brand logo
Discover
Health Tools
Communities

Share

အသည်းကင်ဆာ ဓါတ်ရောင်ခြည်ကုသမှု

အသည်းကင်ဆာဟာ အသည်းထဲမှာ ရှိတဲ့ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေဟာ သူတို့ရှိရမယ့်နေရာထက်ပိုပြီး လျင်မြန်စွာ ပွားခြင်းကြောင့် ဖြစ်လာခြင်းဖြစ်ပါတယ်။ လူအချို့က အသည်းကင်ဆာကို ကုသဖို့အတွက်နဲ့ နာကျင်မှု ဖြစ်ပေါ်စေတဲ့ ဖိအားကို သက်သာစေဖို့ ဓါတ်ရောင်ခြည်ကုသမှုကို ရွေးချယ်ကြပါတယ်။

အသည်းကင်ဆာ ဓါတ်ရောင်ခြည်ကုသမှု

ဓါတ်ရောင်ခြည်ကုသမှု ဆိုတာဘာလဲ။

ဓါတ်ရောင်ခြည်ကုသမှု ဟာ ပစ်မှတ်ထားတဲ့ စွမ်းအင်တွေ (ဥပမာ X-rays၊ ရေဒီယိုသတ္တိကြွပစ္စည်း) ကို အသုံးပြုပြီး ကင်ဆာဆဲလ်တွေကို သတ်ဖို့၊ အကျိတ်ကို ကျုံ့သွားစေဖို့နဲ့ ကင်ဆာနဲ့ဆက်စပ်နေတဲ့ လက္ခဏာတွေကို လျော့ကျစေဖို့ အသုံးပြုကြပါတယ်။ သူ့ကို အောက်ပါအချက်တွေမှာလည်း သုံးနိုင်ပါတယ်။

  • ကင်ဆာဆဲလ်တွေကို ဖျက်ဆီးဖို့ အဓိက ကုသမှု အဖြစ်
  • ကင်ဆာဆဲလ် ဖြစ်ပေါ်ခြင်းကို တားမြစ်ဖို့အတွက် အခြားကုသမှုတွေနဲ့ ပေါင်းစပ်ကုသခြင်း
  • အကျိတ်ကို ကျုံ့သွားစေဖို့ အခြားကုသမှုတစ်ခု မစတင်မီ
  • ကျန်နေတဲ့ ကင်ဆာဆဲလ်တွေ ပွားလာခြင်းကို တားမြစ်ဖို့ အခြားကုသမှု အပြီး
  • ကင်ဆာလက္ခဏာတွေ သက်သာစေဖို့ အသုံးပြုကြပါတယ်။
  • ဓါတ်ရောင်ခြည်ကုသမှု ကို သုံးမျိုး ခွဲခြားနိုင်ပါတယ်။

    • External Beam radiation therapy

    ဓါတ်ရောင်ခြည်ကို ကိုယ်ခန္ဓါ အပြင်ဘက်က စက်မှတစ်ဆင့် ကိုယ်ခန္ဓါ အတွင်းရှိ ကင်ဆာဆဲလ်တွေကို ချိန်ပြီး အသုံးပြုခြင်း ဖြစ်ပါတယ်။ (ဥပမာ 3D conformal radiation therapy၊ IMRT၊ IGRT၊ TomoTherapy၊ stereotactic radiosurgery)

    • Internal radiation therapy

    ရေဒီယိုသတ္တိကြွ ပစ္စည်းကို (ပြွန်မှတစ်ဆင့်) အကျိတ်ထံတိုက်ရိုက် (သို့) အကျိတ်နားသို့ ပေးခြင်း ဖြစ်ပါတယ်။ (high-dose rate brachytherapy)

    • Systemic radiation therapy

    ရေဒီယိုသတ္တိကြွ ပစ္စည်းဟာ (မြိုချခြင်း၊ ကိုယ်ခန္ဓါ အတွင်း ထိုးထည့်ခြင်းဖြင့်) ကင်ဆာဆဲလ်တွေ တည်နေရာ သိရှိပြီ ဖျက်ဆီး ပစ်ဖို့ သွေးတစ်လျှောက် သွားခြင်းပဲ ဖြစ်ပါတယ်။ (ဥပမာ ရေဒီယိုသတ္တိကြွအိုင်အိုဒင်းကုထုံး)

    ဘယ်နေရာမှာနဲ့ ဘယ်အချိန်မှာ ကုသမှု ခံယူသင့်သလဲ။

    External radiotherapy ကုသမှုကို ဆေးရုံမှာ ခံယူသင့်ပါတယ်။ ပထမဆုံးဖြစ်တဲ့ အသည်းကင်ဆာတွေတွက် သင့်မှာ ပြုလုပ်သင့်တဲ့ ကုသမှု တွေ ရှိပါတယ်။ သင်ဟာ ကုသမှုတစ်ခုအတွက် ဆေးရုံမှာ ရက်အနည်းငယ် (သို့) ရက်သတ္တပတ် အနည်းငယ်အထိ နေရနိုင်ပါတယ်။

    ကုသမှုအတွက် ဘာတွေ စီစဉ် သင့်သလဲ။

    ကုသမှု မပြုလုပ်ခင်မှာ external beam radiotherapy ကို သေချာစီစဉ်ဖို့ အရေးကြီးပါတယ်။ ဆရာဝန်နဲ့ တွေ့ရှိခြင်းဟာ အချိန် ၁၅ မိနစ်ကနေ ၂ နာရီအထိ ကြာမြင့်နိုင်ပါတယ်။ ကင်ဆာရောဂါကို ကုသဖို့ ဘယ်လောက် ဓါတ်ရောင်ခြည် လိုအပ်လဲဆိုတာနဲ့ ဘယ်နေရာမှာ ကုသဖို့လိုတာလဲဆိုတာတွေကို ဆုံးဖြတ်ဖို့ အရေးကြီးပါတယ်။

    ကင်ဆာနဲ့ သူ့ရဲ့ တည်နေပုံတွေကို သိရှိနိုင်ဖို့ CT scan (ကွန်ပျူတာဓါတ်မှန်) ရိုက်ရပါလိမ့်မယ်။ ကုသမှုလိုအပ်တဲ့နေရာကို ဖေါ်ပြထားပြီး ဓါတ်မှန်ကုတင် ပေါ်မှာ လှဲနေရမှာ ဖြစ်ပါတယ်။ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေဟာ သင့်အရေပြားကို အမှတ်မှတ်မှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ ငြိမ်သက်စွာနေဖို့ အရေးကြီးပါတယ်။ ပုံစံမှန်ပြီဆိုတာနဲ့ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေဟာ ကုတင်အပြား ကို လူခန္ဓါကိုယ်ကို ဖတ်တဲ့ ဒိုးနတ်ပုံ စက်ကိရိယာထဲကို ဖြည်းဖြည်းချင်းသွင်းလိုက်မှာ ဖြစ်ပါတယ်။ ပြီးရင်တော့ သူတို့တွေဟာ အခန်းအပြင်ထွက်မှာ ဖြစ်ပြီး စစ်ဆေးမှု စတင်မှာ ဖြစ်ပါတယ်။ စစ်ဆေးမှုဟာ နာကျင်မှု မရှိပဲ ငါးမိနစ်လောက် ကြာမြင့်နိုင်ပါတယ်။ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေက ကင်မရာမှတစ်ဆင့် အနီးကပ် စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

    သင်ဟာ အခြားစစ်ဆေးမှုတွေ ဖြစ်တဲ့ သံလိုက်ဓါတ်မှန် (MRI) သို့ PET scan တွေ လိုအပ်နိုင်ပါတယ်။

    မှင်အမှတ်အသား

    ဓါတ်ရောင်ခြည်ကုသမှု မစတင်မီ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေဟာ သင့်အရေပြားပေါ်မှာ အမှတ်မှတ်ပြီး ကုသမယ့်နေရာကို အတိအကျ သိရှိအောင် ပြုလုပ်မှာ ဖြစ်ပါတယ်။ သူတို့ဟာ ပင်အပ်အရွယ်အစားရှိတဲ့ ဆေးမှင်အမှတ်အသားတွေကိုလည်း ဒီနေရာမှာ ပြုလုပ်နိုင်ပါတယ်။

    သင့်ကုသမှု အစီအစဉ်ကို အဆုံးသတ်ဖို့အတွက် ဆရာဝန်က အချိန်ယူဖို့ လိုအပ်တာကြောင့် ကုသမှု မစတင်မီ နှစ်ပတ်လောက် စောင့်ရနိုင်ပါတယ်။

    ဓါတ်ရောင်ခြည်ကုသမှု ခံယူခြင်း

    ဓါတ်ရောင်ခြည်ကုသတဲ့ စက်တွေဟာ ကြီးမားပြီး တစ်နေရာထဲမှာ အသေတပ်ထားခြင်း (သို့) ကုသမှုတွေ ပုံစံအမျိုးမျိုးနဲ့ ပေးနိုင်ဖို့ ကိုယ်ခန္ဓါကို လှည့်နိုင်ခြင်း တွေ ရှိနိုင်ပါတယ်။ ပထမဦးဆုံး ကုသမှု မစတင်မီ ဓါတ်မှန်ကျွမ်းကျင်ပညာရှင် တွေဟာ သင်ဘာတွေ မြင်ရမယ်၊ ကြားရမယ်ဆိုတာကို ရှင်းပြပေးမှာ ဖြစ်ပါတယ်။

    သင်ဟာ external radiotherapy ကုသမှု ခံယူရုံနဲ့ ရေဒီယိုသတ္တိမကြွနိုင်ပါဘူး။ ဒါဟာ ကလေးတွေအပါအဝင် ကုသမှုတစ်လျှောက်မှာ အခြားလူတွေအတွက်ပါ စိတ်ချရပါတယ်။

    ဓါတ်ရောင်ခြည်ကုသမှုဟာ ၁၅ မိနစ်ကနေ မိနစ် ၃၀ အထိ ကြာမြင့်နိုင်ပါတယ်။ ကုသမှု ခံယူစဉ်မှာ ထူးဆန်းတဲ့အရာတွေကို ခံစားရမှာ မဟုတ်ပါဘူး။ တစ်ချိန်လုံး တစ်ပုံစံတည်း နေဖို့အရေးကြီးပါတယ်။ တိကျတဲ့ ပုံစံတစ်ခုမှာ ရှိနေမှသာ ဝန်ထမ်းတွေဟာ အခန်းထဲက ထွက်သွားပြီး သင့်ကို တစ်ယောက်တည်း ထားခဲ့မှာ ဖြစ်ပါတယ်။ သူတို့ဟာ အလုံပိတ် တီဗွီဖန်သားပြင် မှတစ်ဆင့် သင့်ကို သေချာစွာ စောင့်ကြည့်နေမှာ ဖြစ်ပါတယ်။

    ဘေးထွက်ဆိုးကျိုးများ

    ဓါတ်ရောင်ခြည်ပမာဏ အနည်းငယ်ကို လက္ခဏာတွေ ထိန်းချုပ်ဖို့အတွက် အသုံးပြုခြင်းဟာ ဘေးထွက်ဆိုးကျိုးတွေကို မဖြစ်စေပါဘူး။ အသည်းဟာ အစာအိမ်နဲ့ အူတွေ ဘေးမှာရှိတာကြောင့် ဓါတ်ရောင်ခြည်ကုသမှုဟာ ဖျားနာခြင်း၊ ဝမ်းလျှောခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒီဘေးထွက်ဆိုးကျိုးတွေကို သက်သာစေမယ့် ဆေးတွေ ရှိပါတယ်။

    ဓါတ်ရောင်ခြည်ကုသမှုဟာ ပင်ပန်းနွမ်းနယ်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။ ဒါဟာ ကုသမှု အဆုံးသတ်ခါနီးမှာ ပိုဆိုးလာတတ်ပါတယ်။ ကုသမှုအပြီး ရက်နည်းငယ် (သို့) ရက်သတ္တပတ်အနည်းငယ်အထိ ပိုမို ပင်ပန်းနွမ်းနယ်ခြင်းကို ခံစားရနိုင်ပါတယ်။

    အသည်းကင်ဆာ လူနာတွေမှာ ကုသနိုင်တဲ့ ဓါတ်ရောင်ခြည်ကုသမှု တွေကတော့ External beam radiation therapy၊ internal radiation therapy၊ systemic radiation therapy တွေပဲဖြစ်ပါတယ်။ ဓါတ်ရောင်ခြည်ကုသမှု တစ်မျိုးစီဟာ ကောင်းကျိုးဆိုးကျိုးတွေရှိတာမို့ အသေးစိတ်ကို သိရှိဖို့ ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Translated by Phyu Mon latt

    Dr. K Zin Thwe
    Reviewed by Dr. K Zin Thwe · · · Written by Dr . Phyu Mon Latt · Updated 10/01/2022

    Was this article helpful?