backup og meta

ရင်သားလှပအောင်ခွဲစိတ် တော့မယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

     ရင်သားလှပအောင်ခွဲစိတ် တော့မယ်ဆိုရင် ဒါတွေသိထားသင့်တယ်နော်

    အမျိုးသမီးတွေအတွက် ရွေးချယ်စရာ အလှအပကုထုံးတွေ အခုခေတ်မှာပေါများလွန်းလို့ ခြေဆုံးခေါင်းဆုံးတောင် ပြင်ပစ်လိုက်လို့ရနေပါပြီ။ ဒီဆောင်းပါးမှာတော့ အခုနောက်ပိုင်းပြုလုပ်သူများလာတဲ့ ရင်သားလှပအောင်ခွဲစိတ် ပြုပြင်မှု (Breast Augmentation) နဲ့ပတ်သက်ပြီး သိသင့်တာလေးတွေ ပြောပြပေးချင်ပါတယ်။

    အမျိုးသမီးတွေက လက်ရှိရင်သားထက် အရွယ်အစားပိုကြီးလာအောင်၊ ပုံပန်းသဏ္ဍာန် ပိုလှလာအောင်နဲ့ ပိုပြီးတင်းရင်းလာအောင် ရင်သားခွဲစိတ်မှုလုပ်ကြပါတယ်။ ခွဲစိတ်တဲ့အခါ ရင်ဘတ်ကြွက်သား ဒါမှမဟုတ် ရင်သားအသားစကြားကို ရင်သားပစ္စည်း(breast implant) ထည့်သွင်းလေ့ရှိပြီး ခွဲစိတ်မှုလုပ်ပြီးရင် (၇) နှစ်ကနေ (၁၂) နှစ်အထိ ခံပါတယ်။

    ဘာ့ကြောင့် ရင်သားလှပအောင်ခွဲစိတ် မှုတွေ  လုပ်ကြတာလဲ

    များသောအားဖြင့်

    • နဂိုကတည်းက ရင်သားအရွယ်အစားသေးနေရင်
    • ကိုယ်ဝန်ရှိလို့၊ ဝိတ်ကျသွားလို့၊ မိခင်နို့တိုက်ကျွေးနေလို့ ပြောင်းလဲသွားတဲ့ ရင်သားပုံစံ၊ အရွယ်အစားကို ပြန်ပြုပြင်ချင်ရင်
    • ရင်သားတစ်ဖက်နဲ့ တစ်ဖက်မညီမညာ ဖြစ်နေတာကို ပြန်ညှိချင်ရင်
    • ခွဲစိတ်ကုသမှုတစ်ခုခုလုပ်ပြီးလို့ ပြောင်းလဲသွားတဲ့ ရင်သားကို နဂိုအတိုင်းပြန်လုပ်ချင်ရင် ရင်သားခွဲစိတ်မှုလုပ်ကြပါတယ်။

    ရင်သားပလတ်စတစ်ခွဲစိတ်မှုမှာ reconstructive surgery (ရင်သားပြုပြင်ခွဲစိတ်ခြင်း) နဲ့ cosmetic surgery (ရင်သားပိုလှပအောင်ခွဲစိတ်ပြုပြင်ခြင်း) ဆိုပြီး ၂ မျိုးပါဝင်ပါတယ်။ ရင်သားကင်ဆာလို ရောဂါတစ်ခုခုကြောင့် ပုံပျက်သွားတဲ့ရင်သားအတွက် reconstructive surgery လုပ်လေ့ရှိပြီး ရှိပြီးသားရင်သားကို ပိုထွားပိုလှချင်တဲ့သူတွေကတော့ cosmetic surgery ကိုရွေးချယ်ကြပါတယ်။

    ရင်သားထဲကို ဘယ်လိုပစ္စည်းတွေ ထည့်သွင်းကြသလဲ

    Breast Implant လို့ခေါ်တဲ့ ရင်သားထဲ ထည့်သွင်းရတဲ့ပစ္စည်း (၃) မျိုးရှိပါတယ်။

    • ဆားရည်အိတ် 

    ဆားရည်ကို ဆီလီကွန်အိတ်ထဲ ထည့်ထားတာဖြစ်ပါတယ်။ လိုချင်တဲ့  ရင်သားအရွယ်အစားပေါ်လိုက်ပြီး အိတ်အကြီးအသေး ရွေးချယ်ထည့်လို့ရပါတယ်။ ထည့်ထားတဲ့ ဆားရည်ပမာဏပေါ်မူတည်ပြီး ရင်သားအကြီးအသေး၊ နူးညံ့မှု ကွဲပြားသွားမှာဖြစ်ပါတယ်။ အကယ်၍ ထည့်သွင်းပြီးမှ ဆားရည်တွေစိမ့်ထွက်လာရင်လည်း ခန္ဓာကိုယ်က ပြန်စုပ်ပစ်နိုင်တာက သူ့ရဲ့အားသာချက်တစ်ခုပါ။

    • ဆီလီကွန်အိတ် 

    ဆီလီကွန်အိတ်ထဲမှာ ဆီလီကွန်ဂျယ်လ် ဖြည့်ထားတာဖြစ်ပါတယ်။ ဒီအိတ်အမျိုးအစားကို ထည့်သွင်းထားတဲ့ အမျိုးသမီးတွေက ရင်သားအနေအထားကို ပြန်စစ်ဆေးဖို့အတွက် ဆရာဝန်နဲ့မှန်မှန်ပြသဖို့လိုပြီး သံလိုက်ဓာတ်မှန် ဒါမှမဟုတ် တယ်လီဗေးရှင်းဓာတ်မှန်လည်း ရိုက်ကူးရနိုင်ပါတယ်။

  • တခြားအိတ်အမျိုးအစားများ
  • ပိုလီယူရီသိန်း၊ ပဲနို့အဆီ ဒါမှမဟုတ် တခြားပစ္စည်းတွေဖြည့်ထားတဲ့ အိတ်တွေလည်း ရှိပါသေးတယ်။ အပေါ်က ၂ မျိုးလောက်တော့ အသုံးမများပါဘူး။

    ရင်သားလှပအောင်ခွဲစိတ် မှု ခံယူခြင်း

    ရင်သားလှပအောင်ခွဲစိတ် ပြုပြင်တာက ခွဲစိတ်မှုတစ်ခုဖြစ်တာကြောင့် မလုပ်ခင်သေချာ စဉ်းစားသင့်ပါတယ်။ ဘာ့ကြောင့်လဲဆိုရင် အားလုံးသော ခွဲစိတ်မှုတွေနည်းတူ သူ့မှာလည်း ဘေးထွက်ဆိုးကျိုးအနည်းငယ် ရှိနိုင်လို့ဖြစ်ပါတယ်။ ခွဲစိတ်မှုမလုပ်ခင် ရင်သားထဲထည့်ချင်တဲ့ ပစ္စည်းအရွယ်အစား၊ အမျိုးအစားကို သေချာရွေးချယ်ရပါမယ်။ ကိုယ်ဝတ်နေကျ ဘရာစီယာနဲ့ ထည့်သွင်းမယ့် ရင်သားပစ္စည်းအရွယ်အစားကို တိုက်ကြည့်ပြီး ဘယ်ဟာနဲ့အဆင်ပြေမလဲဆိုတာ ရွေးချယ်လို့ရပါတယ်။ ရင်သားခွဲစိတ်ပြုပြင်မှု လုပ်တဲ့အခါ လူနာကိုမေ့ဆေးပေးရပါတယ်။

    လူနာရဲ့ခန္ဓာကိုယ်တည်ဆောက်ပုံ၊ ထည့်သွင်းမယ့် ပစ္စည်းအမျိုးအစားနဲ့ လူနာရဲ့ရွေးချယ်မှုအပေါ်မူတည်ပြီး ရင်သားပစ္စည်းကို ရင်သားရဲ့အောက်ဖက်မှာဖြစ်စေ၊ ချိုင်းနားကနေဖြစ်စေ၊ နို့သီးခေါင်းနားကဖြစ်စေ ခွဲစိတ်ထည့်သွင်းလေ့ရှိပါတယ်။

    ဘာဘေးထွက်ဆိုးကျိုးတွေဖြစ်နိုင်လဲ

    ရင်သားခွဲစိတ်ပြုပြင်မှုလုပ်ရင် အများဆုံးဖြစ်နိုင်တဲ့ ဘေးထွက်ဆိုးကျိုးတွေကတော့

    •  ရင်သားနာကျင်ခြင်း
    • မတော်တဆပိုးဝင်ခြင်း
    • ရင်သား၊ နို့သီးခေါင်းတစ်ဝိုက်မှာ အာရုံခံစားမှုအနည်းငယ်ပြောင်းလဲခြင်း
    • ထည့်သွင်းထားတဲ့ ပစ္စည်းမတော်တဆ ပေါက်ထွက်သွားခြင်း၊ ယိုစိမ့်ခြင်း
    • ခွဲစိတ်ထားသောနေရာက သွေးထွက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။

    နောက်ဖြစ်လေ့ရှိတဲ့ ပြဿနာတစ်ခုကတော့ ထည့်သွင်းလိုက်တဲ့ ရင်သားပစ္စည်းနားတစ်ဝိုက် မာကျောလာပြီး ရင်သားပုံစံပြောင်းသွားတာပဲဖြစ်ပါတယ်။ လူနာရဲ့အခြေအနေပေါ်မူတည်ပြီး နောက်တစ်ကြိမ်ခွဲစိတ်မှု ထပ်လုပ်ရနိုင်ပါတယ်။

    ဘယ်ကုသနည်းမဆို ကောင်းကျိုးဆိုးကျိုး အသီးသီးရှိပါတယ်။ ပိုပြီးလှပချင်လို့ ပြုလုပ်ကြတဲ့ ရင်သားခွဲစိတ်မှုလည်း အလားတူပဲမို့ အမျိုးသမီးထုကြီးအတွက် ဗဟုသုတရအောင် အခုလိုရေးသားဖော်ပြလိုက်ရတာပဲဖြစ်ပါတယ်။

    ရေးသားသူ – Dr. Htoo Tint Ko Ko

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 07/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement