backup og meta

အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

    အဆင်သင့် မဖြစ်သေးခင်မှာ ကိုယ်ဝန် မရရှိစေဖို့အတွက် သန္ဓေတားနည်း အမျိုးမျိုးကို အသုံးပြုပြီး သန္ဓေတားလို့ ရပါတယ်။ သန္ဓေတားခြင်းက မိသားစုစီမံကိန်းချခြင်းနဲ့ မိသားစုတွင်း ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး အစစအရာရာအဆင်ပြေနေဖို့အတွက် အထူးအရေးကြီးပါတယ်။ သန္ဓေတားနည်းတွေမှာ ကွန်ဒုံး၊ IUD သားအိမ်တွင်းထည့်ပစ္စည်း၊ လက်မောင်းအောက်ထည့်တဲ့ပိုက်၊ ထိုးဆေး၊ သန္ဓေတားသောက်ဆေးတွေ၊ ရက်ရှောင်နည်း၊ အမျိုးသား သားကြောဖြတ်ခြင်း နဲ့ အမျိုးသမီးသားကြောဖြတ်တဲ့ နည်းလမ်းတွေ အပါအဝင် နည်းလမ်းအမျိုးမျိုးကို သုံးပြီး သန္ဓေတားလို့ ရပါတယ်။

    ကောင်းကျိုးနဲ့ ဆိုးကျိုးတွေ ကိုယ်စီရှိတဲ့ သန္ဓေတားနည်းပေါင်း များစွာရှိတဲ့အတွက် ကိုယ့်လိုအပ်ချက်တွေနဲ့ကိုက်ညီတာကို ရှာဖွေရတာဟာ မလွယ်ကူပါဘူး။ ဒါဟာ ဘာကြောင့် သားဖွားမီးယပ်ဆရာဝန်တွေ အကြံပြုတဲ့ဆေးကိုပဲ သုံးဖို့ ပိုလွယ်ကူရိုးရှင်းရသလဲ ဆိုတာရဲ့ အဓိကအဖြေပါပဲ။

    အမျိုးသမီးတွေက နေထိုင်မှုပုံစံနဲ့ ခန္ဓာကိုယ် ဖွဲ့စည်းတည်ဆောက်ပုံခြင်း မတူညီကြတာကြောင့် တစ်ဦးနဲ့ တစ်ဦး သင့်တော်တဲ့ သားဆက်ခြားနည်းချင်းလည်းကွဲပြားနိုင်ပါတယ်။ အောက်ဖော်ပြပါတွေကတော့ သင်သိထားသင့်တဲ့ ဈေးကွက်မှာ ဝယ်ယူရရှိနိုင်တဲ့ ထင်ရှားတဲ့ သန္ဓေတားနည်းအမျိုးအစားတွေဖြစ်ပါတယ်။ ဒါတွေကိုသိထားခြင်းဖြင့် သင့်အတွက် ရွေးချယ်ရ ပိုလွယ်ကူမှာပါ။ ဘယ်တစ်ခုက ကိုယ့်အတွက် အသင့်တော်ဆုံးလဲ ဆိုတာကို ဒီထက်ပိုပြီး သိနိုင်ဖို့အတွက်ကတော့ ဆရာဝန်နဲ့ ဆက်လက်တိုင်ပင်တာ အကောင်းဆုံး ဖြစ်မှာပါ။

    အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ်

    အသင့်တော်ဆုံး သားဆက်ခြားနည်း ရွေးချယ်မယ် ဆိုတာက ဘယ်လိုလဲဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။

  • ကွန်ဒုံး
  • Latex ဒါမှမဟုတ် ပလပ်စတစ်နဲ့ လုပ်ထားတဲ့ အလွှာလေးဖြစ်ပြီးတော့ လိင်တံတစ်လျှောက်မှာ ဆန့်ထုတ်ပြီး သုံးစွဲရတာဖြစ်ပါတယ်။ ကွန်ဒုံးကိုတော့ သုက်ပိုးနဲ့ လိင်ကတစ်ဆင့်ကူးစက်တတ်တဲ့ ရောဂါပိုးတွေကို ကာကွယ်ဖို့ အသုံးပြုပါတယ်။ အမျိုးသားသုံး ကွန်ဒုံးဟာ ၈၂ရာခိုင်နှုန်း ထိရောက်မှု ရှိပြီးတော့ အမျိုးသမီးသုံး ကွန်ဒုံးကတော့ ၇၆ရာခိုင်နှုန်း ထိရောက်မှု ရှိပါတယ်။

    ကွန်ဒုံးက လိင်ကနေတဆင့်ကူးစက်တဲ့ရောဂါများ (STD) ကို ကာကွယ်ပေးနိုင်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။ ကွန်ဒုံးက STD ကို ကာကွယ်ပေးနိုင်တဲ့အကောင်းဆုံးသောနည်းလမ်းဆိုပေမယ့် အပြည့်အဝကာကွယ်မပေးနိုင်ဘူးဆိုတာတော့သတိရပါ။ ကွန်ဒုံးက အသုံးပြုတာမမှန်ဘူးဆို ပေါက်ထွက်တာတွေဖြစ်နိုင်ပါတယ်။

    ကွန်ဒုံးနဲ့ ဓာတ်မတည့်တဲ့ တုံ့ပြန်မှုတွေလည်း ဖြစ်နိုင်ပါတယ်။ ကွန်ဒုံးသုံးစွဲတဲ့ခါမှာလည်း မိမိနှင့်သင့်တော်အဆင်ပြေမှုရှိစေမယ့် ကွန်ဒုံးမျိုးကိုရွေးချယ်မိစေဖို့က အင်မတန်မှ အရေးပါလှပါတယ်။ ဈေးကွက်ထဲမှာ ကွန်ဒုံးတွေကို အရောင်အမျိုးမျိုး၊ အနံ့အစုံစုံနဲ့ရှိနေပြီး အလွယ်တကူဝယ်ယူရရှိနိုင်နေပြီ ဖြစ်တယ်ဆိုပေမယ့် ကိုယ်စိတ်တိုင်းကျဖြစ်တာကို ဝယ်ယူမိဖို့တော့ လိုအပ်မယ်ထင်ပါတယ်။

    • သန္ဓေတားဆေး

    ပေါင်းစပ်ကိုယ်ဝန်တားဆေးတွေမှာ estrogen နဲ့ progestin ဟော်မုန်းတွေ ပါဝင်ပါတယ်။ ဆေးပြား အသေးကတော့ progestin ပဲ ပါဝင်ပါတယ်။ ကိုယ်ဝန်တားဆေးတွေဟာ သားဥကြွေခြင်းကို တားမြစ်ပြီးတော့ သားအိမ်ခေါင်းက အကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးကို မျိုးဥဆီ မရောက်ရှိအောင် တားမြစ်ပါတယ်။ ကိုယ်ဝန်တားဆေးတွေဟာ ကိုယ်ဝန်ရရှိမှုကနေ ၉၁ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်ပါတယ်။

    သန္ဓေတားဆေးတွေကို ဆေးဆိုင်တော်တော်များများမှာ အလွယ်တကူဝယ်ယူလို့ရရှိနိုင်သလို သန္ဓေတားဆေးတွေကလည်း အမျိုးအစားအမျိုးမျိုးရှိနေပါတယ်။ သန္ဓေတားဆေးသောက်ဆေးတွေရဲ့ အားသာချက်ကတော့ ဆေးမှန်မှန်သောက်နေသမျှကာလပတ်လုံး ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်တာပါပဲ။ဆေးကို မသောက်ဘဲရပ်လိုက်တဲ့အချိန်မှာလည်း ကိုယ်ဝန်ရရှိစေပါတယ်။ အချိန်အကြာကြီးစောင့်နေရတာမျိုးလည်း မရှိပါဘူး။

    • ထိုးဆေး (Depo-Provera)

    သန္ဓေတားထိုးဆေးကို ၃ လတစ်ကြိမ် ဆရာဝန်ဆီမှာသွားထိုးရမှာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ကိုယ်တိုင်ထိုးလို့ရတဲ့ တားဆေးတွေလည်း ရှိနေပါပြီ။ မီးယပ်သားဖွားဆရာဝန်က Progestin ဟော်မုန်းပါဝင်တဲ့ ထိုးဆေးကို လက်မောင်း ဒါမှမဟုတ် တင်ပါးမှာ ထိုးပေးမှာဖြစ်ပါတယ်။ ဒီဆေးဟာ သားဥကြွေခြင်းကို တားမြစ်ပြီး သားအိမ်ခေါင်းအကျိအချွဲတွေကို ထူစေခြင်းအားဖြင့် သုက်ပိုးလှုပ်ရှားမှုကို တားမြစ်ပါတယ်။ ဆေးကို ရက်အတိအကျနဲ့ အချိန်မှန်မှန်ထိုးပေးမယ်ဆိုရင် သန္ဓေတား ထိုးဆေးကလည်း မမျှော်လင့်ဘဲကိုယ်ဝန်ရသွားတာမျိုးကို ၉၉ ရာခိုင်နှုန်းအထိကာကွယ်ပေးနိုင်ပါတယ်။

