backup og meta

ညိုချောလေးနဲ့ပျိုမေတွေ ဆောင်းရာသီမှာ ခုလိုအသားအရေထိန်းသိမ်းကြမယ်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ညိုချောလေးနဲ့ပျိုမေတွေ ဆောင်းရာသီမှာ ခုလိုအသားအရေထိန်းသိမ်းကြမယ်

    “ညိုသူချော၊ ဖြူသူလှ” ဆိုတဲ့စကား ကြားဖူးကြမှာပါ။ အာရှလူမျိုးတွေရဲ့ စံနှုန်းမှာက ဖြူတဲ့သူကိုမှ လှတယ်၊ ဒါကြောင့် လူတိုင်းအသားဖြူဖို့ လိုတယ်လို့ တရားသေ သတ်မှတ်ထားတတ်ကြပေမဲ့ လူတိုင်းမှာ ကိုယ့်အသားအရောင်ပေါ် မူတည်ပြီး မတူညီစွာ လှပတဲ့ အလှတရားကိုယ်စီ ရှိတတ်ကြပါတယ်။ အဓိကကတော့ ကိုယ့်အသားအရောင်၊ အသားအရေအမျိုးအစား၊ အပြင်က ရာသီဥတုအခြေအနေပေါ် မူတည်ပြီး အသားအရေထိန်းသိမ်းတဲ့နည်းလမ်းတွေကို သိထားဖို့ပဲ လိုပါတယ်။ ဒါဆို ခုဆောင်းပါးလေးမှာ အသားညိုညက်ညက်လေးနဲ့ လှချင်တဲ့ပျိုမေတွေအတွက် ဆောင်းရာသီမှာ ဘယ်လို အသားအရေထိန်းသိမ်းကြမလဲ၊ အသားအရေမပျက်စီးအောင် ဘယ်လိုဂရုစိုက်သင့်လဲဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

    အသားညိုခြင်းရဲ့ ကောင်းကျိုးနဲ့ ပြစ်ချက်တွေ

    အသားညိုတဲ့သူတွေက ဖြူတဲ့သူတွေထက်စာရင် နေရောင်ခြည်ဒဏ်ကြောင့် ထိခိုက်ပျက်စီးခံရတာ အဖြစ်နည်းပါတယ်။ အဓိကကတော့ အသားအရောင်ကို စွန်းထင်စေတဲ့ မယ်လနင်ဓာတ်တွေကို ကိုယ်ခန္ဓာက အများအပြားထုတ်လုပ်ပေးနေတာကြောင့်ပါပဲ။ ဒီမယ်လနင်ဓာတ်က အသားအရောင်ကို အဖြူရောင်ကနေ အဝါရောင်၊ လိမ္မော်ရောင်၊ အညိုရောင်၊ အနက်ရောင်တွေထိ ပြောင်းလဲပေးနိုင်ပါတယ်။ အသားအရောင်က နက်လာလေလေ နေရောင်ခြည်နဲ့ ခရမ်းလွန်ရောင်ခြည်ဒဏ်ကို ပိုပြီးကာကွယ်ပေးနိုင်လေလေပါပဲ။ အဲ့တော့ နွေရာသီလို ပူတဲ့အချိန်တွေအတွက်က သိပ်ပြဿနာမရှိပေမဲ့ ဆောင်းရာသီလို အေးပြီး ခြောက်သွေ့တဲ့ ရာသီမျိုးမှာကျ နည်းနည်း ပြဿနာရှိနိုင်တာပေါ့။

    နဂို အသားအရောင်က ညိုနေတဲ့အခါ ပတ်ဝန်းကျင်ရဲ့ အအေးဒဏ်ကြောင့် အသားပပ်၊ အသားခြောက်လာရင် အသားအရေပေါ်မှာ ထင်းကနဲ ပေါ်နေတတ်ပါတယ်။ ဒါ့အပြင် အသားညိုတဲ့သူတွေက ဖြူတဲ့သူတွေနဲ့ ယှဉ်လိုက်ရင် ကိုယ့်ရဲ့ အသားအရေကို သိပ်ပြီး ဂရုစိုက်တာမျိုး မလုပ်ကြပါဘူး။ အဲ့တော့ အရေပြားပြဿနာတွေဖြစ်လာတဲ့အခါ တခြားသူတွေနဲ့ ဖြစ်ပုံခြင်းတူနေရင်တောင် ပိုဆိုးသွားတတ်ပါတယ်။

    ဒါဆို ညိုချောလေးတွေအတွက် ခုဆောင်းရာသီမှာ ဘယ်လို အသားအရေထိန်းသိမ်းကြမလဲ။

    ၁။ မျက်နှာသစ်ဆပ်ပြာတွေကို အပျော့စားပဲ သုံးပါ။ ကိုယ့်အသားအရေအမျိုးအစားပေါ် မူတည်ပြီး အဆီပြန်တတ်တဲ့သူတွေဆိုရင် “For Oily Skin” အသားခြောက်တဲ့သူဆိုရင် “For Dry Skin” ဆိုပြီး ဆပ်ပြာမှာပါတဲ့ အညွှန်းကို သေချာဖတ်ပြီးမှ ရွေးချယ်ဝယ်ယူပါ။

    ၂။ မျက်နှာသစ်ပြီးတာနဲ့ အစိုဓာတ်ထိန်းခရင်မ် (Moisturizer) ကို အမြန်လိမ်းပါ။ အသားညိုလို့ဆိုပြီး အစိုဓာတ်မလိုအပ်ဘူးလို့ မထင်ပါနဲ့။ လူတိုင်းရဲ့ အရေပြားက အစိုဓာတ်မရှိရင် ခြောက်ကပ်ကပ်နဲ့ သိပ်ကြည့်ရဆိုးပါတယ်။ အထူးသဖြင့် မိန်းကလေးတွေပေါ့။ ဆောင်းရာသီမှာ ခြောက်သွေ့အေးမြတဲ့ လေတွေ အမြဲတိုက်နေတဲ့အပြင် လူတွေကလည်း ရေသောက်နည်းသွားတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်နဲ့ အစိုဓာတ်ဆုံးရှုံးမှုဖြစ်ပြီး အသားပပ်တတ်တာ သဘာဝပါပဲ။ ဒါကို ကာကွယ်ဖို့ အစိုဓာတ်ထိန်းခရင်မ် ကောင်းကောင်းနဲ့ အမြဲ အသားအရေကို အစိုဓာတ်ထိန်းထားဖို့ လိုပါတယ်။

    ၃။ အိမ်မှာနေရင် အစိုဓာတ်ထိန်းစက် (Humidifier) ကို ဖွင့်ထားပြီး အိမ်တွင်းလေထုကို အစိုဓာတ်၊ ရေဓာတ်ပြည့်နေစေဖို့၊ ခြောက်သွေ့ခြင်းမရှိစေဖို့ ထိန်းထားပေးပါ။

    ၄။ အပြင်ထွက်တော့မယ်ဆိုရင် မျက်နှာနဲ့ နေရောင်ခြည်ထိနိုင်တဲ့ လည်ပင်း၊ လက်၊ ခြေထောက်တွေကို Sunscreen လိမ်းပေးပါ။ ခါးပေါ် ချက်ပေါ် အကျီအတိုတွေ ဝတ်တတ်တဲ့ ပျိုမေလေးတွေဆိုရင် ဝမ်းဗိုက်ကိုပဲ လိမ်းပေးဖို့ လိုပါတယ်။

    အသားညိုလို့ နေရောင်ခြည်ဒဏ်ခံရင် မသိသာဘူးလို့ မထင်လိုက်ပါနဲ့။ ညိုတဲ့သူတွေလည်း မကြာခဏ နေရောင်ထဲ အကာအကွယ်မပါဘဲ ထွက်ရင် အသားအရေထိခိုက်ပျက်စီးနိုင်ပါတယ်။ ဒါပေမယ့် နဂိုအသားအရောင်က နေရောင်ခြည်ဒဏ်ကို ကာကွယ်ပေးနိုင်သေးတဲ့အတွက် SPF 15 လောက် အနည်းဆုံးပါတဲ့ Sunscreen လိမ်းရင် လုံလောက်ပါတယ်။

