backup og meta

လက်ဖက်စားရင် ရာသီရပ် တတ်သလား

လက်ဖက်စားရင် ရာသီရပ် တတ်သလား

လက်ဖက်စားလိုက်တာ ရာသီလာရင်း ရပ်သွားလို့တို့၊ လက်ဖက်စားလို့ ရာသီချုပ်သွားတယ်တို့ ပြောတာ ကြားဖူးမှာပါ။ လက်ဖက်စားရင် ရာသီရပ် တယ်ဆိုတာ တကယ်ပဲလား။ အမျိုးသမီးတွေက လက်ဖက်စားဖို့ မသင့်တော်ဘူးလား။

လက်ဖက်စားရင် ရာသီရပ် တတ်သလား

ဆေးပညာမှာတော့ လက်ဖက်နဲ့ ရာသီနဲ့က သက်ဆိုင်မှု မရှိပါ။ လက်ဖက်စားတာက ရာသီလာတာ၊ ရပ်တာကို ဖြစ်စေတာမျိုး မရှိပါဘူး။ လက်ဖက်စားသည်ဖြစ်စေ၊ မစားသည်ဖြစ်စေ ရာသီက သူ့ဟာသူ လာနေမှာပါပဲ။

မြန်မာနိုင်ငံမှာ လက်ဖက်မစားတဲ့ အမျိုးသမီးဆိုတာ မရှိသလောက်ပါလဲ။ တချို့အမျိုးသမီးများဆို ရာသီလာနေတာလည်း စားနေကြတာပါပဲ။ ဒါပေမယ့် သူတို့တွေ ရာသီမရပ်ကြပါဘူး။

ဒါဆို တချို့တွေ လက်ဖက်စားရင် ရာသီရပ် တာ ဘာကြောင့်လဲ

ဘာကြောင့်လဲ မသိပေမယ့် လူကြီးတွေက လက်ဖက်ကို ချုပ်စာလို့ ခေါ်ကြပါတယ်။ လက်ဖက်စားရင် လေချုပ် ဝမ်းချုပ်ဖြစ်မယ်ဆိုတဲ့ အယူအဆနဲ့ပါ။ ဒီအယူအဆကနေ ရာသီလာချိန် လက်ဖက်စားလိုက်ရင် သွေးချုပ်တတ်တယ်၊ ဆက်မဆင်းတော့ဘူးလို့ ယူဆကြတာ ဖြစ်နိုင်ပါတယ်။

ဒါပေမယ့် တချို့တွေကလည်း “မဟုတ်ဘူး လက်ဖက်စားလိုက်တာ နောက်ရက်က ဆက်မလာတော့ဘူး”လို့ ပြောကြပါတယ်။ ဖြစ်နိုင်တာကတော့ လက်ဖက်စားတာက တိုက်ဆိုင်သွားပြီး တခြားအကြောင်းကြောင့် ရပ်သွားတာ ဖြစ်နိုင်ပါတယ်။

ဥပမာ

  • တချို့ အမျိုးသမီးတွေက မနက်နိုးနိုးချင်းဆို ရာသီသွေး မဆင်းတတ်ပါဘူး။ အထူးသဖြင့် ရာသီနောက်ပိုင်းရက်တွေမှာပေါ့။

    ရာသီသွေးက နည်းလာသလို တစ်ညလုံး လှဲနေတာကြောင့် ဆင်းလာဖို့ ကြာနေတာပါ။ ဒါကို ရပ်သွားတယ်လို့ ထင်နေတာလည်း ရှိပါတယ်။

  • နောက်ပြီး သွေးဆင်းတဲ့အခါ သွေးခဲတွေ ပါလာတတ်ပါတယ်။ သွေးခဲတွေက မိန်းမကိုယ်အဝမှာ ပိတ်နေရင် မဆင်းဘဲ ရေဆေးပြီး ဖယ်လိုက်မှ အထဲက ရာသီသွေးတွေ အပြင်ကို ထွက်လာတာပါ။
  • ဒါ့ပြင် ဟော်မုန်းအပြောင်းအလဲတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ ဥပမာ ရာသီလာနေတုန်း စိတ်ဖိစီးတာ၊ ဖျားနာတာ ဒီလိုအချက်တွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။

ဒါဆို ရာသီလာနေတုန်း လက်ဖက်စားလို့ ရလား

လက်ဖက်စားတာက ရာသီကို မရပ်စေဘူးဆိုတော့ ရာသီလာနေတုန်း လက်ဖက်စားလို့ ရတယ်ပေါ့။ ဒါက ဒီလောက်လည်း မရိုးရှင်းပါဘူး။

