brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ရာသီလာခါနီး ရင်သားနာတာ က သဘာဝပါ။ အမျိုးသမီးတော်တော်များများ ကြုံရတဲ့ကိစ္စပါပဲ။ ရင်သားနာရုံတင်မကပါဘူး။ ရင်သားတွေ တင်းတာ၊ ပုံမှန်ထက် ပိုကြီးလာတာတွေကိုပါ ခံစားရတတ်ပါတယ်။

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့

ဘာကြောင့် ရာသီလာခါနီး ရင်သားနာတာ ခံစားရတာလဲ

အမျိုးသမီးဟော်မုန်းတွေဖြစ်တဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းကြောင့်ပါပဲ။ အီစထရိုဂျင်က နို့ရည်ပြွန်တွေကို ကြီးလာစေသလို ပရိုဂျက်စတုန်းက နို့ရည်ဂလင်းတွေကို ဖောင်းလာစေပါတယ်။ ဒီနှစ်ခုပေါင်းလိုက်တဲ့အခါကျတော့ ရင်သားတွေက တင်းပြီး နာလာပါတယ်။ ပိုလည်း ကြီးလာပါတယ်။

ဒီလိုရင်သားနာတာက ရာသီလာခါနီး ၃ရက်ကနေ ၅ရက်၊ တချို့တွေမှာဆို ၁၀ရက်လောက်တည်းက နာတတ်ကြပါတယ်။ ပြီးရင်တော့ ရာသီစလာတာနဲ့ ပြန်သက်သာသွားတတ်ပါတယ်။ တချို့တွေမှာ ရာသီရက်တောက်လျှောက်လုံး နာနေတာမျိုး ရှိတတ်ပါတယ်။

ဒါကပုံမှန်ပဲဖြစ်ပါတယ်။ ရာသီစလာတဲ့ အမျိုးသမီးငယ်လေးတွေမှာ အတွေ့ရများပေမယ့် ရာသီလာနေသရွေ့ ဖြစ်နိုင်ခြေ ရှိပါတယ်။

တစ်ယောက်နဲ့ တစ်ယောက် နာပုံခြင်းကလည်း အနည်းငယ်ကွဲပြားပါတယ်။ တချို့တွေမှာ သာမန်တင်းရုံ၊ နာရုံလောက်ပဲ ဖြစ်တတ်ပြီး တချို့တွေမှာတော့ အထိမခံနိုင်အောင် နာနေနိုင်ပါတယ်။

ဒါကို Cyclical breast painလို့ ခေါ်ပြီး တချို့အမျိုးသမီးတွေက ရင်သားနာနေပြီဆိုတာနဲ့ မကြာခင်ရက်တွေမှာ ရာသီလာတော့မယ်ဆိုတာကို ခန့်မှန်းနိုင်ကြပါတယ်။ ဒီလိုပြောလို့ ရာသီလာခါနီးတိုင်း ရင်သားနာမယ်လို့ မထင်လိုက်ပါနဲ့။ ရင်သားမနာဘဲ ရာသီပုံမှန်လာနေတဲ့သူတွေလည်း ရှိပါတယ်။ အဓိကက ကိုယ့်ရဲ့ ဟော်မုန်းအပြောင်းအလဲနဲ့ပဲ ဆိုင်ပါတယ်။

ရာသီလာခါနီး ရင်သားနာတာ သက်သာစေဖို့ နည်းလမ်းများ

များသောအားဖြင့် ရာသီလာခါနီး ရင်သားနာတာက ကြီးမားတဲ့ ပြဿနာမဟုတ်ပါဘူး။ အများစုက ရာသီလာတာနဲ့ အလိုလိုသက်သာပြီး ရင်သားလည်း ပုံမှန်ဆိုဒ်ပြန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ရင်သားနာလို့ နေရထိုင်ရခက်ရင်တော့ ဒီနည်းလမ်းတွေကို အသုံးပြုကြည့်ပါ။

ရင်သားကြီးလာတဲ့အတွက် သာမန်အချိန်တွေမှာ ဝတ်တဲ့ ဘရာတွေဝတ်ရင် ရင်သားကို ညှစ်ထားသလိုဖြစ်လို့ ပိုနာနိုင်ပါတယ်။ ဘရာကြိုးတွေ၊ ချိတ်တွေကို လျှော့ပါ။ Sport braလိုမျိုး ရင်သားကို ပင့်တင်ပေးနိုင်တဲ့ ဘရာကို ဝတ်ဆင်ပါ။ ဒါမှမဟုတ် ရာသီလာခါနီးရက်တွေမှာ ဝတ်ဖို့ ဆိုဒ်ကြီးတဲ့ ဘရာအနည်းငယ်ဝယ်ထားပါ။

  • အားဆေးတွေ သောက်ပေးနိုင်ပါတယ်။

ရာသီလာခါနီးချိန်မှာ Evening primrose oil, ဗီတာမင် B6, ဗီတာမင် အီး စတာတွေကို သောက်ပေးတာကလည်း ရင်သားတင်းတာကို သက်သာစေပါတယ်။