    ဆေးနေ့တိုင်းသောက်ဖို့အတွက် အာရုံမစိုက်မိနိုင်လောက်အောင် အလုပ်များတဲ့ အိမ်ထောင်ရှင်မတွေအတွက် ဒီထိုးဆေးက တော်တော်လေးအဆင်ပြေပါတယ်။ သန္ဓေတားထိုးဆေးတွေကို ဆေးရုံတွေနဲ့ ဆေးခန်းအများစုမှာ လွယ်လင့်တကူထိုးလို့လည်း ရနေပါပြီ။

    ဒီထိုးဆေးက ရာသီသွေးစက်ဝန်းအပေါ် သက်ရောက်နိုင်ပါတယ်။ ရာသီသွေးလုံးဝမဆင်းတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ရာသီသွေးဆင်းများတဲ့ အမျိုးသမီးတွေအတွက်တော့ တော်တော်လေးအဆင်ပြေစေမယ့် နည်းတစ်မျိုးပါ။ ဒါပေမယ့် ထိုးဆေးက အချို့မှာ မအီမသာဖြစ်တာ၊ ခေါင်းကိုက်တာ၊ စိတ်ဓာတ်ကျတာမျိုးတွေခံစားရနိုင်ပါတယ်။ ဆေးလိပ်သောက်တဲ့အမျိုးသမီးတွေမှာ ဘေးထွက်ဆိုးကျိုးတွေက ပိုမိုပြင်းထန်လေ့ ရှိပါတယ်။

    ဆေးရပ်လိုက်ပေမယ့် တစ်နှစ်လောက်ကြာတဲ့အထိ ကလေးရဖို့ နှောင့်နှေးတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မြုံသွားတာတော့ မဟုတ်ပါဘူး။ သန္ဓေတားထိုးဆေးက အရိုးသိပ်သည်းဆကို လျော့နည်းသွားစေပြီး အရိုးပွရောဂါကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတွေအရလည်း သိရပါတယ်။ ဒီနည်းလမ်းက ဆေးထိုးရပ်ပြီး အချိန်အတိုင်းအတာတစ်ခုထိ ကလေးမရနိုင်တာကြောင့် သန္ဓေတားနည်းရပ်ပြီး ချက်ချင်းကိုယ်ဝန်ရချင်သူတွေအတွက် သင့်တော်မှုမရှိပါဘူး။

  • သားအိမ်တွင်းထည့် ပစ္စည်း
  • သားအိမ်တွင်းထည့်ပစ္စည်း IUD ဆိုတာက သေးငယ်တဲ့ ပလပ်စတစ်ပစ္စည်းလေးတစ်ခုဖြစ်ပါတယ်။ သားအိမ်တွင်းထည့် ပစ္စည်းမှာ ဟော်မုန်းပါတာနဲ့ မပါတာ (ကြေးနီ) ဆိုပြီး နှစ်မျိုး ရှိပါတယ်။

    ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့် ပစ္စည်းတွေက levonorgestrel ဟော်မုန်းကို ထုတ်ပေးပြီး သားဥကြွေခြင်းကို တားမြစ်ပါတယ်။

    သားအိမ်တွင်းထည့်ပစ္စည်းရဲ့ ထိရောက်မှုက ၉၉ရာခိုင်နှုန်းကျော်ရှိတာကြောင့် ကိုယ်ဝန် မလိုချင်သေးတဲ့သူတွေအတွက် အလွန် စိတ်ချရပါတယ်။

    သားအိမ်တွင်းထည့်ပစ္စည်းထည့်တဲ့ အခါ တတ်သိနားလည်တဲ့ ဆရာဝန်နဲ့သွားရောက်ပြသပြီးထည့်ရမှာပါ။ သားအိမ်တွင်းထည့် ပစ္စည်းကို ၅ နှစ်ကနေ ၁၀ နှစ်လောက်အထိထည့်ထားလို့ ရပါတယ်။ သားအိမ်တွင်းထည့်ပစ္စည်း ထည့်ထားမယ်ဆိုရင် ကိုယ်ဝန်ရနိုင်ခြေက ၁ ရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။

    ဘေးထွက်ဆိုးကျိုးအနေနဲ့ ကြေးနီပါတဲ့ ပစ္စည်းတွေက ရာသီလာစဉ်မှာ သားအိမ်ကြွက်သားတွေ ပုံမှန်ထက်နာကျင်တာမျိုးတွေ၊ သွေးဆင်းများတာမျိုးတွေ ရှိနိုင်ပါတယ်။

    ဟော်မုန်းပါတဲ့ သားအိမ်တွင်းထည့်ပစ္စည်းက ရာသီစက်ဝန်းရပ်တန့်သွားတာမျိုးအထိ ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် ဒီဆိုးကျိုးတွေဟာ အလွယ်တကူဖြေရှင်းလို့ရပါတယ်။

  • လက်မောင်းထဲထည့်ပစ္စည်း
  • သားဖွားမီးယပ်ဆရာဝန်က လက်မောင်းနေရာကို ထုံဆေးပေးပြီး မီးခြစ်တံအရွယ်အစား ရှိတဲ့ ပျော့ပျောင်းတဲ့ ပစ္စည်းကို လက်မောင်းရဲ့ အရေပြားအောက်ကို ထည့်သွင်းပေးပါတယ်။ လက်မောင်းထဲ ထည့်သွင်းသော ပစ္စည်းဟာ ကိုယ်ဝန်ရရှိမှုကို ၉၉ ရာခိုင်နှုန်းထက်ပိုမို ကာကွယ်ပေးပြီး သုံးနှစ်၊ ငါးနှစ်အထိ အသုံးပြုနိုင်ပါတယ်။

    ထိရောက်တဲ့ သန္ဓေတားနည်းတွေထဲက တစ်ခုပါ။ ဒါပေမယ့် စရိတ်စကတော့ အနည်းငယ်များပါတယ်။ ဒါပေမယ့်  တစ်ခါထည့်ထားပြီးရင်တော့ ပြန်မထုတ်ခင်အချိန်အထိ အာနိသင်ရှိနေပြီး ကိုယ်ဝန်မရရှိအောင် တားဆီးပေးပါတယ်။

    ရာသီစက်ဝန်းကို အနှောင့်အယှက်ဖြစ်စေနိုင်ပြီး အသေးစားဘေးထွက်ဆိုးကျိုးတွေအနေနဲ့ ဝက်ခြံထွက်တာ၊ ရင်သားနာကျင်တာနဲ့ ကိုယ်အလေးချိန်တက်တာမျိုးတွေ ဖြစ်စေနိုင်ပါတယ်။

    လက်မောင်းထဲထည့်တဲ့ပစ္စည်းက ကလေးနို့တိုက်နေစဉ်ကာလအတွင်းမှာလည်း အသုံးပြုနိုင်ပြီး ဆေးလိပ်သောက်သုံးသူတွေ၊ ဆီးချိုဝေဒနာရှင်တွေပါ စိတ်ချလက်ချအသုံးပြုနိုင်ပါတယ်။ ဖယ်ထုတ်လိုက်ပြီးတာနဲ့ အချိန်တိုအတွင်းမှာ ကိုယ်ဝန်ဆောင် ပြန်ဆောင်နိုင်စေပါတယ်။

    Takeaways

    သန္ဓေတားတဲ့ နည်းလမ်းတွေ အများကြီးရှိတဲ့ထဲကမှ အသုံးများဆုံး နည်းလမ်းတွေကို ဖော်ပြထားတာ ဖြစ်ပါတယ်။ အမျိုးသား သုံးရော အမျိုးသမီးသုံးရော ရှိတဲ့အပြင် တချို့ နည်းလမ်းတွေက လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကိုပါ ကာကွယ်ပေးပါတယ်။ သန္ဓေတား နည်းလမ်းတွေက လူတိုင်းနဲ့ သင့်တော်တာမျိုး မဟုတ်တဲ့အတွက် ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ ရွေးချယ်ဖို့ အကြံပြုလိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 26/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement