စည်းမျဉ်း ၇ – တစ်နေ့ထဲမှာ ထပ်ခါထပ်ခါ အမွေးရိတ်တာမျိုး မလုပ်ပါနဲ့။
စည်းမျဉ်း ၈ – အမွေးရိတ်တဲ့ ဓားကြောင့် မှိုပိုး ကူးစက်တာ၊ ရောဂါပိုးဝင်တာမျိုးတွေ မဖြစ်စေဖို့အတွက် အမွေးရိတ်ဂျုတ်ကို သန့်ရှင်းခြောက်သွေ့တဲ့ နေရာမှာ ထားပေးပါ။
စကားလက်ဆောင်
ခန္ဓာကိုယ်က အမွေးအမျှင်တွေကို နည်းစနစ်မှန်မှန်နဲ့ ဖယ်ရှားမယ်ဆိုရင် အမွေးရိတ်တာကြောင့် မှိုပိုးဝင်တာ၊ အရေပြားပိုးဝင်တာ၊ အရေပြားထိခိုက်တာတွေ မဖြစ်စေဖို့ သေချာလေး ဂရုစိုက်ပေးတာကလည်း အသားအရေ ထိန်းသိမ်းမှုရဲ့ အဆင့်တစ်ခုပါ။ အမွေးအမျှင်တွေကို ဖယ်ရှားရာမှာ သုံးတဲ့ ဂျုတ်ကို သန့်ရှင်းခြောက်သွေ့အောင် ထားဖို့လည်း မမေ့ပါနဲ့။