အားဆေးတွေ မသောက်ခင်မှာတော့ ဆရာဝန်နဲ့ အရင်တိုင်ပင်ပါ။

  • ဝိတ်ချပါ။

ဝနေရင် ရင်သားနာတာ ပိုခံစားရပါတယ်။ တချို့သူတွေမှာ ဝိတ်ချလိုက်ရုံနဲ့တင် ရင်သားနာတာ သက်သာသွားတာကို တွေ့ရပါတယ်။ ၂-၃ပေါင်လောက် ချရုံနဲ့တင်ကို သက်သာလာတာ ဖြစ်ပါတယ်။

  • စိတ်ဖိစီးမှု လျှော့ချပါ။

စိတ်ဖိစီးတဲ့အခါ ဟော်မုန်းအပြောင်းအလဲပိုဆိုးတာကြောင့် စိတ်ဖိစီးမှုလျှော့ချပါ။ ကိုယ်စိတ်သက်သာရာရစေမယ့် အလုပ်လေးတွေ လုပ်ပါ။

  • အာဟာရပြည့်ဝအောင် စားသောက်ပါ။

ရာသီလာခါနီးအချိန်မှာ အစေ့အဆန်နဲ့ အသီးအရွက်များများစားပေးပါ။

  • ဒီအစားအစာကို ရှောင်ပါ။

တချို့သော လေ့လာချက်တွေမှာ ကဖင်းတွေက ရာသီလာခါနီး ရင်သားနာတာကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ရာသီလာခါနီးရက်တွေမှာ ကော်ဖီ၊ လက်ဖက်ရည်၊ လက်ဖက်သုပ်၊ ချောကလက်၊ အားဖြည့်အချိုရည်တွေကို ရှောင်ပါ။

ခန္ဓာကိုယ်ကို ရေဖော ဖောစေမဲ့ အငန်များတဲ့ အစားအစာတွေ၊ အသင့်စားအစားအစာတွေ၊ ပြုပြင်ထားတဲ့ အစားအစာတွေကို ရှောင်ပါ။ အဆီပါတဲ့နိ့တွေနဲ့ အချိုတွေကိုလည်း ရှောင်ဖို့ လိုပါတယ်။

  • ပေါ့ပေါ့ပါးပါး လေ့ကျင့်ခန်းပဲလုပ်ပါ။

ရင်သားက ပုံမှန်ထက် ပိုကြီးပြီး ပိုတင်းနေတဲ့အတွက် ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေ၊ ခုန်ရတဲ့ လေ့ကျင့်ခန်းတွေကို ရှောင်ပါ။ ပေါ့ပေါ့ပါးပါး လမ်းလျှောက်တာ၊ စက်ဘီးစီးတာတို့ လုပ်ပေးနိုင်ပါတယ်။

  • အနာသက်သာစေဖို့ အိမ်တွင်းကုထုံးများ အသုံးပြုပေးပါ။

ကြွက်သားတွေ နာသလိုပဲ ရင်သားနာတဲ့အခါ ရေခဲဝတ် ဒါမှမဟုတ် ရေနွေးအိတ် ကပ်ပေးနိုင်ပါတယ်။ အသားမလောင်အောင်လို့ အဝတ်လေးနဲ့ ခံပြီးမှ ကပ်ပါ။ ကိုယ်ခံနိုင်ရုံ အပူချိန်ကိုပဲ အသုံးပြုပါ။ တစ်ခါကပ်ရင် မိနစ် ၂၀ထက် မပိုပါစေနဲ့။ ဒါ့ပြင် ရင်သားတွေ တင်းပြီး နေထိုင်ရခက်ရင် အကိုက်အခဲပျောက်ဆေးတွေလည်း သောက်လို့ရပါတယ်။

ရင်သားနာတာကို ဘယ်အချိန်မှာ စိုးရိမ်သင့်သလဲ

ရာသီလာခါနီးလို့ ရင်သားနာတာက စိုးရိမ်စရာမဟုတ်ပါဘူး။ ဒါပေမဲ့ နေ့စဉ်လုပ်နေကျ အလုပ်တွေ လုပ်လို့မရအောင် နာနေတာဆိုရင်တော့ ဆရာဝန်နဲ့ ပြကြည့်ပါ။

ဒါ့ပြင်

  • ရာသီလာခါနီးအချိန်မှာပါ မဟုတ်ဘဲ တခြားအချိန်တွေမှာပါ နာနေရင်
  • ရင်သားမှာ အကျိတ်စမ်းမိရင်
  • နို့သီးခေါင်းကနေ အရည် သို့ သွေးထွက်နေရင်
  • ရင်သားရဲ့ အရေပြားက ပုံမှန်မဟုတ်ရင်လည်း ဆရာဝန်နဲ့ ပြသပြီး စစ်ဆေးမှု ခံယူသင့်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 05/01/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။