မရေရာတဲ့သတင်းတွေ အတည်မပြုနိုင်တဲ့ အကြောင်းအရာတွေက လူတစ်ယောက်စကား တစ်ယောက်နားကနေ တဆင့်တဆင့် ပြန့်နှံ့သွားပြီး သေချာခိုင်မာတဲ့အကြောင်းအရာကြီးလိုဖြစ်နေတာကို ကိုယ့်အနီးဝန်းကျင်မှာ ကြုံဖူးကြမှာပေါ့။ ဒီလိုအစချီရတာက IUD နဲ့ပတ်သက်ပြီး စာဖတ်သူတွေအကြားမှာဖြစ်နေတဲ့ အချို့အကြောင်းအရာတွေက မှားနေတယ်ဆိုတာကို ပြောပြချင်လို့ပါ။ IUD နဲ့ပတ်သက်ပြီး အယူအဆအမှားတွေ၊ မရေရာတဲ့အကြောင်းအရာတွေအများအပြားရှိနေပါတယ်။ သိထားတဲ့အကြောင်းအရာတွေက မှန်ရဲ့လားဆိုကို ဆန်းစစ်ကြည့်ရအောင်။
ဒါမျိုးတွေကြားဖူးလား
ကြားဖူးထားရင်လည်း အယူအဆအမှားတွေမို့လို့ မေ့ဖျောက်လိုက်ပါလို့ပြောပါရစေ။ ဘာတွေလည်းသိရအောင် ဆက်ကြည့်လိုက်ကြပါစို့။
(၁) IUD ကအန္တရာယ်များတယ်။ ကူးစက်ရောဂါတွေဖြစ်စေနိုင်သလို မျိုးမအောင်တာမျိုးဖြစ်စေနိုင်ပါတယ်
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (WHO) ကလုပ်ဆောင်ခဲ့တဲ့လေ့လာမှုအရ IUD ကိုအသုံးပြုတဲ့ အမျိုးသမီးတွေက အခြားသန္ဓေတားနည်းကို အသုံးပြုတဲ့အမျိုးသမီးတွေထက် ပိုးဝင်ကူးစက်တာတွေ၊ မျိုးမအောင်တာမျိုး တွေဖြစ်နိုင်ခြေတိုးစေနိုင်တာကိုမတွေ့ရပါဘူး။
(၂) IUD ကနာကျင်ပေမယ့်၊ အကျိုးမရှိဘူး
IUD ထည့်တဲ့အခါ ခံစားရတဲ့နာကျင်မှုဝေဒနာက တစ်ယောက်နဲ့တစ်ယောက်မတူကြပါဘူး။ IUD ထည့်တဲ့အခါ ခန္ဓါကိုယ်က ဘယ်လိုတုံ့ပြန်ရမလဲဆိုတာကို ကြိုတင်မသိနိုင်ပါဘူး။ ဒါကြောင့် ဆရာဝန်နဲ့သေချာတိုင်ပင်ပြီး လုပ်ပေးဖို့လိုပါမယ်။ သားအိမ်ထဲကို IUD မထည့်ခင်မှာ အကိုက်အခဲပျောက်ဆေးကြိုသောက်ထားတာမျိုးလည်းလုပ်ဆောင်ပေးနိုင်ပါတယ်။
နာကျင်မှု လုံးဝမရှိနိုင်ဘူးလို့တော့မဟုတ်ပါဘူး။ ပြောနေသလောက်အရမ်းနာတာမျိုးလည်းမဟုတ်ပါဘူး။ ဒါ့အပြင်ကို IUD ကထိရောက်တဲ့ သန္ဓေတားနည်းတစ်ခုပါ။ ထည့်ပြီးခါစမှာ နာနေတာမျိုးဖြစ်နိုင်ပါတယ်။ ထည့်ပြီးတော်တော်ကြာတဲ့အထိနာနေမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါလိမ့်မယ်။
(၃) ကိုယ့်လက်တွဲဖော်က IUD ကိုခံစားသိနိုင်တယ်