    ၅။ လက်၊ ခြေထောက်တွေကို အစိုဓာတ်ထိန်းခရင်မ် ဒါမှမဟုတ် ရှားစောင်းလက်ပပ်၊ ပျားရည် ပါဝင်တဲ့ Body Lotion နဲ့ ၄နာရီခြား တစ်ခါလောက် လိမ်းပေးပါ။

    ၆။ ညအိပ်ခါနီး ခြေထောက်တွေကို Body Lotion နဲ့ နှံ့နေအောင်လိမ်းပြီး ခြေအိတ်ဝတ်အိပ်ခြင်းဖြင့် ညိုညက်ပြီး အသားဖတ်လန်တာ၊ ခြေဖနောင့်ကွဲတာတွေကို ကာကွယ်ပေးနိုင်တယ်။ နေ့တိုင်းလုပ်ပေးနိုင်ရင် အချိန်တိုအတွင်းမှာ ဝင်းမွတ်စိုပြေနေတဲ့ ခြေထောက်အလှကို ပိုင်ဆိုင်ရမှာပါ။

    ၇။ နှုတ်ခမ်းသားကို စိုစိုလက်လက်လေး ဖြစ်အောင် ၄နာရီခြားတစ်ခါ နှုတ်ခမ်းလိမ်းအဆီ (Lip Balm) လိမ်းပေးပါ။ နဂိုအသားညိုတဲ့သူတွေအနေနဲ့ နှုတ်ခမ်းနီအရောင်ရင့်တွေကို တတ်နိုင်သလောက် ရှောင်ပေးပါ။

    ၈။ ရေကို တစ်နေ့ ၃လီတာထက် မနည်း သောက်ပေးပါ။ ဗီတာမင် စီ ကြွယ်ဝတဲ့ အသီးအနှံတွေ များများစားပေးပါ။ အိပ်ချိန်ကို တစ်နေ့ ၇နာရီကနေ ၈နာရီထိ ရအောင် အိပ်စက်အနားယူပါ။

    ခုအပြင်မှာ ရာသီဥတုက ပူလိုက်၊ အေးလိုက်နဲ့ဆိုပြီး ဆောင်းတွင်းကုန်သွားပြီလို့တော့ မထင်လိုက်နဲ့ဦးနော်။ ဒီလိုအချိန်မှာ ကိုယ့်အသားအရေက သူများတွေလို ဖြူမနေဘဲ ညိုနေလို့ဆိုပြီးတော့ စိတ်ပျက်အားငယ်နေစရာ မလိုပါဘူး။

    အရေးကြီးတာက ကိုယ့်ရဲ့ အသားအရောင်နဲ့ လိုက်ဖက်ညီတဲ့ အရေပြားထိန်းသိမ်းမှုတွေကို သိနားလည်ထားရင် ညိုညိုလေးနဲ့ အသားလေးက ညက်ပြီး သိပ်ကို ကြည့်လို့ကောင်းမှာပါ။ အလှအပကို အလေးအနက်ထားတဲ့ ပျိုမေတွေအတွက် ခုပြောပြပေးခဲ့တဲ့ အချက်တွေက အသုံးဝင်မယ်လို့ မျှော်လင့်မိပါတယ်နော်။

    Hello ဆရာဝန်ပရိတ်သတ်ကြီးလည်း နှစ်သစ်မှာ စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာနဲ့ သာယာပျော်ရွှင်တဲ့ ဘဝနေ့ရက်တွေကို ပိုင်ဆိုင်ရပါစေလို့ ဆုတောင်းပေးရင်း ဒီမှာပဲ နိဂုံးချုပ်လိုက်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 24/06/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement