backup og meta

ဆံပင် ပါးနေလား ဒါတွေ စားပါ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 22/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ဆံပင် ပါးနေလား ဒါတွေ စားပါ

    ဆံပင်တွေ သိပ်ကျွတ်တာပဲ ခုနောက်ပိုင်း။ အရင်ကထက် ပိုပိုပြီး ပါးလာတယ်၊ ဦးရေပြားတောင် မြင်နေရတယ်။ ကိုယ့်မှာ ဆံပင် အလှအပလည်း ဘာမှ မလုပ်ရဲဘူး။ တော်ကြာ ဆေးဆိုးလိုက်၊ ကောက်လိုက်မှ ရှိစုမဲ့စုလေး အထွေးလိုက် ကျွတ်ကုန်မှဖြင့်နော်…

    ဒီလိုမျိုး ကြုံတွေ့ရတဲ့ သူတွေထဲ မိန်းကလေးတွေတင်မကဘဲ ယောကျာ်းလေးတွေ လည်း ပါနေမှာပဲ။ ဘာလို့ဆို ဆံပင်ကျွတ်စေနိုင်တဲ့ အကြောင်းရင်းတွေက ယောကျာ်း၊ မိန်းမ အားလုံးနဲ့ ဆိုင်နေတာကိုး။

    ဘာကြောင့် ဆံပင် ပိုကျွတ်လာရလဲ

    အကြောင်းရင်း အမျိုးမျိုး ရှိနိုင်ပါတယ် –

    • အလုပ်ပင်ပန်းတဲ့ဒဏ် (စိတ်ဖိစီးမှုနဲ့ အိပ်ရေးပျက်တာ အပါအဝင်)
    • ကလေးမွေးဖွားခြင်း/ ကိုယ်ဝန်ဆောင်ခြင်း (ဟော်မုန်းမညီမျှမှုကြောင့်)
    • ခွဲစိတ်ကုသမှု
    • သန္ဓေတားဆေးသောက်သုံးခြင်း
    • ဦးရေပြားမှာ ရောဂါပိုးဝင်ခြင်း
    • အာဟာရညီညွတ်အောင် မစားတာ ( အထူးသဖြင့် ပရိုတင်းစားသုံးမှုနည်းတာ)
    • ဆံပင်ပြုပြင်မှုများလွန်းတာ၊ အရောင်ဆိုးလွန်းတာ
    • ဆေးလိပ်သောက်တာ
    • မျိုးဗီဇကြောင့် ဆံပင်ကျွတ်တာ
    • Alopecia areata လို ထိပ်ပြောင်ခြင်း ဖြစ်စေတဲ့ရောဂါ
    • ဓာတုကုထုံးတွေ (ဆေးတွေကြောင့် ဆံပင် ကွက်ပြီးကျွတ်တာ၊ ထိပ်ပြောင်တာတွေ ဖြစ်စေနိုင်တယ်)
    • သွေးအားနည်းခြင်း၊
    • သံဓာတ် အားနည်းခြင်း၊
    • သိုင်းရွိုက်ရောဂါ
    • ဗီတာမင် B ချို့တဲ့တာ၊
    • သွေးကျဲဆေး၊ စိတ်ကျရောဂါသောက်ဆေးတွေ
    • အသက်ကြီးလာခြင်း တို့ကြောင့် ဖြစ်တတ်ပါတယ်။

    ဆံပင် ပါးနေလား ဒါတွေ စားပါ

    ဆံပင် ပါးနေလား ဒါတွေ စားပါ …. ဒီလို ဆံပင် ပါးတာကို သက်သာစေဖို့ အာဟာရ အထောက်အကူတွေ လိုအပ်လာပါတယ်။ အခုပြောပြပေးမယ့် အစားအသောက်တွေကို ဂရုစိုက်ပြီး ပိုစားပေးပါနော်။

    ဗာဒံစေ့

    လေ့လာတွေ့ရှိချက် တွေအရ လူအတော်များများဟာ ဗာဒံစေ့မှာ ကြွယ်ဝစွာပါရှိတတ်တဲ့ ဗီတာမင် B6၊ သံဓာတ်နဲ့ ဇင့် တို့ အားနည်းတာ ကြောင့် ဆံပင်ကျွတ်ခြင်းနဲ့ ရင်ဆိုင်နေရတာ တွေ့ရပါတယ်။ ဗီတာမင် E က ဆံပင်နှစ်ခွဖြစ်ခြင်းကို ကာကွယ်ပေးပြီး ဆံကေသာသန်စွမ်းမှုကို မြှင့်တင်ပေးပါတယ်။

    သံဓာတ်က ခန္ဓာကိုယ်အစိတ်အပိုင်းတွေဆီ အောက်ဆီဂျင်နဲ့ အာဟာရဓာတ် ပို့ဆောင်ပေးရာမှာ လိုအပ်တဲ့ ဟီမိုဂလိုဘင် ထွက်ရှိမှုကိုအားပေးပါတယ်။ ဒါ့အပြင် ဇင့်ကလည်း ဆံသားကျန်းမာဖို့ ကူညီထောက်ပံ့ပေးပြီး ဦးရေပြားမှာရှိတဲ့ အဆီအိတ်လေးတွေကို လုပ်ဆောင်ချက်မှန်ကန်အောင် ထိန်းညှိပေးပါတယ်။

    ဥအမျိုးမျိုး၊ ငါး နဲ့ ကြက်သား

    ဥအမျိုးမျိုးဟာ ဆံသားကျန်းမာရေးအတွက် ကောင်းတဲ့အစားအစာတွေစာရင်းမှာ ဘက်စုံအသုံးဝင်ဆုံး စားဖွယ်တစ်မျိုးဖြစ်ပါတယ်။ ဥတွေဟာ ပရိုတင်း အကြွယ်ဝဆုံး အရင်းအမြစ်တွေဆိုတာ မယုံမရှိပါနဲ့။ ဥမှာပါတဲ့ ပရိုတင်းကို အရည်အသွေးအကောင်းဆုံး ပရိုတင်းအဖြစ် ယူဆကြသလို ဆံပင်သန်စွမ်းခြင်းနဲ့ ဆံပင်ပေါက်ခြင်းအတွက် အကောင်းဆုံးဖြစ် ပါတယ်။

    ဒါတွေအပြင် ကြက်ဥမှာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပြီး ဦးရေပြားကျန်းမာရေးကို တိုးတက်စေနိုင်တဲ့ ဘိုင်အိုတင်နဲ့ ဗီတာမင် B ကြွယ်ဝလွန်းပါတယ်။ ဥတွေမှာ ဆံပင်အမြစ်ကို အောက်ဆီဂျင်ပို့ပေးတဲ့ သံဓာတ်လည်း ကြွယ်ဝပါတယ်။ တစ်ပတ်ကို နှစ်ကြိမ်လောက် ကြက်ဥပါတဲ့ မနက်စာစားပေးခြင်းဖြင့် ပိုထူ၊ ပိုသန်စွမ်းတဲ့ ဆံကေသာပိုင်ရှင် ဖြစ်ဖို့ ဝေးတော့မှာ မဟုတ်ပါဘူး။

    ပဲအမျိုးမျိုး

    သက်သတ်လွတ်စားသူတွေအတွက်တော့ ဆံသားထိန်းသိမ်းရေးအတွက် လိုအပ်တဲ့အာဟာရဓာတ်တွေ အလုံအလောက်ရနိုင်ဖို့ ခက်ခဲပါတယ်။ ပဲအမျိုးမျိုးမှာ ဗီတာမင် E နဲ့ ဓာတ်တိုးဆန့်ကျင် ပစ္စည်းတွေ အများအပြားပါဝင်ပါတယ်။ ဗီတာမင် E ကြွယ်ဝတဲ့ ပဲအမျိုးအစားတွေလည်း အများကြီးရှိပါတယ်။

