ခံရခက်ဆုံး ဝေဒနာတွေထဲမှာ မိန်းမကိုယ်ယားယံ ခြင်းလည်း ပါဝင်ပါတယ်။ လက်တို့၊ ခြေထောက်တို့လို အလွယ်တကူဖြေရှင်းလို့ရတဲ့ နေရာအစိတ်အပိုင်းလည်းမဟုတ်၊ ယားလို့ဆိုပြီး ကုတ်လို့ရတဲ့ နေရာလည်းမဟုတ်နဲ့ တော်တော်ခံစားရခက်မှာပါ။ ဒီလို ဝေဒနာခံစားရတယ်ဆို ရှက်တာနဲ့ပဲ ဘယ်သူ့မှမပြောရဲ၊ အကြံမတောင်းရဲ၊ ဘာလုပ်ရမှန်းမသိ ဖြစ်တတ်ပါတယ်။
ယားယံပြီဆိုကတည်းက ရောဂါပိုးတစ်ခုခုဝင်တဲ့ လက္ခဏာဖြစ်ပါတယ်။ ဒါ့ကြောင့် ကြိုတင်ကာကွယ်နိုင်ရင် ကာကွယ်၊ ဖြစ်လာပြီဆိုရင်တော့ ကြိတ်မှိတ်ခံပြီး ပိုဆိုးလာရတာထက် စောစောဖြေရှင်းကုသတာ ကောင်းပါတယ်။ ဒီလို ယားယံမှု ဖြစ်စေတဲ့ အကြောင်းရင်းတွေကို သိထားတယ်ဆိုရင်တော့ ကြိုတင်ကာကွယ်ဖို့ ပိုလွယ်ကူစေတာပေါ့။
မိန်းမကိုယ်ယားယံ စေတဲ့ အကြောင်းရင်း (၈) ခု
(၁) ယားယံစေတဲ့ ဓာတ်ပစ္စည်းတွေ
မိန်းမကိုယ်ကို ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတဲ့အခါ ယားယံခြင်းကို ဖြစ်စေပါတယ်။ အဲဒီပစ္စည်းတွေက မိန်းမကိုယ်အပါအဝင် ခန္ဓာကိုယ်ရဲ့ နေရာအတော်များများကို နီမြန်း၊ ယားယံစေတဲ့ ဓာတ်မတည့်တုံ့ပြန်မှုတွေ ဖြစ်လာစေနိုင်ပါတယ်။ Parabens ၊Methylchloroisothiazolinone ၊ Benzethonium Chloride တို့လို ဓာတုပစ္စည်းတွေကြောင့် အရေပြားကို ထိခိုက်စေနိုင်ပါတယ်။
(၂) ဆီးချို
ပေါင်ခြံတဝိုက် ယားယံတာနဲ့ လောင်တာလိုမျိုး မှိုပိုးဝင်တဲ့ လက္ခဏာတွေက အမျိုးအစား ၂ ဆီးချိုရောဂါရဲ့လက္ခဏာတွေ ဖြစ်ပါတယ်။ ဆီးချိုရှိတဲ့သူတွေမှာ သွေးတွင်းသကြားဓာတ်က များနေတာကြောင့် မှိုပိုးတွေ ပေါက်ဖွားလွယ်တဲ့ အနေအထားကို ဖန်တီးပေးလိုက်သလို ဖြစ်စေတဲ့အပြင် ခန္ဓာကိုယ်ရဲ့ ရောဂါကာကွယ်နိုင်စွမ်းကိုပါ လျော့နည်းစေပါတယ်။
(၃) မှိုပိုးဝင်ခြင်း
မိန်းကလေး တော်တော်များများမှာ ခံစားရတတ်တဲ့ ပြဿနာပါ။ တစ်ကိုယ်ရေသန့်ရှင်းမှု အားနည်းတာရယ်၊ အတွင်းခံကျပ်ကျပ်တွေ ဝတ်တာရယ်ကြောင့် မိန်းမကိုယ်မှာ မှိုပိုးဝင်တာများပါတယ်။ နောက်တစ်ချက်က ပဋိဇီဝဆေးတွေ သောက်ပြီးနောက်ပိုင်း ခန္ဓာကိုယ်ထဲက ကောင်းတဲ့ဘက်တီးရီးယားတွေရော၊ မကောင်းတဲ့ဘက်တီးရီးယားတွေရော ရှင်းပစ်လိုက်တာကြောင့်ရောဂါပိုးကာကွယ်ပေးမယ့် အကျိုးပြုဘက်တီးရီးယားလေးတွေ မလုံလောက်တော့တာမျိုး ဖြစ်စေနိုင်ပါတယ်။ မှိုပိုးဝင်တဲ့ လက္ခဏာတွေကတော့ ယားယံတာ၊ လောင်တာ၊ ကပ်စေးတဲ့ အချွဲအဖြူဆင်းတာတွေ ပါဝင်ပါတယ်။
(၄) ဘက်တီးရီးယားကြောင့် မိန်းမကိုယ်ရောင်ရမ်းခြင်း
မိန်းမကိုယ်မှာရှိတဲ့ သဘာဝဘက်တီးရီးယားပမာဏကို ပုံမှန်မထိန်းညှိနိုင်တဲ့အခါ မိန်းမကိုယ်ရောင်ရမ်းခြင်း (BV) ဖြစ်လာနိုင်ပါတယ်။ သူက အမြဲတော့ လက္ခဏာပြလေ့မရှိပေမယ့် အနံ့နံသော အဖြူဆင်းခြင်း၊ ယားယံခြင်း၊ အနံ့ဆိုးထွက်ခြင်းတို့ ဖြစ်လေ့ရှိပါတယ်။ အဖြူဆင်းရင် အရောင်ညစ်ညစ် ဒါမှမဟုတ် အကြည်ရောင်လည်း ဖြစ်နိုင်ပါတယ်။
(၄) အတွင်းခံကျပ်ကျပ်ဝတ်ခြင်း
အတွင်းခံကျပ်ကျပ်ဝတ်ထားတော့ တစ်နေ့တာ သွားလာလှုပ်ရှားတဲ့အခါ ချွေးတွေနဲ့ပိတ်လှောင်ပြီး စိုစွတ်နေတဲ့အရေပြားမှာ ဘက်တီးရီးယားတွေ မွေးမြူထားသလိုပါပဲ။ အတွင်းခံရဲ့ပိတ်စအသားကလည်း ချွေးစုပ်ပြီး နေရသက်သာတဲ့ အမျိုးအစားဖြစ်သင့်ပါတယ်။
(၅) လိင်မှတဆင့် ကူးစက်တဲ့ရောဂါများ
အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကြောင့် ဒီရောဂါတွေကိုရရှိနိုင်ပြီး မိန်းမကိုယ်ကို ယားယံစေနိုင်ပါတယ်။
- ကလာမိုင်ဒီးယား (chlamydia)
- လိင်အင်္ဂါကြွက်နို့
- ဆီးပူညောင်းကျရောဂါ
- လိင်အင်္ဂါရေယုန်
- trichomoniasis ရောဂါ
ဒီရောဂါတွေရှိနေရင် ပုံမှန်မဟုတ်တဲ့ အနာတွေ၊ အဝါရောင်၊ အစိမ်းရောင် အရည်၊ အချွဲတွေ မိန်းမကိုယ်ကနေ ဆင်းတာ၊ ဆီးသွားရင်နာကျင်တာ စတဲ့ လက္ခဏာတွေလည်းဖြစ်နိုင်ပါတယ်။
(၆) သွေးဆုံးခြင်း
သွေးဆုံးချိန်ရောက်နေတဲ့ ဒါမှမဟုတ် သွေးဆုံးပြီး အမျိုးသမီးတွေမှာ မိန်းမကိုယ်ယားယံခြင်း ခံစားရနိုင်ခြေပိုများပါတယ်။ သွေးဆုံးချိန်အတွင်းမှာ အက်စထရိုဂျင်ဟော်မုန်းပမာဏလျော့နည်းသွားတာကြောင့် မိန်းမကိုယ်ခြောက်သွေ့ခြင်း ဖြစ်လာနိုင်ပါတယ်။ မိန်းမကိုယ်အတွင်းနံရံက အကျိအချွဲလေးတွေ ပါးသွားတာကြောင့် ခြောက်သွေ့လွန်ပြီး ယားတာ၊ စပ်တာတွေဖြစ်လာနိုင်တဲ့အတွက် ကုသမှုခံယူသင့်ပါတယ်။
(၇) စိတ်ဖိစီးမှု
ခန္ဓာကိုယ်ပင်ပန်းမှုနဲ့ စိတ်ပင်ပန်းမှုတွေက မိန်းမကိုယ်ယားယံခြင်းကို ဖြစ်စေနိုင်ပေမယ့် သိပ်တော့အဖြစ်မများပါဘူး။ စိတ်ဖိစီးမှုကြောင့် ကိုယ်ခံအားကို အားနည်းစေပြီး ယားယံမှုတွေဖြစ်စေနိုင်တဲ့ ရောဂါပိုးဝင်ခြင်းတွေ ပိုအဖြစ်များစေနိုင်ပါတယ်။
(၈) ကင်ဆာ
ဖြစ်ခဲတဲ့ အခြေအနေဆိုပေမယ့် မိန်းမကိုယ်ယားယံခြင်းက အမျိုးသမီးအင်္ဂါကင်ဆာရဲ့ လက္ခဏာလည်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်အတွင်း၊ အပြင်နှုတ်ခမ်းသားတွေ၊ မလိင်စေ့နဲ့ မိန်းမကိုယ်အဝ တို့ပါဝင်တဲ့ vulva အစိတ်အပိုင်းမှာ ကင်ဆာဖြစ်တာပါ။ ဒီကင်ဆာက လက္ခဏာပြလေ့မရှိဘဲ လက္ခဏာပေါ်လာခဲ့ရင်လည်း အဲဒီအစိတ်အပိုင်းတွေမှာ ယားယံခြင်း၊ ပုံမှန်မဟုတ်တဲ့သွေးဆင်းခြင်းနဲ့ နာကျင်ခြင်းစတာတွေ ဖြစ်စေနိုင်ပါတယ်။ Vulvar ကင်ဆာကို အစောပိုင်းအဆင့်မှာ သိရှိခဲ့ရင် ကုသပျောက်ကင်းနိုင်ပါတယ်။
ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေကို သိရပြီဆိုတော့ မိန်းမကိုယ်ယားယံ တာကို ဘယ်လိုကာကွယ်မလဲ၊ ဘယ်လိုသက်သာအောင်လုပ်မလဲဆိုတာ ဆက်ကြည့်ရအောင်။
မိန်းမကိုယ်ယားယံခြင်းတွေ မဖြစ်စေဖို့
ဆေးကုသမှုက ဖြစ်ရတဲ့အကြောင်းရင်းကို မူတည်ပြီး သောက်ဆေး၊ လိမ်းဆေး တစ်မျိုးမျိုး ဒါမှမဟုတ် နှစ်မျိုးလုံးဖြစ်နိုင်ပါတယ်။ ဆရာဝန်နဲ့ ဆေးကိုချည်း အားမကိုးဘဲ ကိုယ်တိုင်ဂရုစိုက်လို့ရတဲ့ အချက်တွေကိုတော့ သိထားဖို့လိုပါလိမ့်မယ်။
- ပေါင်ခြံနဲ့ မိန်းမကိုယ်တဝိုက်ကို သန့်ရှင်း၊ ခြောက်သွေ့အောင်ထားပါ။
- နေ့ဘက်မှာ အသားအေးတဲ့၊ အရမ်းမကျပ်တဲ့ အတွင်းခံကို ဝတ်ပါ၊ ညအိပ်ချိန်မှာ အတွင်းခံမဝတ်တာကောင်းပါတယ်။
- မိန်းမကိုယ်ကို ဆပ်ပြာတွေနဲ့ မဆေးကြောပါနဲ့။
- အဲဒီအစား ဆပ်ပြာမပါ၊ ဓာတုပစ္စည်းမပါ၊ အရောင်တုမပါ၊ အမွှေးနံ့မပြင်းတဲ့ အမျိုးသမီးသန့်စင်ဆေးရည်တွေနဲ့ သန့်စင်ပေးပါ။
- ယားယံခြင်းကို ခံစားနေရရင် ရေနွေးနွေးလေးနဲ့ ချိုးပါ။( သိပ်မပူပါစေနဲ့)
- မိန်းမကိုယ်နားတဝိုက်မှာ ရေမွှေးတွေ၊ ပေါင်ဒါတွေနဲ့ အမွှေးနံ့ပါတဲ့ တစ်ကိုယ်ရေသုံးပစ္စည်းတွေ သိပ်မသုံးပါနဲ့။
- လစဉ်သုံး padတွေကို ပုံမှန်လဲပေးပါ။ အကြာကြီးဝတ်ထားရင် ရောဂါပိုးဝင်နိုင်ပါတယ်။
- အပေါ့အလေးသွားတဲ့အခါ ရေသုံးရင် အရှေ့ကနေ အနောက်ကိုပဲ သန့်စင်ပါ။
- လစဉ်သုံးပစ္စည်း၊ အိမ်သာသုံးစက္ကူစတာတွေကို အမွှေးနံ့ပြင်းတဲ့အမျိုးအစားတွေ မသုံးပါနဲ့။
- အတွင်းခံသန့်ရှင်းမှုကို ဂရုစိုက်ပါ။
- မိန်းမကိုယ်မှာ ယားယံလာခဲ့ရင်လည်း မကုတ်လိုက်ပါနဲ့။ ပိုဆိုးစေနိုင်ပါတယ်။
[embed-health-tool-ovulation]