brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ရာသီသွေးအညိုရောင် ဆင်းတာ ဘာကြောင့်လဲ

ရာသီသွေးဆိုရင် အနီရောင်လို့ပဲ သိကြတယ်ဟုတ်။ အများစုကတော့ အနီရောင်ဆိုပေမဲ့ တစ်ခါတလေ တခြားအရောင်လည်း ဆင်းတတ်ပါတယ်။ ဥပမာ အညိုရောင်ပေါ့။ တချို့ကလည်း ရာသီသွေးအမည်းရောင်တွေ ဆင်းတတ်ပါတယ်။ ရာသီသွေးအညိုရောင် ဆင်းတာက ပုံမှန်ရာသီလာတာလည်း ဖြစ်နိုင်သလို တခြားရောဂါတစ်ခုခုကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ရာသီသွေးအညိုရောင် ဆင်းတာ ဘာကြောင့်လဲ

ရာသီသွေးအညိုရောင် ဆင်းတာ ပုံမှန်ပဲလား။

တချို့အမျိုးသမီးတွေမှာ ရာသီမလာခင် ရှေ့ရက်ပိုင်းလောက်မှာ အညိုပါတဲ့ အဖြူတွေဆင်းတာ ဒါမှမဟုတ် ရာသီလာစရက်မှာ အညိုရောင်ဆင်းတာ၊ ပြီးခါနီးရင် အညိုရောင်ဆင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါတွေက ပုံမှန်ပါပဲ။

ရာသီသွေးတွေက ဆင်းပြီး အပြင်ကို ထွက်လာဖို့ အချိန်ယူတဲ့အတွက် လမ်းမှာတင် ဓာတ်တိုးပြီး အညိုရောင်ဖြစ်သွားတာပါ။ သွေးဟောင်းတွေလို့ ပြောလည်း ရပါတယ်။ ပြီးခဲ့တဲ့လက ရာသီသွေးတွေ ဆင်းဖို့ ကျန်နေရင် အခုပေါင်းဆင်းတဲ့ သဘောပါ။ ဒါကြောင့် စစချင်းလာတဲ့အခါ ရာသီသွေးအညိုရောင် တွေ ဖြစ်နေတာပါ။

ပြီးခါနီးရင်လည်း အဲ့လိုပါပဲ။ သွေးဆင်းတာနည်းသွားတဲ့အတွက် အပြင်ကို ရောက်ဖို့ အချိန်ယူရတော့ အညိုရောင်ဖြစ်သွားတာာပဲ ဖြစ်ပါတယ်။

ဒါက ဘာမှစိုးရိမ်စရာ မရှိပါဘူး။ ရာသီသွေးတွေကျန်လို့ဆိုပြီး ဆေးတွေလည်း လျှောက်မသောက်ပါနဲ့။ အဲ့ဒါအလုပ်မဖြစ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ သဘာဝဖြစ်စဉ်တစ်ခုပဲဖြစ်ပြီး ရောဂါလည်း မဟုတ်ပါဘူး။ သူ့ဟာသူ ဆင်းစရာရှိတာ ဆင်းသွားပါလိမ့်မယ်။ စိုးရိမ်စရာ မလိုပါ။

ရောဂါကြောင့်ရော ဖြစ်နိုင်သလား။

ဖြစ်နိုင်ပါတယ်။ ရောဂါကြောင့်ဆိုရင်တော့ ရာသီသွေးအညိုရောင် ဆင်းတာအပြင် တခြားလက္ခဏာတွေပါ တွဲတွေ့ရမှာပါ။ ဖြစ်နိုင်တဲ့ ရောဂါတွေကတော့

  • မိန်းမကိုယ်ထဲမှာ ပစ္စည်းတစ်ခုခု ကျန်နေတာပါ။

အဖြစ်အများဆုံးကတော့ tamponပါ။ အထူးသဖြင့် ရာသီရက်နောက်ပိုင်းတွေမှာ သွေးဆင်းတာလည်း နည်းတော့ လဲဖို့မေ့သွားပြီး တစ်နေကုန် မထုတ်ဘဲ ဆက်ထည့်ထားတာမျိုး ဖြစ်တတ်ပါတယ်။ ဒါ့ပြင် အမျိုးသမီးသုံး ကွန်ဒုံးလိုမျိုး သန္ဓေတားပစ္စည်းတွေဖြစ်တဲ့ capတို့၊ diaphragmတို့လည်း ကျန်တတ်ပါတယ်။ နောက်ဆုံးကတော့ sex toysတွေပါ။ မြန်မာနိုင်ငံမှာတော့ tamponကျန်တာ များပါတယ်။