IUD က သားအိမ်ခေါင်းထဲမှာ ထည့်ရတာမဟုတ်ပါဘူး။ သားအိမ်ထဲမှာထည့်ရတာပါ။ ဒါကြောင့်ကိုယ်ရဲ့ လက်တွဲဖော်က လိင်ဆက်ဆံတဲ့အခါ IUD ကိုခံစားမိတယ်၊ IUD နဲ့ထိခိုက်မိတယ်ဆိုတာမျိုးတွေက မဖြစ်နိုင် ပါဘူး။ IUD အစွန်းက ပလပ်စတစ်ကြိုးကိုလည်း သေချာချည်ပေးထားတဲ့အပြင် ကြိုးစကလည်း အချိန်ကြာလာတာနဲ့အမျှ ပျော့ပျောင်းသွားတာဖြစ်တာကြောင့် ကိုယ့်ရဲ့လက်တွဲဖော်ကို IUD ကြောင့် ထိခိုက်မှာကို စိုးရိမ်စရာမလိုပါဘူး။
(၄) ကလေးမရှိသေးသူတွေအနေနဲ့ IUD သုံးတာကစွန့်စားလွန်းရာကျတယ်
ဒါကတော့ တော်တော်ကြီးလွဲနေပါပြီ။ IUD က ဆယ်ကျော်သက်တွေအတွက် ကလေးမမွေးရသေးတဲ့ အမျိုးသမီးတွေအတွက် အသင့်တော်ဆုံးသော သန္ဓေတား နည်းလမ်းလို့ ကျွမ်းကျင်သူတွေကထောက်ခံချက်ပေးထားကြတာပါ။ IUD ကစိတ်ချရပြီး ထိရောက်တဲ့ ကာကွယ်မှုကိုလည်းပေးပါတယ်။
(၅) IUD ကကျွတ်ထွက်နိုင်ပါတယ်
ခန္ဓါကိုယ်က IUD ကိုသားအိမ်အပြင်ဘက်ထွက်သွားအောင်လုပ်ဆောင်နိုင်တယ်လို့ပြောနေကျတာ မျိုးကြားဖူးကြမှာပါ။ ဒါကမဟုတ်ပါဘူး။ IUD ကမတော်တဆထွက်ကျတာမျိုးဖြစ်နိုင်တာကြောင့် IUD ထည့်ပြီးစ သီတင်းပတ်တွေမှာ နောက်ထပ်သန္ဓေတားနည်းတစ်မျိုးကို အရံအတားအနေနဲ့ပြင်ဆင်ထားဖို့လိုမယ်။ မဟုတ်ရင်မတော်တဆကိုယ်ဝန်ရတာမျိုးဖြစ်သွားနိုင်ပါတယ်လို့ဆရာဝန်တွေကအကြံပြုတာမျိုးကြုံဖူးမှာပါ။ ဒါကအမြဲဖြစ်တာမျိုးတော့မဟုတ်ပါဘူး။ IUD ထည့်ထားပြီး အစပိုင်း ၃လအတွင်းမှာဖြစ်နိုင်တာပါ။ ဒါကလည်း ၃ ရာခိုင်နှုန်းကနေ ၅ရာခိုင်နှုန်းလောက်ပဲဖြစ်နိုင်တာပါ။ မတော်တဆဖြစ်တာမျိုးမဖြစ်အောင်ရှောင်ရှားချင် တယ်ဆိုရင်တော့ ဆရာဝန် ဒါမှမဟုတ် တတ်သိနားလည်သူတွေနဲ့ ပုံမှန်စစ်ဆေးတာမျိုးလုပ်ဆောင်ပေးပါ။
IUD ကနှစ်ရှည်ခံတဲ့ သန္ဓေတားနည်းဖြစ်တဲ့အပြင် စိတ်ချရပြီးလုံခြုံမှုလည်းရှိပါတယ်။ နောက်အားသာချက်တစ်ခု က ထုတ်လိုက်တာနဲ့ ချက်ချင်း ကလေးရရှိစေနိုင်တာပါ။
ဒီအချက်လေးတွေကိုဖတ်ကြည့်ပြီး သိထားတဲ့အချက်တွေများနေရင်လည်း အမှန်ကိုသိလောက်မယ်ထင်ပါတယ်။ အမျိုးသမီးတိုင်း အတွက် အသုံးတည့်ပါစေကြောင်း။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။