brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

လူတစ်ယောက်မှာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက ကျန်းမာရေးဆိုးကျိုးတွေ ဖြစ်စေနိုင်ပါတယ်။ အဝလွန်တာက အမျိုးသားတွေမှာ ဖြစ်ဖြစ် အမျိုးသမီးတွေမှာဖြစ်ဖြစ် ပြင်းထန်တဲ့ ကျန်းမာရေး ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ အဝလွန်တယ်ဆိုတာက ပုံမှန် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာပါ။ တိတိကျကျ ပြောပြရမယ်ဆိုရင် အဝလွန်တယ်ဆိုတာက BMI တွက်ချက်မှု ရလဒ်မှာ ၃၀ ကျော်နေတာကို အဝလွန်တယ်လို့ သတ်မှတ်ပါတယ်။ ဒီတစ်ခေါက်တော့ အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ အကြောင်း ပြောပြပေးချင်ပါတယ်။

အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

အမျိုးသမီးတွေကို အဝလွန်စေတဲ့ အကြောင်းအရင်းတွေက ဘာတွေဖြစ်မလဲ!

အဝလွန်တယ်ဆိုတာက များသောအားဖြင့်ကတော့ အစားစားတာ များပြီး လှုပ်ရှားမှု နည်းတာကြောင့်ပါ။ အထူးသဖြင့် အဆီအအိမ့် စားတာများတဲ့သူတွေမှာ အဝလွန်နိုင်ခြေက ပိုများပါတယ်။ အထိုင်များတာ၊ လှုပ်ရှားမှု နည်းတာတွေကို လုပ်ဆောင်နေရသူတွေမှာလည်း အဝလွန်နိုင်ခြေ များပါတယ်။

အမျိုးသမီးတွေမှာ အဝလွန်စေနိုင်တဲ့ တခြားအကြောင်းအရင်းတွေကတော့ ဒီအချက်တွေကြောင့် အဓိက ဖြစ်ရတာပါ။

  • မျိုးဗီဇ
  • အသက်အရွယ်
  • ဟော်မုန်းပြောင်းလဲတာ
  • အိပ်ရေးပျက်တာ
  • ကိုယ်ဝန်ဆောင်ရတာ (ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်အလေးချိန်တွေ တိုးလာတာ အမျိုးသမီး တော်တော်များများမှာ ဖြစ်တတ်ပါတယ်။ ဒီအခြေအနေက ရှောင်လွဲဖို့ ခက်ပါတယ်)
  • Prader-Willi syndrome လို့ခေါ်တဲ့ ရှားပါးမျိုးဗီဇရောဂါ ခံစားရတာ
  • PCOS (polycystic ovarian syndrome) လို့ခေါ်တဲ့ သားဥအိမ် ရေအိတ်တည်တဲ့ ရောဂါစု ခံစားနေရတာ ( ဒီအခြေအနေမှာ မျိုးပွားမှုဆိုင်ရာ ဟော်မုန်းတွေ မမျှတတာကို ခံစားရနိုင်ပါတယ်)
  • Cushing syndrome လို့ခေါ်တဲ့ ကိုယ်တွင်းမှာ ကော်တီစော ဟောမုန်း များနေတဲ့ ရောဂါခံစားနေရတာ
  • လေးဖက်နာရောဂါ ခံစားနေရတာတွေကလည်း လေ့ကျင့်ခန်း လုပ်ဖို့ကို အတားအဆီး ဖြစ်စေပြီး လေဒီလေးတွေကို အဝလွန်စေနိုင်ပါတယ်။

အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ

ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက ကျန်းမာရေးပြဿနာတွေ ခံစားရနိုင်ခြေကို တိုးစေနိုင်ပါတယ်။ အဝလွန်တဲ့ အမျိုးသမီးတွေမှာ ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာတွေ က ဘာတွေဖြစ်မလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်နော်။

  • ကလေးရဖို့ ခက်စေတယ်

အဝလွန်တာက အမျိုးသမီးတွေမှာရော အမျိုးသားတွေမှာပါ မျိုးအောင်နိုင်စွမ်းကို ထိခိုက်စေနိုင်ပါတယ်။ အဝလွန်နေတဲ့ အမျိုးသမီးလေးတွေက ပုံမှန် ကိုယ်အလေးချိန်ရှိတဲ့ အမျိုးသမီးတွေထက် ကလေးရရှိဖို့ ပိုခက်တာကြောင့် အိမ်ထောင်သက် တော်တော်ကြာတဲ့အထိ ကလေး မရတာမျိုး ဖြစ်စေနိုင်ပါတယ်။

  • ဆီးချို ဖြစ်နိုင်တယ်

အဝလွန်တာက အမျိုးအစား -၂ ဆီးချို ဖြစ်နိုင်ခြေကို တိုးစေနိုင်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေ အနေနဲ့ ခန္ဓာကိုယ်က အဝလွန်လာပြီဆိုရင် အမျိုးအစား – ၂ ဆီးချိုကို ကာကွယ်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေးတွေကို ပုံမှန်လေး လုပ်ဆောင်ပေးတာမျိုး လုပ်ဖို့ လိုပါမယ်။

  • နှလုံးသွေးကြောဆိုင်ရာ ရောဂါ ခံစားရနိုင်တယ်

အမျိုးသမီးလေးတွေ အဝလွန်ပြီဆိုရင် ကြောက်ရတဲ့ နောက်ထပ်ရောဂါ တစ်ခုက နှလုံးသွေးကြောကျဉ်းတာပါ။ အဝလွန်တဲ့အခါ သွေးထဲမှာ အဆီတွေများလာပြီး သွေးကြောတွေထဲမှာ အဆီတွေပိတ်ဆို့စုပုံတာကြောင့် နှလုံးသွေးကြောကျဉ်းတာကို ခံစားရနိုင်ပါတယ်။

  • အဆုတ်ထိခိုက်စေနိုင်တယ်

အဝလွန်တာ၊ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာက အဆုတ်ကို ထိခိုက်စေပြီး အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြဿနာတွေကို ခံစားရစေနိုင်ပါတယ်။ ရေရှည်မှာ အဆုတ်ပျက်စီးတာမျိုး ခံစားရနိုင်ပါတယ်။

  • စိတ်ခံစားမှု ပြဿနာ

အဝလွန်တာက ပတ်ဝန်းကျင်ရဲ့ ပြောဆိုမှုတွေကြောင့် စိတ်ဖိစီးတာ၊ စိတ်ဓာတ်ကျတာတွေကို ခံစားရနိုင်သလို စိတ်ခံစားမှုဆိုင်ရာ ကျန်းမာရေးပြဿနာတွေကိုလည်း ခံစားရနိုင်ပါတယ်။

  • သွေးတိုး ဖြစ်နိုင်တယ်

အဝလွန်ခြင်းရဲ့ နောက်ဆက်တွဲ အနေနဲ့ သွေးတိုးတာကို ခံစားရနိုင်ပါတယ်။ သွေးတိုးတာက ရေရှည်မှာ ပြင်းထန်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ နှလုံးကျန်းမာရေးကိုလည်း ထိခိုက်စေနိုင်ပါတယ်။

  • ကင်ဆာ ဖြစ်စေနိုင်တယ်

အဝလွန်တာက အမျိုးသမီးလေးတွေမှာ သားအိမ်ခေါင်းကင်ဆာ၊ သားဥအိမ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ ရင်သားကင်ဆာတွေကို ခံစားရနိုင်ခြေ ပုံမှန်ထက် ပိုများနေပါတယ်။ ဒါကြောင့် ကင်ဆာ ကာကွယ်ချင်တယ်ဆိုရင် ကျန်းမာတဲ့ ကိုယ်အလေးချိန်ကို ထိန်းပါ။

  • ခွဲမွေးရနိုင်တယ်

အဝလွန်တဲ့ အမျိုးသမီးလေးတွေဟာ ကိုယ်ဝန်ဆောင်နေချိန်မှာ ကိုယ်ဝန်ဆောင် ဆီးချို ခံစားရနိုင်ခြေ ပုံမှန်ထက် ပိုများနေသလို ကလေးမွေးဖွားချိန်မှာလည်း ရိုးရိုးမွေးဖွားဖို့ ခက်ခဲတတ်ပြီး ခွဲမွေးရနိုင်ပါတယ်။

  • နို့ထွက် နည်းနိုင်တယ်

အဝလွန်တဲ့ မိခင်တွေက ပုံမှန် ကျန်းမာတဲ့ ကိုယ်အလေးချိန် ရှိတဲ့ အမျိုးသမီးတွေထက် ကလေးမွေးဖွားပြီးချိန်မှာ နို့ထွက် နည်းတတ်ပြီး ကလေးကို မိခင်နို့ ပြည့်ပြည့်ဝဝတိုက်ဖို့ရာမှာ အခက်အခဲ ရှိနိုင်ပါတယ်။

  • အရိုးအဆစ်တွေ နာကျင်နိုင်တယ်

အဝလွန်တဲ့အခါ ဒူးနာတာ၊ ခါးနာတာလိုမျိုး အရိုးအဆစ် နာကျင်မှုပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ရေရှည်မှာ အရိုးအဆစ် ထိခိုက်မှုတွေ ဖြစ်လာနိုင်ပါတယ်။

အဝလွန်ရင် အခုလို ကျန်းမာရေး ပြဿနာတွေ ဖြစ်နိုင်တာမို့ ကိုယ့်ကိုယ်ကိုယ် အဝမလွန်စေဖို့ သေချာလေး ဂရုစိုက်လိုက်တော့နော်။ တကယ်လို့ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေမယ်ဆိုရင်လည်း ကိုယ်အလေးချိန်ကို ကျန်းမာတဲ့ ကိုယ်အလေးချိန်ရအောင် ထိန်းညှိပေးနိုင်မယ့် နည်းလမ်းလေးတွေကို လုပ်ဆောင်ဖို့ အကြံပြုလိုက်ပါရစေ။

# ကျန်းမာစေမယ့် အရောင်အသွေးစုံလင်တဲ့ စားသောက်မှု

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 08/09/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။