ဘာပဲကျန်ကျန် ကြာလာရင် မိန်းမကိုယ်ထဲကို ပိုးတွေ ဝင်ပြီး ‌ရောင်ရမ်းလာပါလိမ့်မယ်။ ဒါကြောင့် ရာသီသွေးအညိုရောင် ဆင်းတာအပြင်

-အနံ့ဆိုးတဲ့ အညိုရောင်တွေ ဆင်းတာ

-မိန်းမကိုယ်ယားတာ

-မိန်းမကိုယ်ရောင်ရမ်းတာ

-ဆီးသွားရခက်တာ

-ဖျားတာ စတာတွေပါ ဖြစ်လာပါလိမ့်မယ်။

  • မျိုးပွားအင်္ဂါတွေ ရောင်ရမ်းတာ

Pelvic inflammatory disease (PID)လို့ ခေါ်ပါတယ်။ များသောအားဖြင့် ဂနို ဆီးပူညောင်းကျတို့၊ ကလက်မိုင်းဒီးယားတို့လို့ လိင်ကတဆင့်ကူးစက်ရောဂါတွေကြောင့် ဖြစ်တတ်ပါတယ်။ ရာသီ‌သွေးအညိုရောင် ဆင်းတာအပြင်

-အတူနေပြီးတဲ့အခါ ဒါမှမဟုတ် အတူနေနေတဲ့အချိန်မှာ သွေးဆင်းတာ

-ဆီးကျင်တာ

-တင်ပဆုံနဲ့ ဆီးစပ်တွေ တင်းနေတာ

-မိန်းမကိုယ်ယားတာ

-ရာသီလာရမဲ့ရက်မရောက်ခင် သွေးကြိုဆင်းတာ စတာတွေပါ ဖြစ်တတ်ပါတယ်။

PIDက အရေးကြီးပါတယ်။ အခန့်မသင့်ရင် မျိုးပွားအင်္ဂါတစ်ခုလုံး ပျက်စီးသွားပြီး ကလေးမရတော့တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။

  • သားအိမ်ခေါင်းကင်ဆာ

သားအိမ်ခေါင်းကင်ဆာဖြစ်တဲ့အခါမှာလည်း အညိုရောင်တွေ ဆင်းတတ်ပါတယ်။ ဒါ့ပြင် ပုံမှန်မဟုတ်တဲ့ သွေးဆင်းတာ၊ အနံ့ဆိုးတာ၊ တခြားကင်ဆာ လက္ခဏာတွေဖြစ်တဲ့ ပိန်ကျသွားတာ၊ ခြေထောက်တွေ ဖောတာ၊ ဆီးသွားရ၊ ဝမ်းသွားရခက်တာတွေ ဖြစ်တတ်ပါတယ်။

ကိုယ်ဝန်ကြောင့်လည်း ရာသီသွေးအညိုရောင် ဆင်းနိုင်ပါသေးတယ်။

  • သန္ဓေတားတွယ်တာ

ကိုယ်ဝန်ရှိပြီး သန္ဓေသားလေးက သားအိမ်ထဲကို တိုးဝင်တဲ့အခါ သွေးနည်းနည်းဆင်းတတ်ပါတယ်။ တချို့တွေမှာဆိုရင် နည်းလွန်းတော့ သွေးအနေနဲ့ မဆင်းဘဲ အညိုရောင်ရှိတဲ့ အဖြူဆင်းတာမျိုး ဖြစ်တတ်ပါတယ်။

ဒါဆိုရင်တော့ တခြားကိုယ်ဝန်ရှိတဲ လက္ခဏာတွေပါ ခံစားရမှာပါ။ ဥပမာ

-ရာသီမလာတာ ဒါမှမဟုတ် သွေးလေးမဆိုစလောက်ပဲ ဆင်းတာ

-ခဏခဏ ဆီးသွားချင်တာ

-နုံးတာ

-ပျို့အန်တာ

-ရင်သားတွေတင်းတာ စတာတွေလည်း ဖြစ်တတ်ပါတယ်။

ဒီလက္ခဏာတွေက မသေချာတာကြောင့် လက္ခဏာနဲ့ ကိုယ်ဝန်ရှိမရှိကို မဆုံးဖြတ်ပါနဲ့။ သေချာချင်ရင် ဆီးသာစစ်ကြည့်လိုက်ပါ။

  • မသိလိုက်ဘဲ ကိုယ်ဝန်ပျက်သွားတာ

တစ်ခါတလေမှာ ရာသီသွေးအညိုရောင် ဆင်းတာက ကိုယ်ဝန်ပျက်တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်က ပျက်သွားပြီ။ ဒါပေမဲ့ အပြင်ကို ထွက်မလာတဲ့အတွက် သွေးဟောင်းလို ဖြစ်သွားပြီး အညိုတွေ ဆင်းတာပါ။ များသောအားဖြင့် ကိုယ်ဝန်၁၀ပတ်ဝန်းကျင်လောက်မှာ ဖြစ်တတ်ပါတယ်။

ဒီလို ပျက်ကျတာမျိုးက ရုပ်ရှင်ထဲမှာ တွေ့ဖူးသလို သွေးတွေ ဒလဟောကြီး ဆင်းပြီး ပျက်ကျတာ မဟုတ်ပါဘူး။ ကိုယ်ဝန်၁၀ပတ်လောက်ပဲ ဖြစ်တဲ့အတွက် အမျိုးသမီးက ရှိတာလည်း မသိလိုက်၊ ပျက်ကျတာလည်း မသိလိုက်တာမျိုး ဖြစ်တတ်ပါတယ်။

အညိုရောင်ဆင်းတာနဲ့အတူ ဗိုက်ထဲကနေ ညှစ်ထားသလို နာနေတာ၊ အားနည်းနေတာ ပြောရမယ်ဆိုရင် ကိုယ်ဝန်ပျက်ကျတဲ့လက္ခဏာတွေ ခံစားနေရမယ်ဆိုရင် သတိထားပါ။ ကိုယ်ဝန်ပျက်ကျတာ ဖြစ်နိုင်ပါတယ်။

ရာသီလာချိန်မှာ အညိုတွေ ဆင်းနေရင် ဘယ်လိုလုပ်ရမလဲ။

ရာသီလာခါနီးရက်တွေ၊ လာစရက်တွေနဲ့ ပြီးခါနီးရက်တွေမှာ ရာသီသွေးအညိုရောင် တွေ ဆင်းရင် မစိုးရိမ်ပါနဲ့။ အညိုဆင်းတာကလွဲပြီး တခြားထူးခြားတဲ့လက္ခဏာတွေ မရှိရင်၊ ပုံမှန်ရာသီလာသလိုပဲ လာနေရင် စိုးရိမ်စရာ မရှိပါဘူး။ ဒီလိုမဟုတ်ဘဲ

  • ရက်တွေ အကြာကြီး ဆင်းနေရင်
  • အတူနေပြီးတိုင်း ဆင်းနေရင်
  • အနံ့ဆိုးရင်
  • မိန်းမကိုယ်နာတာ၊ ဆီးစပ်ကိုက်တာတွေနဲ့ တွဲဖြစ်ရင်
  • မိန်းမကိုယ်ယားရင်တော့ ဆရာဝန်နဲ့ ပြဖို့ လိုပါတယ်။

သတိပြုရန်

ရာသီသွေးအညိုရောင် ဆင်းတာက ပုံမှန်ရာသီလာတာလည်း ဖြစ်နိုင်သလို ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အညိုရောင်ဆင်းတာနဲ့အတူ တခြားသော လက္ခဏာတွေပါ ခံစားနေရရင်တော့ သတိထားသင့်ပါတယ်။ သားဖွားမီးယပ်ဆရာဝန်နဲ့ ပြသသင့်ပါတယ်။
Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 20/09/2023 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။