လက်ဖက်မှာ ပါတဲ့ Tanninsတို့၊ ကဖင်းတို့က သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။ ရာသီလာနေချိန်ဆိုတာ သွေးဆင်းနေတာကြောင့် သံဓာတ်ဆုံးရှုံးမှု များနေတဲ့အချိန်မလား။ ဒီချိန်မှာ လက်ဖက်စားမယ်ဆိုရင် ကိုယ်နေ့စဉ် စားသုံးနေတဲ့ အစားအစာတွေထဲက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်ပြီး သွေးအားနည်းတတ်ပါတယ်။

ဒါကြောင့်ပဲ လူကြီးတွေက သွေးအားနည်းမှာစိုးလို့ ရာသီလာချိန်မှာ လက်ဖက်စားရင် ချုပ်တတ်တယ်ဆိုပြီး ခြောက်ခဲ့တာလည်း ဖြစ်နိုင်ပါတယ်။

ရာသီလာချိန် လက်ဖက်စားရမလားဆိုရင် မစားတာ ဒါမှမဟုတ် စားချင်ရင်လည်း လျှော့စားတာက ပိုကောင်းပါတယ်။ ရာသီရပ်သွားမှာစိုးလို့ မဟုတ်ပါ။ ရာသီလည်း မရပ်ပါ။ လက်ဖက်က သံဓာတ်စုပ်ယူမှုကို တားနိုင်လို့ပါ။ အထူးသဖြင့် ထမင်း၊ ဟင်းနဲ့ တွဲစားတာမျိုး မလုပ်ဖို့ လိုပါတယ်။

စားချင်တယ်ဆိုရင်လည်း လက်ဖက်လျှော့ပြီး အာသာပြေရုံ စားပါ။ ထမင်းစားချိန်နဲ့ ခွာစားပါ။ ရာသီလာချိန်မှာ လက်ဖက်သုပ်တင်မကပါဘူး။ ရေနွေးကြမ်း၊ ကော်ဖီ၊ လက်ဖက်ရည်တွေပါ လျှော့ဖို့ လိုပါတယ်။ သူတို့အားလုံးက သံဓာတ်စုပ်ယူမှုကို အနှောင့်အယှက်ဖြစ်စေလို့ပါ။

မှတ်ချက်

ရာသီလာချိန်မှာ လက်ဖက်စားလို့ ရာသီမရပ်ပါ။ ဒါပေမယ့် သံဓာတ်စုပ်ယူမှု အားနည်းနိုင်တာကို သိထားဖို့ လိုပါတယ်။ ရာသီလာချိန်မှာ လက်ဖက်ကို မစားတာ ဒါမှမဟုတ် လျှော့စားတာ အကောင်းဆုံးပါ။

# ရာသီလာမယ့်ရက်ကို ကိုယ်တိုင် တွက်ချက်ကြည့်လိုက်ပါ

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

What are menstrual irregularities? https://www.nichd.nih.gov/health/topics/menstruation/conditioninfo/irregularities Accessed date Oct 9, 2023

Adolescent girls’ experiences of menstruation and schooling in monastic schools in Magway Region, Myanmar: A mixed-methods exploration https://www.ncbi.nlm.nih.gov/pmc/articles/PMC9580682/  Accessed date Oct 9, 2023

The legend of laphet: A Myanmar fermented tea leaf https://www.sciencedirect.com/science/article/pii/S2352618115000645 Accessed date Oct 9, 2023

Hemoglobin and Serum Iron Concentrations in Menstruating Nulliparous Women in Jos, Nigeria https://academic.oup.com/labmed/article/44/2/121/2657721#:~:text=The%20total%20amount%20of%20blood,80%20ml%20per%20menstrual%20period.&text=Also%2C%20it%20has%20been%20shown,of%201.6%20mg%20of%20iron. Accessed date Oct 9, 2023

Inhibition of food iron absorption by coffee https://pubmed.ncbi.nlm.nih.gov/6402915/ Accessed date Oct 9, 2023

ယခုပုံစံ

08/05/2024

Written by Htet Htet Zaw Win

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ရာသီလာဖို့ရက်ထက် နောက်ကျနေလို့ ဘာဆေးသောက်ရမလဲ။

ရာသီလာနေချိန်မှာ ချဉ်ချဉ်လေး စားချင်ပေမယ့် မစားရဲဖြစ်နေပြီလား


Written by

Htet Htet Zaw Win

အထွေထွေရောဂါကုဆရာဝန် · HHG


08/05/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement