backup og meta

မိမိရင်သားကို မိမိကိုယ်တိုင်စစ်ဆေးခြင်း

မိမိရင်သားကို မိမိကိုယ်တိုင်စစ်ဆေးခြင်း

တကယ်လို့ သင်ဟာ ရင်သားကို ဆရာဝန်ကို စစ်ဆေးစေဖို့ ရှက်တယ်ဆိုရင် အိမ်မှာ အလွယ်တကူ စမ်းသပ်နိုင်ပါတယ်။

အောက်ဖေါ်ပြပါနည်းလမ်းနဲ့ ရင်သားအကျိတ်တွေကို စမ်းသပ်နိုင်ပါတယ်။ ပုံမှန်ရင်သား စစ်ဆေးခြင်းဟာ ရင်သားကင်ဆာကို စောစီးစွာတွေ့ရှိဖို့ အရေးကြီးပါတယ်။

အခြားနည်းလမ်းတွေဖြစ်တဲ့ ပုံမှန် mammogram လုပ်ခြင်းနဲ့ ယှဉ်ရင် ကိုယ်တိုင် စမ်းသပ်ခြင်းဟာ အကျိုးရှိမှု ပိုနည်းပါတယ်။ ဒါပေမယ့် သင့်ရင်သားမှာ ပုံမှန်မဟုတ်မှုတွေကို တွေ့ရခြင်းဟာ အသုံးမဝင်ဘူးဆိုတာ မရှိပါဘူး။

ရင်သားကို စမ်းသပ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရာသီလာပြီး ရက်ပေါင်းများစွာ အကြာပဲဖြစ်ပါတယ်။ ဟော်မုန်းပြောင်းလဲမှုတွေဟာ ရင်သားရဲ့ အရွယ်အစားနဲ့ ခံစားမှုတွေကို ပြောင်းလဲနိုင်တာကြောင့် ဖြစ်ပါတယ်။

အကောင်းဆုံးအဖြေကို သိရဖို့အတွက် ရင်သားပုံမှန်ဖြစ်တဲ့ အခြေအနေမှာ စမ်းခြင်းဟာ အကောင်းဆုံး ဖြစ်ပါတယ်။ တစ်လတစ်ခါ ကိုယ်တိုင် စစ်ဆေးသင့်ပါတယ်။ ဒါဟာ ရင်သားမှာ ထူးဆန်းမှုတွေကို အချိန်မီ သတိထားမိနိုင်ပါတယ်။

ရင်သားစစ်ဆေးမှုကို ပြုလုပ်ဖို့ အဆင့်ငါးဆင့်ရှိပါတယ်။

အဆင့် ၁

ခါးအပေါ်ပိုင်းကို အဝတ်မပါပဲ မှန်ရှေ့မှာ မတ်တပ်ရပ်ပါ။ ပုခုံးကို ဆန့်တန်းထားပြီး လက်ကိုဘေးမှာ ချထားကာ ရင်သားတွေကို ကြည့်ပါ။ အောက်ပါအချက်တွေကို ရှာဖွေသင့်ပါတယ်။

  • အရွယ်အစား၊ ပုံစံ၊ အရောင် ပြောင်းလဲမှုများ
  • ရင်သားပုံစံ
  • နို့သီးခေါင်း အတွင်းချိုင့်ဝင်ခြင်း
  • အရေပြား ယားယံခြင်း၊ နာခြင်း၊ ချိုင့်ဝင်ခြင်း
  • ရှုံ့ခြင်း

အဆင့် ၂

ပြီးရင်တော့ လက်မြှောက်ပြီး အထက်ပါ ပြောင်းလဲမှုတွေကို ပြန်ကြည့်ပါ။

အဆင့် ၃

မှန်ရှေ့မှာ မတ်တပ်ရပ်နေစဉ် နို့သီးခေါင်း တစ်ဖက် (သို့) နှစ်ဖက်လုံးမှ ထွက်လာတဲ့ အရည်တွေရှိမရှိ ကြည့်ပါ။ ဒီအရည်တွေဟာ အကြည်၊ နို့ရောင်၊ အဝါရောင်၊ သွေးရောင် ဖြစ်နိုင်ပါတယ်။

အဆင့် ၄

လဲလျောင်းနေစဉ် ရင်သားကို စစ်ဆေးပါ။ လက်ချောင်းတွေနဲ့ စစ်ဆေးသင့်ပြီး လက်ထိပ်နဲ့ မစစ်ဆေးသင့်ပါဘူး။ လက်ချောင်းတွေကို ပြားအောင်ထားပြီး စုထားပါ။ စက်ဝိုင်းပုံ လှည့်ပြီး စစ်ဆေးသင့်ပါတယ်။ ရေချိုးစဉ် နောက်တစ်ကြိမ်စစ်ဆေးသင့်ပါတယ်။ အရေပြားဟာ စိုပြီး ချောမွေ့နေစဉ်မှာ စမ်းသပ်ရပိုလွယ်ကူပါတယ်။

ရင်သားတစ်ခုလုံးကို အပေါ်မှအောက်၊ ဘေးဘက် အကုန်လုံးကို စမ်းသပ်ပါ။ ရင်ညွန့်ရိုးကနေ ဝမ်းဗိုက်အပေါ်အထိ၊ ချိုင်းကနေ ရင်ဘတ်အခွဲအထိ စမ်းပါ။ ရင်သားတစ်ရှူးဟာ အထက်ပါ နေရာတွေအထိ ရောက်နိုင်ပါတယ်။

ရင်သားတစ်ခုလုံးကို ပြည့်စုံအောင် စမ်းပါ။ နို့သီးခေါင်းကနေ စတင် စမ်းသပ်နိုင်ပြီး ရင်သားရဲ့ အပြင်အစွန်းရောက်တဲ့အထိ ကြီးမားတဲ့ စက်ဝိုင်းပုံစံနဲ့ စမ်းသပ်နိုင်ပါတယ်။ လက်ချောင်းတွေကိုအပေါ်အောက် လှုပ်ရှားပြီး မြက်ရိတ်တဲ့ ပုံစံနဲ့လည်း စမ်းသပ်နိုင်ပါတယ်။

ဒီလို အပေါ်အောက် စမ်းသပ်ခြင်းဟာ အမျိုးသမီး အများစုအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ရင်သားရဲ့ အရှေ့ကနေ အနောက်တစ်ရှူးတွေအထိ သေချာ စမ်းသပ်ပါ။ အရေပြားနဲ့ အောက်က တစ်ရှူးတွေအတွက် အနည်းငယ် ဖိစမ်းနိုင်ပြီး ရင်သားအလယ်ပိုင်းအတွက်တော့ ဖိအားကို အလယ်အလတ် သုံးသင့်ပါတယ်။

ပိုနက်တဲ့ တစ်ရှူးတွေအတွက်တော့ သေချာဖိစမ်းသင့်ပါတယ်။ နက်တဲ့ တစ်ရှူးတွကို ရောက်ပြီဆိုရင် နံရိုးအိမ်ကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

အဆင့် ၅

နောက်ဆုံးမှာတော့ နို့သီးခေါင်း အရည်ထွက်ခြင်း ရှိမရှိ သိရအောင် ညှစ်ကြည့်သင့်ပါတယ်။

ပြောင်းလဲမှုတွေ အကုန်လုံးက ကင်ဆာမဟုတ်ပါဘူး။ ဒါပေမယ့် ရင်သားမှာ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုတွေ တွေ့ရှိတိုင်း ဆရာဝန်နဲ့ အတတ်နိုင်ဆုံးစောစော ပြသသင့်ပါတယ်။

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Breast Self-Exam. http://www.healthline.com/health/breast-lump-self-exam – BreastSelf-ExamOverview1 . Accessed on 13 October, 2016
The Five Steps of a Breast Self-Exam. http://www.breastcancer.org/symptoms/testing/types/self_exam/bse_steps Accessed on 13 October, 2016
Should You Do a Breast Self-Exam?. http://www.webmd.com/breast-cancer/guide/breast-self-exam Accessed on 13 October, 2016

ယခုပုံစံ

23/06/2022

Dr . Phyu Mon Latt မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လေဒီတို့အတွက် ဗိုက်အဆီကျစေမယ့် လေ့ကျင့်ခန်း (၅) ခု

အမျိုးသမီးဖြစ်ရခြင်းရဲ့ ကျန်းမာရေးကောင်းကျိုးတွေက ဘာတွေလဲ!



Dr . Phyu Mon Latt မှ ရေးသားသည်။ · 23/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement