backup og meta

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေရတဲ့ဘဝလား

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေရတဲ့ဘဝလား

ဆောင်းတွင်းရောက်ပြီဆို Facebook လိုမျိုး လူမှုကွန်ယက်မှာ ချစ်သူရည်းစားမရှိတဲ့ လူပျို၊ အပျိုလေးတွေ အမြဲတင်ဖြစ်နေကျတော့ ဒီစာလေးတစ်ကြောင်းကို မှတ်မိကြမယ်ထင်ပါတယ်။ အဓိကကတော့ နှုတ်ခမ်းတွေ ကွဲခြောက်နေတဲ့အကြောင်းရယ်၊ ချစ်သူရည်းစားမရှိလို့ လိုချင်တဲ့အကြောင်းရယ်ကို ရောပြီးတင်ကြတာပေါ့ဗျာ။ ရုတ်တရက်ကြည့်ရင်တော့ မှန်တယ်လို့ ထင်ရပေမယ့် ကျန်းမာရေးရှုထောင့်အရတော့ တော်တော်လေးကို မှားနေတဲ့ စာကြောင်းတစ်ကြောင်းပဲဗျ။

ဘာကြောင့် မှားတယ်လို့ ပြောရတာလဲ။

နှုတ်ခမ်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုသည် နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ သပ်လို့၊ လျက်နေတာကြောင့်ပါပဲ။ နှုတ်ခမ်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အရေပြားတွေလိုမျိုး သဘာဝအဆီလည်း မထွက်ပါဘူး။ စိုထိုင်းမှုတစ်ခုတည်းဖြင့်သာ နှုတ်ခမ်းခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။

လူရဲ့ တံတွေးထဲမှာ အက်ဆစ်ဓာတ်တွေ၊ ဘက်တီးရီးယားပိုးတွေ ပါဝင်တဲ့အတွက် နှုတ်ခမ်းကို အမြဲတမ်းလျက်နေတဲ့အခါ ပါးစပ်ထဲက တံတွေးတွေက နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းရဲ့ စိုထိုင်းမှုကိုပါ ခမ်းခြောက်စေနိုင်ပါတယ်။ ဒါကြောင့်လည်း နှုတ်ခမ်းခြောက်လို့ လျှာနဲ့ များများလျက်လေ၊ နှုတ်ခမ်းက ပိုခြောက်ပြီး ကွဲလာဖို့ပဲ ကျန်တော့တာပေါ့။

နမ်းတာလည်း အတူတူပါပဲ။ သူစိမ်းတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ စုပ်ယူနမ်းရှုံ့နေရတဲ့အခါ ကိုယ့်ပါးစပ်ထဲက တံတွေးရော၊ ကိုယ့်ချစ်သူရဲ့ တံတွေးတွေပါ နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းကို ပိုပြီးတော့တောင် ခြောက်သွေ့ကွဲအက်စေနိုင်ပါတယ်။ ဒီတော့ နမ်းရမယ့်သူမရှိလို့ဆိုပြီး အရမ်းတော့ အထီးမကျန်စေချင်ပါဘူးနော်။

တခြားဘာအကြောင်းကြောင့် နှုတ်ခမ်းတွေ ကွဲခြောက်နိုင်သေးလဲ။

  • ဆောင်းရာသီလိုမျိုး ခြောက်သွေ့အေးမြတဲ့ လေထုတွေ
  • ဗီတာမင် အေ ဓာတ် အားနည်းတာ
  • ကင်ဆာကုထုံး ကုသမှုခံယူနေတာ
  • သောက်ဆေးတချို့ရဲ့ ဘေးထွက်ဆိုးကျိုးတွေ
  • နှုတ်ခမ်းအလှအပကို သေချာဂရုမစိုက်ဘဲ ပစ်ထားတာတွေကြောင့်လည်း နှုတ်ခမ်း ကွဲပြီးခြောက်နိုင်ပါတယ်။

နှုတ်ခမ်းတွေ ခြောက်တတ်သူတွေအတွက် အသုံးဝင်မယ့် အိမ်တွင်းနည်းလမ်းကောင်းများ

၁။ ရေများများသောက်ပါ။

ရေပုံမှန်သောက်ပေးတဲ့အခါ နှုတ်ခမ်းရဲ့ အတွင်းသားကို အေးမြစေပြီး ရေဓာတ်ဖြည့်တင်းပေးတယ်။ ရေဓာတ်ဟာ အရေပြားကို ခြောက်သွေ့ကြမ်းတမ်းစေခြင်း၊ အိုမင်းရင့်ရော်ခြင်းကိုလည်း ကာကွယ်ပေးနိုင်ပြီး အရေပြားဆဲလ်အသစ်တွေ ထုတ်လုပ်နိုင်စွမ်းကိုလည်း မြှင့်တင်ပေးနိုင်ပါတယ်။ ရေကို တစ်နေ့ ၂-၃ လီတာ အနည်းဆုံး သောက်ပေးဖို့တော့ လိုပါမယ်။

၂။ နှုတ်ခမ်းကို ဘာမှမလိမ်းဘဲ မပစ်ထားပါနဲ့။

တစ်ကိုယ်လုံးကို အစိုဓာတ်ထိန်းခရင်မ်တွေ၊ နေလောင်ကာခရင်မ်တွေ၊ Body Lotion တွေ လိမ်းပြီး အသားအရေထိန်းသိမ်းသလိုပါပဲ၊ နှုတ်ခမ်းကိုလည်း လိုအပ်တဲ့ အစိုဓာတ်ရရှိအောင် Lip Balm တွေ လိမ်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနီအမြဲလိမ်းနေရတဲ့ မိန်းကလေးတွေ Lip Balm ကို အောက်ကနေ တစ်ထပ်အရင်လိမ်းပေးပြီးမှ ကိုယ်ကြိုက်တဲ့ နှုတ်ခမ်းနီကို အပေါ်ကနေ ပြန်ဆိုးပေးခြင်းဖြင့် နှုတ်ခမ်းခြောက်သွေ့ခြင်းမှ ကာကွယ်ပေးနိုင်သလို နှုတ်ခမ်းနီအရောင်ကိုလည်း ပိုပြီးထင်ဟပ်ပေါ်လွင်စေနိုင်ပါတယ်။

ကြင်နာသူမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေရတဲ့ဘဝကို ဘယ်လိုလုပ်ရမလဲ

၃။ အချဉ်ဓာတ်ပါဝင်တဲ့ အသီးတွေ များများစားပေးပါ။

ဗီတာမင်စီ ကြွယ်ဝပြီး အရည်ရွှမ်းတဲ့ အသီးအနှံများဖြစ်တဲ့ စတော်ဘယ်ရီသီး၊ လိမ္မော်သီး၊ သံပရာသီး၊ သံပရိုသီး၊ စပျစ်သီး စတဲ့ အသီးအနှံတွေကို ဆောင်းတွင်းကာလမှာ များများစားပေးပါ။ ဗီတာမင်စီဓာတ်သည် အသားအရေကိုလည်း အစိုဓာတ်ဖြည့်တင်းပေးနိုင်သလို ကိုယ်ခံအားစနစ်ကိုလည်း မြှင့်တင်ပေးနိုင်လို့ ဖျားနာခြင်းကင်းပြီး ရောဂါပိုးမွှားတွေကို ကောင်းစွာ တိုက်ထုတ်ပေးနိုင်မှာပါ။

၄။ ရေအေးဖြင့်သာ ရေချိုးပေးပါ။

ဆောင်းရာသီမှာ ရာသီဥတုအေးတော့ လူတော်တော်များများက ရေချိုးရမှာ ပျင်းသလို၊ ရေချိုးတဲ့အခါမှာလည်း ရေပူနဲ့ ရေချိုးကြတာ များပါတယ်။ ရေပူနဲ့ရေချိုးပေးရင် ရနိုင်တဲ့ ကောင်းကျိုးတွေလည်း ရှိတယ်ဆိုပေမယ့် အသားခြောက်တတ်သူတွေ၊ နှုတ်ခမ်းအမြဲခြောက်ပြီး အက်ကွဲနေသူတွေအတွက်တော့ ရေပူနဲ့ ချိုးတာကို တတ်နိုင်သလောက်ရှောင်ပြီး ရေအေးနဲ့သာ ချိုးပေးသင့်ပါတယ်။ အကယ်လို့ ရေအေးမဟုတ်ဘဲ ရေကျက်နွေးနဲ့ ချိုးမယ်ဆိုလည်း ရပါတယ်။ ရေချိုးချိန်ကို နာရီဝက်ထက် မပိုစေဖို့သာ သေချာဂရုစိုက်ပေးပါ။

ရည်းစားမရှိလို့ဆိုပြီး အားငယ်နေကြတဲ့ ဆင်ဂယ်လေးတွေလည်း သိပ်ပြီး အားမငယ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်တယ်ဆိုတာ ရည်းစားမရှိလို့ ခြောက်တာမဟုတ်ဘဲ ကိုယ့်ဘာသာ လျှာနဲ့ ခဏခဏသပ်နေလို့၊ ရေများများမသောက်လို့၊ ဆောင်းရာသီကြောင့်မို့လို့သာ ဖြစ်ရတာပါ။

Hello ဆရာဝန် ပရိတ်သတ်ကြီးလည်း ကျန်းမာပျော်ရွှင်ပြီး စိတ်ချမ်းသာစရာကောင်းတဲ့ ဘဝနေ့ရက်များကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.everydayhealth.com/skin-and-beauty/home-remedies-for-chapped-lips.aspx

https://www.mayoclinic.org/diseases-conditions/dry-skin/expert-answers/chapped-lips/faq-20057819

ယခုပုံစံ

06/12/2021

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

အိမ်မှာနေရင်း နှုတ်ခမ်းသားကို ပန်းသွေးကြွအောင် ဘယ်လိုထိန်းသိမ်းမလဲ

နှုတ်ခမ်းခြောက်စေတဲ့ အလေ့အထ ငါးခု


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Htet Htet Zaw Win


Ye Myo Myat မှ ရေးသားသည်။ · 06/12/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement