အဓိကတော့ E3 နဲ့ E4ပေါင်းပြီး သားအိမ်ကြွက်သားတွေ ကြီးထွားအားကောင်းလာကာ ကျုံ့နိုင်ဆန့်နိုင်စွမ်းတွေပိုတိုးလာစေပါတယ်။ ဒါမှ သန္ဓေသားလေးကြီးလာတာနဲ့ အမျှ သားအိမ်လည်း လိုက်ကြီးလာနိုင်မှာကိုး။ ပြီးတော့ မွေးလမ်းကြောင်းချောမွေ့ပျော့ပြောင်းပြီး မွေးဖွားရလွယ်ကူအောင် ကူညီပေးတယ်။ ရင်သားတွေကို နို့တိုက်ဖို့ရာ အဆင်သင့်ဖြစ်အောင် ကူတဲ့နေရာလည်း သူပါတာပဲ။ သူနဲ့အတူ မိတ်ဖက်ဟော်မုန်းတွေလည်း ရှိသေးတာမို့ ကိုယ်ဝန်ဆောင်စဥ် ဟော်မုန်းအပြောင်းအလဲတွေ အကြောင်းကိုလည်း သပ်သပ်ပြောပြပေးဖို့ စီစဥ်ထားပါတယ်။
(၃) Estrogen ဟာ ကိုယ်နေဟန်ထားလှစေတယ်။
သူက အဆီကို နေရာတကျဖြစ်အောင် နေရာချပေးတဲ့ ဟော်မုန်းပါလို့ အပေါ်မှာပြောခဲ့တယ်နော်။ အဲ့ဒါ အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝဖြစ်ပျက်မှုနှုန်းကို မြန်စေတယ်။ ဇီဝဖြစ်ပျက်နှုန်းမြန်ရင် ခန္ဓာကိုယ်ကအဆီပိုစုဖို့ ခဲယဥ်းတယ် ( အစားအသောက် မထိန်းဘဲ နင်းကန်စားတဲ့သူတွေတော့ မပါဘူးပေါ့နော် )။ သည်တော့ ခန္ဓာကိုယ်မှာ အဆီရှိသင့်တဲ့နေရာရှိပြီး မရှိသင့်တဲ့နေရာက ကျစ်လစ်နေတယ်။ ခါးသိမ်ပြီး ရင်နေတင်ကျ လှတယ်ဆိုတဲ့ guitar shape ဟာ estrogen ကြောင့်ပါပဲ။
(၄) Estrogen များရင် ပုပြီး နုပါသတဲ့
ခန္ဓာကိုယ်မှာ ခြေဆံ လက်ဆံ ရှည်တယ်ဆိုတာက ခြေရိုးလက်ရိုး အစွန်တွေကနေ ရှည်ထွက်တာပါ။ အစွန်မှာရှိတဲ့ အရိုးပြား မပိတ်မချင်း အရပ်က ထပ်ရှည်နိုင်ပါတယ်။ မိန်းကလေးတွေဆို ပျမ်းမျှအနေနဲ့ ၁၂နှစ်ကနေ ၁၆အတွင်း ပိတ်တတ်ပါတယ်။ estrogen များရင်ကျတော့ သည် အရိုးပြားက မြန်မြန်ပိတ်တာမို့ အရပ်ဆက်မထွက်တာမျိုးဖြစ်တတ်ပါတယ်။ estrogen ရဲ့ အရိုးပေါ်နောက်ထပ် သက်ရောက်မှုက တော့ သိပ်သည်းဆများစေတာပါ။ အရိုးတည်ဆောက်တဲ့နေရာမှာ အရိုးဆဲလ်အဟောင်းလေးတွေ ပျက်ပျက်သွားတဲ့နေရာမှာ အရိုးဆဲလ် အသစ်ကလေးတွေက အစားထိုးထိုးသွားရပါတယ်။ သည်နေရာမှာ estrogen က အပျက်ကိုနှေးစေပြီး အဖြစ်ကိုမြန်စေပါသတဲ့။
(၅) အရေပြား အလှကို အထောက်အကူပြုပါသတဲ့။
ဘယ်နေရာက အရေပြားကိုမဆို ပါနော်။ တင်းရင်းလှပ နေတယ်ဆိုတာ estrogen ကြောင့်ပါပဲ။ အရေပြားကို အားရှိစေတဲ့အတွက် တော်ရုံတန်ရုံ ပိုးမွှားနဲ့ အရေပြားရောဂါ ဝင်ရောက်ဖို့ ခက်ပါတယ်။ အရေပြားဆဲလ်တွေရဲ့ သက်တမ်းကိုရှည်စေတာမို့ အရွယ်တင်စေတယ်။ ရေဓာတ်ကိုထိန်းပေးတဲ့ အပြင် လိုအပ်တဲ့ အဆီဓာတ်ကိုလည်း ထုတ်ပေးတာမို့ အသားအရေချောမွေ့ပြီး ကိုယ်ရောင်ကိုယ်ဝါ လင်းစေတယ်။
ခေတ်စကားနဲ့ပြောရရင်တော့ glow နေစေတာပေါ့ကွယ်။ နောက်တစ်ခုကတော့ အရေပြားမှာရှိတဲ့ melanin ခေါ် ရောင်ခြယ် ပစ္စည်း မျိုးကွဲ နှစ်မျိုးရှိတာမှာ pheomelanin ခေါ် အနီရောင်ခြယ် ပစ္စည်း ထွက်တာကို အားပေးပြီး eumelanin ခေါ် အမည်း/အညိုရောင်ခြယ်ပစ္စည်း ထွက်တာကိုတော့ လျော့စေပါသတဲ့။
(၆) အာရုံကြောအဖွဲ့အစည်းကို များစွာ အကျိုးပြုတယ်။
estrogen ဟာ ဓာတ်တိုးဆန့်ကျင်တဲ့သဘောသတ္တိရှိတာမို့ အာရုံကြောဆဲလ်တွေကို အပျက်နှေးအောင် ကာကွယ်ပေးနိုင်ပါတယ်။ နောက်တစ်ခု က Verbal memory လို့ခေါ်တဲ့ စကားလုံးကြွယ်ဝမှုနဲ့ cognitive function ခေါ် မှတ်သိမှု ( သည်နေရာမှာ သည်ဟာကို မှတ်ဉာဏ် လို့ပြောဖို့ထက် တင်္ခဏုပ္ပတ္တိဉာဏ် ခေါ် ဖြတ်ထိုးဉာဏ် လို့ပြောချင်ပါတယ် ) ကို အထောက်အပံ့ပေးပါသတဲ့။ ဒါကြောင့် အမျိုးသမီးတွေ စကားတတ်တာဖြစ်မယ်နော။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။