backup og meta

မျှဝေပါ။

ယားစပ်စပ်နဲ့ မိတ်တွေ အမြန်သက်သာစေမယ့် နည်းလမ်း (၈) ခု

နွေရာသီရောက်ပြီဆို မိတ်ထွက်မှာ စိတ်ပူနေတဲ့ လူတချို့ရှိတယ်နော်။ နေများပူပြီဆို နှစ်တိုင်းလာနေကျ ဖောက်သည်လေးတွေ ကျောမှာ၊ ခါးမှာ၊ ဗိုက်မှာ၊ လည်ပင်းမှာ၊ ချိုင်းနဲ့ လက်မောင်းမှာ၊ ပခုံးမှာ နေရာယူကြတာ အလုအယက်ပဲ။ မိတ်တွေ က သေးသေးလေးဆိုပေမယ့် တစ်ဖုချင်းမဟုတ်ဘဲ သူတို့က အင်အားအစုလိုက်နဲ့ဆိုတော့ ယားစပ်စပ်နဲ့ အတော်ခံရခက်ပါတယ်။

ကလေးတွေမှာ ပိုအဖြစ်များတယ်ဆိုပေမယ့် လူကြီးဖြစ်တောင် မိတ်အမြဲထွက်တဲ့သူတွေမှာ အတော်ဒုက္ခရောက်ရပါတယ်။ လူကြားထဲ ကုတ်နေလို့လည်းမရ၊ မိတ်တွေ လူမြင်မှာစိုးလို့ အဝတ်အစားလည်းရွေးရ၊ ချွေးထွက်ရင် စပ်တာလည်းခံရနဲ့။ အခုတော့ မိတ်အမြန်သက်သာမယ့် နည်းတွေ မျှပေးလိုက်မယ်နော်။

ယားစပ်စပ်နဲ့ မိတ်တွေ အမြန်သက်သာစေမယ့် နည်းလမ်း (၈) ခု

(၁) ရေအေးနဲ့ ချိုးပါ။

အရေပြားမှာ အအေးဓာတ်ရရင် မိတ်တွေ ပျောက်လေ့ရှိပါတယ်။ ရိုးရိုးရေအေးလေးနဲ့ တစ်နေ့နှစ်ကြိမ်ချိုးပါ။ အရေးကြီးတာက ဆပ်ပြာအပြင်းတွေ သိပ်မသုံးဖို့ရယ်၊ ချိုးပြီးရင် အစိုဓာတ်ထိန်းပြီး အေးစေမယ့် ဂျယ်လ် သို့မဟုတ် moisturizer တစ်ခုခု လိမ်းပေးပါ။ သနပ်ခါးလည်း ရပါတယ်။

ချေးတွန်းရင် တအားမပွတ်ပါနဲ့။ ရေသုတ်ရင် ပွတ်မသုတ်ဘဲ ဖိဖိပြီး သုတ်ပေးပါ။

(၂) ပေါ့ပါးပြီး အေးတာဝတ်ပါ။

အသားအေးပြီး ပါးပါးလျားလျားဖြစ်တဲ့ ချောင်ချောင်ချိချိအဝတ်အစားတွေ ဝတ်ပါ။ ချွေးစုပ်တဲ့အသားလည်း ဖြစ်သင့်ပါတယ်။ ပူအိုက်ပြီး ချွေးတွေနဲ့ ရွှဲနေရတဲ့ အဝတ်အစားက မိတ်ရှိတဲ့ အရေပြားကို ပိုယားစေ၊ စပ်စေပါလိမ့်မယ်။ သက်သောင့်သက်သာဖြစ်ပြီး လေဝင်လေထွက်ကောင်းတဲ့ ချည်သားကိုရွေးပါ။

(၃) အုတ်ဂျုံနဲ့ ရေချိုးပါ။

အုတ်ဂျုံဆိုတာ ကွေကာကြမ်း(အလွတ်ဝယ်လို့ရ)ပါ။ ကွေကာကြမ်းနှစ်ဇွန်းလောက်နဲ့ ကြက်သီးနွေးရေလေးစပ်ပါ။ ရေချိုးကန်နဲ့မဟုတ်ရင် ရေဇလားနဲ့ ပြင်ထားပါ။ ရေချိုးကန်နဲ့ဆို ၁၅ မိနစ်လောက် အဲဒီရေထဲစိမ်နေပါ။ ရေဇလားနဲ့ဆို အဲဒီရေကို မိတ်ရှိတဲ့နေရာတွေဆီ ဆွတ်ဆွတ်ပေးပါ။ ကွေကာဖတ်လေးတွေနဲ့ အသာအယာပွတ်တိုက်လို့လည်း ရပါတယ်။ ရေချိုးရင် ဒီနည်းနဲ့ ၂ ရက် ၃ရက်လောက် လုပ်ပေးပါ။

(၄) ရှားစောင်းလက်ပပ်ဂျယ်လ်

ရှားစောင်းလက်ပပ်ကို ခွာလှီးပြီး အတွင်းသားကိုယူပါ။ ပန်းကန်လုံးထဲထည့်ပြီး ခြေပါ။ အဲဒီအနှစ်ကို မိတ်ရှိတဲ့နေရာတွေမှာ စိမ့်ဝင်အောင် နှိပ်နယ်လိမ်းပေးပါ။ ရှားစောင်းအပင်ရှာမရရင် ရှားစောင်းလက်ပပ်ဂျယ်လ်တွေကို ဝယ်သုံးလို့ရပါတယ်။ မိတ်တွေ သက်သာတဲ့အထိ နေ့တိုင်း တစ်နေ့နှစ်ကြိမ် လိမ်းလို့ရပါတယ်။

(၅) မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါ (Baking soda) က အရေပြားယားယံမှုကို သက်သာစေပါတယ်။ မုန့်ဖုတ်ဆိုဒါနှစ်ဇွန်းကို ရေပန်းကန်လုံးတစ်လုံးထဲ ထည့်ဖော်ပါ။ သန့်စင်တဲ့ အဝတ်နုနုမှာ ဆွတ်ပြီး မိတ်တွေပေါ် အသာအယာသုတ်ပေးပါ။ ၃ မိနစ်လောက်နေရင် ရေဆေးကြောပစ်ပါ။ တစ်နေ့နှစ်ကြိမ်ထိ လုပ်လို့ရတဲ့နည်းပေမယ့် ပြီးရင် အစိုဓာတ်ပြန်ထိန်းပေးဖို့မမေ့ပါနဲ့။

(၆) ပဲမှုန့်

ကုလားပဲမှုန်းနှစ်ဇွန်းကို ရေ သို့မဟုတ် rose waterလေးနဲ့ အနှစ်ဖြစ်အောင် ဖျော်ပါ။ ရလာတဲ့အနှစ်ကို မိတ်တွေပေါ် လိမ်းပါ။ ၁၅ မိနစ်လောက်ထားပြီးရင် ရေအေးနဲ့ သန့်စင်ပါ။

(၇) အာလူး

အနေတော်ဆိုဒ် အာလူးတစ်လုံးကို အလွှာပါးပါးလှီးပြီး မိတ်တွေပေါ် ကပ်ပေးပါ။ ၁၀ မိနစ်၊ ၁၅ မိနစ်ထားပြီးရင် ရေချိုးချလိုက်ပါ။

(၈) ဖရဲသီး

ဖရဲသီးကို အစေ့ဖယ်ပြီး အနှစ်ခြေပါ။ မိတ်တွေပေါ်လိမ်းပြီး ၁၅ မိနစ်လောက် ထားပါ။ ရေချိုးလိုက်ပါ။ ဒီလိုလိမ်းနေတဲ့အချိန် ဖရဲသီးဖျော်ရည်ပါသောက်နေရင် ကိုယ်အတွင်းကိုပါ အေးတာပေါ့။

ဒီနည်းတွေအကုန်လုံးက ရေချိုးကာနီးလုပ်လို့ရတဲ့ အလွယ်နည်းတွေပါပဲ။ Hello ပရိသတ်ကြီး အဆင်ပြေကြပါစေနော်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Ref:

https://www.medicalnewstoday.com/articles/319612.php

Accessed April 25, 2019.

https://www.stylecraze.com/articles/effective-home-remedies-for-prickly-heat/#gref

Accessed April 25, 2019.

https://www.healthline.com/health/heat-rash-home-remedies#Recovery-time

Accessed April 25, 2019.

ယခုပုံစံ

29/03/2022

Yun Sandi Nan Mon မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။

avatar

Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Yun Sandi Nan Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 29/03/2022 ဖြစ်ပါသည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement