သားအိမ်အလုံးဖြစ်ခြင်းရဲ့ နောက်ဆက်တွဲပြဿနာတွေက ဘာတွေလဲ။
သားအိမ်အလုံးတွေဟာ နေရထိုင်ရခက်စေပြီး အခြားသော နောက်ဆက်တွဲပြဿနာတွေ (ဥပမာ သွေးတွေဆုံးရှုံးတာများလို့ သွေးအားနည်း ရောဂါရတာမျိုး)ကိုလည်း ဖြစ်စေနိုင်တဲ့အပြင် အချင်းကွာတာ၊ကလေးသေးတာ၊လမစေ့ဘဲ မွေးတာ အစရှိတဲ့ ကိုယ်ဝန်ဆောင်ပြဿနာတွေကိုလည်း ဖြစ်လာစေနိုင်ပါတယ်။
ရောဂါအဖြေရှာခြင်းနှင့် ကုသမှု
ယခုဖော်ပြထားသော အချက်အလက်များကို ဆေးပညာအကြံပေးမှုနေရာတွင် အစားထိုးရန်မသင့်တော်ပါ။ ပိုမိုသောအချက်အလက်များရရှိရန်အတွက် ဆရာဝန်နှင့် အမြဲတမ်းတိုင်ပင်ပါ.
သားအိမ်အလုံး (Fibroids)ကို ဘယ်လိုအတည်ပြုပါသလဲ
သင့်မှာ သားအိမ်အလုံး ဖြစ်ခြင်းရဲ့ လက္ခဏာတွေ ရှိနေမယ်ဆိုရင် သင့်ဆရာဝန်တွေအနေနဲ့ အောက်ဖော်ပြပါ စစ်ဆေးမှုတွေကို ပြုလုပ်ခိုင်းပါလိမ့်မယ်။
- အာထရာဆောင်း (တယ်လီဗေးရှင်း ဓါတ်မှန်လို့လည်း ခေါ်ကြပါတယ်) ။ ဒီစစ်ဆေးမှုဟာ အသံလှိုင်းတွေကို အသုံးပြုပြီး သင့်သားအိမ်ရဲ့ ပုံရိပ်ကို ပုံဖော်ကာ ရောဂါကိုတိတိပပ အမည်တပ်နိုင်ဖို့နဲ့ အလုံးရဲ့တည်နေရာ၊အရွယ်အစားတို့ကို သိရှိနိုင်စေပါတယ်။ သားအိမ်ရဲ့ ပုံရိပ်တွေကို ဖမ်းယူရရှိနိုင်ဖို့အတွက် စမ်းသပ်တဲ့ကိရိယာလေးကို လူနာရဲ့ ဗိုက်ပေါ်မှာ ဒါမှမဟုတ် မိန်းမကိုယ်ထဲကို ထည့်ပြီး စမ်းသပ်မှာ ဖြစ်ပါတယ်။
ဓါတ်ခွဲခန်းစမ်းသပ်မှုတွေ ။ ကာလကြာရှည် သွေးဆုံးရှုံးမှုကြောင့် သင့်မှာ သွေးအားနည်းရောဂါရှိမရှိ သိရှိနိုင်ဖို့အတွက် complete blood count (CBC) လို့ခေါ်တဲ့ သွေးစစ်ဆေးမှုကို ပြုလုပ်ရမှာဖြစ်ပြီး သွေးရောဂါတွေ ဒါမှမဟုတ် သိုင်းရွိုက်ဂလင်း မူမမှန်တဲ့ ပြဿနာတွေ ရှိမရှိသိနိုင်စေဖို့အတွက် အခြားသော သွေးစစ်ဆေးမှုတွေကို ပြုလုပ်ရမှာပဲ ဖြစ်ပါတယ်။
တကယ်လို့ ပုံမှန် အာထရာဆောင်းရိုက်ရုံနဲ့ လုံလောက်တဲ့ အချက်အလက်တွေ မရဖူးဆိုရင် သင့်ဆရာဝန်အနေနဲ့ အောက်ဖော်ပြပါ ပုံရိပ်ဖော်စစ်ဆေးမှုတွေကို ပြုလုပ်ခိုင်းဦးမှာပဲ ဖြစ်ပါတယ်။
- သံလိုက်ဓါတ်မှန် ။ ဒီစစ်ဆေးမှုဟာ အလုံးရဲ့ တည်နေရာနဲ့ အရွယ်အစား၊အမျိုးအစား စတာတွေကို ဖော်ပြပေးနိုင်တဲ့အပြင် ဘယ်လိုကုသမှုပုံစံကို ရွေးချယ်သင့်သလဲဆိုတာကို ဆုံးဖြတ်ရာမှာပါ ကူညီပေးနိုင်ပါလိမ့်မယ်။
- Hysterosonography ။ ဒီစစ်ဆေးမှုမှာ သားအိမ်အတွင်းဖက်နေရာကို ပိုမိုကျယ်ပြန့်စေဖို့အတွက် ပိုးသတ်ပြီးသား အရည်တမျိုးကို အသုံးပြုပါတယ်။ ဒီလိုကျယ်ပြန့်စေခြင်းအားဖြင့် သားအိမ်အတွင်းမှာ ရှိတဲ့ အလုံးတွေကို အာထရာဆောင်းနဲ့ ပုံရိပ်ဖော်ရာမှာ ပိုပြီး လွယ်လွယ်ကူကူမြင်စေနိုင်မှာ ဖြစ်ပါတယ်။
- Hysterosalpingography ။ ဒီစစ်ဆေးမှုမှာ ဆေးပညာသုံး ဆိုးဆေးတမျိုးကို အသုံးပြုတာကြောင့် သားအိမ်အတွင်းပိုင်းနဲ့ သားဥပြွန်တွေကို ဓါတ်မှန်ရိုက်တဲ့အခါ သားဥပြွန်ပွင့်နေခြင်းရှိမရှိကို သင့်ဆရာဝန် အနေနဲ့လွယ်ကူစွာ သိရှိစေနိုင်ပါတယ်။
- သားအိမ်တွင်းမှန်ပြောင်းကြည့်ခြင်း။ သားအိမ်နံရံတွေနဲ့ သားဥပြွန်တွေရဲ့ အပေါက်တွေကို သေချာစွာ ကြည့်ရှုစစ်ဆေးနိုင်ဖို့ ကူညီပေးပါတယ်။
သားအိမ်အလုံး (Fibroids)ကို ဘယ်လိုကုသပါသလဲ
သားအိမ်အလုံးတွေကို ကုသပေးနိုင်တဲ့ တခုတည်းသော အကောင်းဆုံးနည်းဆိုတာ မရှိပါဘူး။ သင့်ရောဂါလက္ခဏာတွေ နဲ့ ကုသမှုနည်းလမ်းတွေ အကြောင်းကို သင့်ဆရာဝန်နဲ့ သေချာစွာ ဆွေးနွေးပါ။ အကယ်၍ အလုံးကသေးတယ် ဒါမှမဟုတ် သွေးဆုံးခါနီးပြီဆိုရင် သင့်အနေနဲ့ ဒီအတိုင်းပဲ သတိကြီးကြီးထားပြီး စောင့်ကြည့်သင့်ပါတယ်။ တကယ်လို့ သင့်မှာ အလုံးရှိနေပေမယ့် ရောဂါလက္ခဏာတွေ မရှိဖူးဆိုရင် ဘာကုသမှုမှ ခံယူစရာမလိုပါဘူး။ ဒါပေမယ့် သင့်အနေနဲ့ သတိကြီးကြီးထားပြီး စောင့်ကြည့်တဲ့အနေနဲ့ ဆရာဝန်မှန်မှန်ပြပြီး မိန်းမကိုယ်ကို စစ်ဆေးကြည့်သင့်ပါတယ်။ ဒါမှသာ သင့်သားအိမ်အလုံးရဲ့ ကြီးထွားမှုနဲ့ လက္ခဏာတွေကို သိရှိနိုင်စေမှာပဲ ဖြစ်ပါတယ်။ ဘယ်နှစ်လတခါ ပြန်လာပြဖို့လိုမလဲဆိုတာနဲ့ ပတ်သက်ပြီး သင့်ဆရာဝန်ကို သေချာစွာ မေးမြန်းပါ။
ဓမ္မတာများတာနဲ့ ဓမ္မတာလာစဉ်ကိုက်ခဲတာတွေအတွက်
တကယ်လို့ သင့်အနေနဲ့ ဓမ္မတာလာစဉ်ကိုက်ခဲတာမျိုး ဒါမှမဟုတ် သွေးအလွန်အကျွံဆင်းတာမျိုး ရှိမယ်ဆိုရင် ဒါဟာ သားအိမ်အလုံးက သွေးထွက်နေတာကြောင့် ဖြစ်နိုင်တယ်ဆိုပေမယ့် အခြားသော ဓမ္မတာနဲ့ဆိုင်တဲ့ ရောဂါတခုခုလည်း ဖြစ်နိုင်ပါသေးတယ်။ အောက်မှာ ဖော်ပြထားတဲ့ ဆေးတွေအနေနဲ့ သွေးအဆင်းများတာ၊သွေးအားနည်းတာ ဒါမှမဟုတ် နာကျင်တာတွေကို ကုသပေးနိုင်မှာ ဖြစ်ပေမယ့် အလုံးကိုတော့ ကျုံ့သွားသေးသွားစေမှာ မဟုတ်ပါဘူး။
- စတီးရွိုက်မဟုတ်သော အရောင်ကျဆေးတွေ ။ ဒီဆေးတွေဟာ ရာသီလာစဉ်နာကျင်တာနဲ့ သွေးအဆင်းများတာတွေကို ကုသပေးနိုင်ပါတယ်။ ဒါပေမယ့် အလုံးတခုတည်းကြောင့် ဖြစ်ပေါ်လာတဲ့ သွေးဆင်းတာမျိုး ဒါမှမဟုတ် နာကျင်တာမျိုးကိုတော့ သက်သာစေတယ်ဆိုတဲ့ သက်သေအချက်အလက်တွေ ရှိမနေပါဘူး။
- ပဋိသန္ဓေတားဆေးတွေ(သောက်ဆေး၊ကပ်ခွာ၊ကွင်း စသည်) ။ သူတို့တွေဟာလည်း ကိုယ်ဝန်ရှိတာကို ကာကွယ်ပေးနိုင်တဲ့အပြင် ရာသီလာစဉ်နာကျင်တာနဲ့ သွေးအဆင်းများတာတွေကို သက်သာစေနိုင်ပါတယ်။
- သားအိမ်တွင်းထည့် ပဋိသန္ဓေတား ပစ္စည်း ။ ဒီပစ္စည်းဟာ progesterone ဟော်မုန်းပမာဏအနည်းငယ်ကို သားအိမ်ထဲ ရောက်ရှိစေတဲ့အတွက် သွေးအဆင်းများတာကို သက်သာစေနိုင်ပါတယ်။
- သုံးလခံ ပဋိသန္ဓေတား ထိုးဆေး ။ သွေးအဆင်းများတာကို သက်သာစေနိုင်တဲ့အပြင် ကိုယ်ဝန်မရှိအောင်လည်း တားဆီးပေးပါတယ်။ progestin ဟာ သားအိမ်အလုံးကို သေးသွားစေနိုင်တယ်လို့ပြောတဲ့ လေ့လာချက်တွေရှိသလို ပိုကြီးလာစေနိုင်တယ်လို့ ပြောတဲ့ လေ့လာချက်တွေလည်း ရှိတဲ့အတွက် ဒါဟာ ဒွိဟပွားစရာ ကိစ္စပဲ ဖြစ်ပါတယ်။ တယောက်ချင်းစီပေါ်မူတည်ပြီး ကွဲပြားပုံရပါတယ်။
- သံဓါတ်အားဆေး။ ဆေးဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူရရှိနိုင်တဲ့ ဒီသံဓါတ်အားဆေးတွေဟာ သွေးဆုံးရှုံးမှုကြောင့် ဖြစ်ပေါ်လာရတဲ့ သွေးအားနည်းရောဂါကို ကုသပေးနိုင်ပါတယ်။
သားအိမ်အလုံး မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲ။
ကာကွယ်နည်း မရှိသေးပါဘူး။ ဒါပေမယ့် သုတေသန ပြုချက်တခုအရတော့ ကိုယ်လက်လေ့ကျင့်ခန်းများများလုပ်တဲ့ အမျိုးသမီးတွေမှာ သားအိမ်အလုံးဖြစ်နိုင်ခြေနည်းတယ်လို့ ဆိုပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။