    ဒိန်ချဉ်

    ဆံသားထိန်းသိမ်းရေးအတွက် ဒိန်ချဉ်ကို ရှေးပဝေသဏီတည်းက အသုံးပြုခဲ့ကြပါတယ်။ ၎င်းမှာ ဦးရေပြားဆီ သွေးလည်ပတ်မှုကောင်းမွန်စေပြီး ဆံပင်ပေါက်ခြင်းကိုအားပေးတဲ့ ဗီတာမင် B5 ကြွယ်ဝပါတယ်။ ဒိန်ချဉ်က ဆံပင်ပါးတာ၊ ဆံပင်ခြောက်သွေ့တာလိုမျိုး ဆံပင်ပြဿနာ အမျိုးမျိုးကို ကုသပေးနိုင်ပါတယ်။ သူ့မှာ လက်တစ်အက်စစ်လည်း ကြွယ်ဝတာကြောင့် ပျက်စီးနေတဲ့ဆံသားကို ကုသပေးပြီး ဗောက်ပျောက်အောင်ပါ စွမ်းဆောင်နိုင်ပါတယ်။

    ဟင်းနုနွယ်

    စိမ်းစိုစိုနဲ့ ဟင်းနုနွယ်ဟာ ဆံပင်သန်စွမ်းမှုအတွက် လိုအပ်တဲ့ ဗီတာမင် B, Cနဲ့ E ၊ ပိုတက်စီယမ်၊ ကယ်လ်စီယမ်၊ သံဓာတ် ၊မဂ္ဂနီဆီယမ်နဲ့  အိုမီဂါ 3 ဖက်တီးအက်စစ်တို့ ပါဝင်တဲ့ အရင်းအမြစ်တစ်ခု ဖြစ်ပါတယ်။ ဒီလိုအစွမ်းသတ္တိတွေ ပါဝင်တဲ့ ဟင်းနုနွယ်ဟာ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အထူးစပါယ်ရှယ် အစားအစာတစ်ခု ဖြစ်နေခဲ့တာပါ။

    ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးနိုင်တဲ့ အစိမ်းရောင်ရှိတဲ့ တခြားဟင်းသီးဟင်းရွက်တွေကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီထုပ်နဲ့ ကိုက်လန် တို့ပါဝင်ပါတယ်။

    မုန်လာဥနီ

    မုန်လာဥနီဟာ မျက်စိအတွက်ကောင်းသလို ဆံပင်ကျွတ်ခြင်း အတွက် ထိန်းသိမ်းရေးမှာ အသုံးဝင်ပါတယ်။ မုန်လာဥနီမှာ ဆံပင်သန်စွမ်းဖို့အရေးပါတဲ့ အာဟာရ ဘီတာကယ်ရိုတင်းဓာတ် လုံလောက်စွာပါရှိပါတယ်။ သူ့မှာပါတဲ့ ဗီတာမင် A ကလည်း ဦးရေပြားအတွက် ကောင်းတဲ့ သဘာဝအဆီထုတ်လုပ်ပေးဖို့ အထောက်အကူပြုပါတယ်။

    ဖရုံစေ့ နဲ့ နေကြာစေ့

    ဖရုံစေ့ကို ဆံပင်ကျွတ်ခြင်းအတွက် ကယ်တင်မယ့် အကောင်းဆုံးစူပါအစားအစာတွေထဲက တစ်ခုအဖြစ်လက်ခံထားကြပါတယ်။ ဒါ့ကြောင့် သန်စွမ်းလှပတဲ့ ဆံကေသာရရှိနိုင်ဖို့ဆို ရင် သူ့ကို နေ့စဉ်စားသောက်တဲ့ အာဟာရထဲ ထည့်သင့်ပါတယ်။

    ဖရုံစေ့မှာ ကယ်လ်စီယမ်၊ မဂ္ဂနီဆီယမ်၊ ဗီတာမင် E၊ ဗီတာမင် B တွေ၊ သံဓာတ်၊ ပိုတက်စီယမ်၊ ဘိုင်အိုတင်၊ ဆီလီနီယမ်၊ ဇင့်နဲ့ ပရိုတင်း တို့ကြွယ်ဝစွာပါဝင်ပါတယ်။ ဖရုံစေ့တွေမှာ ဆံပင် သန်စွမ်း ထူထဲ၊ နက်မှောင် တောက်ပလာစေနိုင်တဲ့ အိုမီဂါ 6 အကျိုးပြုအဆီ တွေ အများအပြားပါရှိပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 22/07/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement