backup og meta

လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့

    ကာကွယ်ဆေးတွေက ခန္ဓာကိုယ်ကို ကိုယ်ခံအား ရစေဖို့နဲ့ ရောဂါတွေကို တိုက်ထုတ်ပေးဖို့  ထောက်ကူပေးတဲ့အရာပါ။ ကာကွယ်ဆေးတွေက ရောဂါတွေ ကူးစက်ဖြစ်ပွားမှုကနေ ကာကွယ်ပေးပြီး အသက်အန္တရာယ် ထိခိုက်တာမျိုး မဖြစ်စေဖို့ ကာကွယ်ပေးပါတယ်။ ကိုဗစ် အပါအဝင် ရောဂါတော်တော်များများကို ကာကွယ်ဖို့ နဲ့ ဖြစ်လာခဲ့ရင် ပြင်းပြင်းထန်ထန် မခံစားရစေဖို့အတွက် ကာကွယ်ဆေးတွေ ထိုးထားတာက ထိရောက်တဲ့ ကာကွယ်မှုပါ။ ဒီတစ်ခေါက်တော့ လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့ အကြောင်း နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    ကာကွယ်ဆေးက ဘယ်လို ရောဂါတွေကို ကာကွယ်ပေးနိုင်လဲ

    ကာကွယ်ဆေးက အခုလိုမျိုး ရောဂါတွေကို ကာကွယ်ပေးပါတယ်။

    • တုပ်ကွေး
    • အသည်းရောင် အသားဝါ A
    • အသည်းရောင် အသားဝါ B
    • လိင်အင်္ဂါ ကြွက်နို့ (HPV)
    • ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင်
    • မေးခိုင်/ ဆုံဆို့၊ မေးခိုင် (Td)
    • ကိုဗစ် စတာတွေပါ။

    ကာကွယ်ဆေး တွေက စိတ်ချရလား

    ကာကွယ်ဆေးတွေက ဘေးအကင်း စိတ်အချရဆုံး ဆေးဝါးထုတ်ကုန်တွေပါ။ ဘေးအကင်းဆုံး ဆိုပေမယ့် ဘေးထွက်ဆိုးကျိုး မဆိုစလောက်လေးတော့ ရှိပါတယ်။  ကာကွယ်ဆေးဆိုတာက ရောဂါတွေကို ကာကွယ်ဖို့ ထုတ်ပေးထားတာကြောင့် ကျန်းမာရေးကို ဆိုးဆိုးရွားရွား ထိခိုက်စေတာမျိုးတော့ မရှိပါဘူး။

    ကာကွယ်ဆေးတွေက ကုသဖို့ ခက်တဲ့ ရောဂါ အများစုကို အထိရောက်ဆုံး ကာကွယ်ပေးနေတဲ့ အရာတွေပါ။ ဒါကြောင့် လိုရင်း ပြောရရင်တော့ ကာကွယ်ဆေးတွေက စိတ်ချရပါတယ်။

    ကာကွယ်ဆေးက ကိုယ်ခံအားကို ဘယ်လို အားဖြည့်ပေးလဲ

    လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့

    ကာကွယ်ဆေးတွေက ကိုယ်ခံအားကို အခုလို ထောက်ကူပေးပါတယ်။

    • ကာကွယ်ဆေးတွေက ကိုယ်ခံအား စနစ်ကို ရောဂါပိုးတွေ နဲ့ ကူးစက်ရောဂါတွေကို တိုက်ထုတ်ပေးဖို့ ပြင်ဆင်ပေးထားပါတယ်။
    • ကာကွယ်ဆေး ထိုးပြီးချိန်မှာ ကိုယ်ခံအားစနစ်က ကာကွယ်ဆေးမှာပါတဲ့ အန္တရာယ်မရှိတဲ့ ရောဂါပိုးကို တိုက်ခိုက်ပြီး နောက်တစ်ချိန်မှာ ဖြစ်လာမယ့် ကူးစက်မှုတွေကို ကာကွယ်ပေးပါတယ်။
    • ရောဂါတစ်ရပ်ရပ် ကူးစက်လာချိန်မှာ ကိုယ်ခံအားက ဘယ်လို တားဆီးပေးရမလဲဆိုတာကို သိအောင် လုပ်ဆောင်ပေးပါတယ်။

    လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့

    လေဒီလေးတိုင်း ထိုးထားသင့်တဲ့ ကာကွယ်ဆေး အချို့ က ဘာတွေဖြစ်မလဲ အတူတူ ကြည့်လိုက်ရအောင်နော်။ လေဒီလေးတွေ အနေနဲ့ ရောဂါဆိုးတွေကနေ ကာကွယ်ဖို့ဆိုရင် ဒီကာကွယ်ဆေးလေးတွေကို ထိုးထားဖို့ လိုပါမယ်။

    • အသည်းရောင် အသားဝါ A (Hepatitis A ) ကာကွယ်ဆေး

    အသည်းရောင် အသားဝါ A ပိုးက မသန့်ရှင်းတဲ့ အစားအစာနဲ့ ရေကနေတဆင့် ကူးစက်ဖြစ်ပွားနေတာပါ။ ဒါကြောင့် လေဒီလေးတွေအနေနဲ့ အသည်းထိခိုက်တာမျိုး ကင်းစေဖို့ဆိုရင် အသည်းရောင် အသားဝါ A ကာကွယ်ဆေးကို ထိုးထားဖို့ လိုပါမယ်။

    • အသည်းရောင် အသားဝါ B  (Hepatitis B  ) ကာကွယ်ဆေး

    အသည်းရောင် အသားဝါ B က အသည်းကို ထိခိုက်စေနိုင်တဲ့ ဗိုင်းရပ်စ် တစ်မျိုးပါ။ ဒါပေမယ့် ကာကွယ်ဆေး ထိုးပြီး ကာကွယ်လို့ ရပါတယ်။ အသည်းရောင် အသားဝါ B ကာကွယ်ဆေးက ကာကွယ်ဆေး ၃ ကြိမ် ထိုးရမှာ ဖြစ်ပါတယ်။ အသည်းရောင် အသားဝါ B ပိုးက နာတာရှည် အသည်းထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။ အသည်းရွတ်နာ၊ နာတာရှည် အသည်းရောဂါတွေ ဖြစ်စေနိုင်ပါတယ်။

    ဒါကြောင့် အသည်းကို ဂရုစိုက်တဲ့အနေနဲ့ အသည်းရောင် အသားဝါ B ကာကွယ်ဆေး ထိုးထားပေးပါ။

    • လိင်အင်္ဂါ ကြွက်နို့ ကာကွယ်ဆေး (HPV)

    HPV ဗိုင်းရပ်စ် ကူးစက်ခံရမယ်ဆိုရင် အမျိုးသမီးတွေမှာ လိင်အင်္ဂါမှာ ကြွက်နို့ပေါက်တာ၊ သားအိမ်ခေါင်းကင်ဆာဖြစ်တာမျိုးတွေခံစားရနိုင်ပါတယ်။ လိင်အင်္ဂါ ကြွက်နို့က အဖြစ်များတဲ့ လိင်ကတဆင့် ကူးစက်တတ်တဲ့ ကျန်းမာရေး ပြဿနာပါ။ HPV ကာကွယ်ဆေးက အမျိုးသမီးတွေမှာ လိင်အင်္ဂါ ကြွက်နို့ မဖြစ်အောင် ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးပြီး သားအိမ်ခေါင်းကင်ဆာ မဖြစ်အောင် ၇၀ ရာခိုင်နှုန်းအထိ ကာကွယ်ပေးနိုင်ပါတယ်။

    HPV ကာကွယ်ဆေးကို အသက် ၂၆ နှစ် မပြည့်ခင်မှာ ၃ ကြိမ် ထိုးနှံရမှာ ဖြစ်ပါတယ်။ လိင်ဆက်ဆံမှု လုံးဝ မရှိသေးခင်မှာ ထိုးသင့်ပါတယ်။ ကိုယ်ဝန်ဆောင်တွေနဲ့ ပြင်းထန်တဲ့ နာမကျန်းမှု ခံစားနေရသူတွေ မထိုးနှံသင့်ပါဘူး။

    • တုပ်ကွေး ကာကွယ်ဆေး

    တုပ်ကွေး ကာကွယ်ဆေးက လူတိုင်း ထိုးသင့်တဲ့ ကာကွယ်ဆေးပါ။ ကျန်းမာတဲ့သူတွေရော၊ ကိုယ်ဝန်ဆောင်တွေရော၊ အသက်အရွယ်တိုင်းမှာ ထိုးသင့်ပါတယ်။ တစ်နှစ်ကို တစ်ကြိမ် ပုံမှန်ထိုးနှံထားဖို့ လိုပါမယ်။

    • ဝက်သက်၊ ဂျိုက်သိုး၊ ပါးချိတ်ရောင် ကာကွယ်ဆေး (MMR)

    ကလေးဘဝမှာ မထိုးထားရင်ဖြစ်ဖြစ်၊ အရင်က ရောဂါကူးစက်မှု မရှိရင်ဖြစ်ဖြစ် ဒီကာကွယ်ဆေးကို ထိုးထားသင့်ပါတယ်။ MMR ကာကွယ်ဆေးက ကိုယ်ဝန်ဆောင်နိုင်တဲ့ အရွယ်အမျိုးသမီးတိုင်း ကာကွယ်ဆေး ထိုးသင့်ပါတယ်။  ကိုယ်ဝန်မဆောင်ခင်မှာ မဖြစ်မနေ ထိုးထားသင့်ပါတယ်။ ဒီကာကွယ်ဆေးက မေမေကိုတင် မဟုတ်ပါဘူး။ မွေးလာမယ့် ဘေဘီလေးကိုပါ ကာကွယ်ပေးနိုင်ပါတယ်။

    • မေးခိုင်/ ဆုံဆို့၊ မေးခိုင် (Td)

    ကလေးဘဝတည်းက ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ကာကွယ်ဆေး ထိုးထားပြီးရင် ၁၀နှစ်တိုင်းမှာ ထပ်ဆောင်းကာကွယ်ဆေး ထိုးသင့်ပါတယ်။ အနည်းဆုံးတော့ မေးခိုင်ကာကွယ်ဆေးကို ထိုးထားရပါမယ်။ ကလေးဘဝမှာ မထိုးရသေးလည်း အခုပြည့်အောင် ထိုးလိုက်ပါ။ ပြီးရင် ထပ်ဆောင်းကာကွယ်ဆေးကို ပုံမှန်ထိုးသွားပါ။ ဒီကာကွယ်ဆေးက ကိုယ်ဝန်ဆောင်မယ့် အမျိုးသမီးအတွက် အင်မတန်အရေးကြီးပါတယ်။ မွေးလာတဲ့ကလေးမှာပါ ဆုံဆို့နဲ့ မေးခိုင်ရောဂါ မဖြစ်အောင်  ကာကွယ်ပေးနိုင်ပါတယ်။

    • ကိုဗစ်ကာကွယ်ဆေး

    ကိုဗစ်ကတော့ အမျိုးသမီးတွေမှ မဟုတ်ဘဲ လူတိုင်းထိုးထားသင့်ပါတယ်။ ကာကွယ်ဆေးကို နှစ်ကြိမ်အပြည့်ထိုးဖို့ လိုအပ်ပြီး လိုအပ်ရင် ၄-၆လကြားမှာ ထပ်ဆောင်းကာကွယ်ဆေး ထပ်ထိုးထားဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    Aye Thi Mon မှ ရေးသားသည်။ · 4 ပတ် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement