backup og meta

ခေါင်းလျှော် တိုင်း လုပ်မိတတ်တဲ့ အမှား (၆) ခု

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခေါင်းလျှော် တိုင်း လုပ်မိတတ်တဲ့ အမှား (၆) ခု

    ခေါင်းလျှော် မယ်။ ဆံပင်လေး ပုံကျနေအောင်လို့၊ ဆံပင်တွေ စေးကပ်နေလို့၊ ဆံပင်လေး ပျော့ပျောင်းချင်လို့၊ ပေါင်းတင်ချင်လို့၊ ဆံပင်အလှပြုပြင်မလို့ ခေါင်းလျှော်ကြတယ်။ ကိုယ်တိုင် အိမ်မှာ လျှော်သလို ဆိုင်မှာလည်း သွားလျှော်တယ်။

    ဒါပေမယ့် ခေါင်းလျှော်တိုင်း ဆံကေသာ လှသွားတာကိုပဲ ကြည့်လို့မရပါဘူး။ နည်းလမ်းမှားတွေ လုပ်မိနေတဲ့အခါ ကြာလာတာနဲ့အမျှ ဆံကေသာကျန်းမာရေးကို ထိခိုက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် ဆံသားကျန်းမာရေးကို ဂရုစိုက်ပါ၊ ရေရှည်အလှကို လိုလားရင်ပေါ့။

    ခေါင်းလျှော် ခြင်းနဲ့ ပတ်သက်ပြီး ဘာတွေ မှားလုပ်မိတတ်ကြလဲ

    နေ့စဉ်ဘဝမှာ ဒါကို ဂရုစိုက်ဖို့တော့ လိုမယ်နော်။ ခေါင်းမလျှော်ဘဲမှ မနေနိုင်တာကိုး။ ကိုယ့်ရဲ့ လက်ရှိ ခေါင်းလျှော်နည်းက မှန်လား၊ မှားလား ဆန်းစစ်ကြည့်ဖို့ လိုတယ်လေ။

    (၁) ဦးရေပြား ကို ကုတ်လျှော်တာ

    တချို့ဆို ဆိုင်မှာ သွားလျှော်ရင် များများကုတ်ပေးခိုင်းတာတောင် ရှိပါသေးတယ်နော်။ ဦးရေပြားကို လက်သည်းနဲ့ ကုတ်တာက မလိုအပ်ဘဲ ပေါက်ပြဲမှုတွေဖြစ်စေနိုင်တယ်၊ ပိုးဝင်နိုင်တယ်၊ ဆံပင်အမြစ်အိတ်တွေကို ထိခိုက်အားနည်းစေနိုင်တယ်။ အကောင်းဆုံးက ဦးရေပြားကို လက်ချောင်းထိပ်နဲ့ အသာအယာ နှိပ်နယ် လျှော်တာပါပဲ။

    (၂) ခေါင်း ခဏခဏ လျှော်တာ

    ကြားဖူးပြီးသားတော့ ဖြစ်မှာပါ။ ဆံကေသာ အတွက်က နေ့တိုင်း ခေါင်းလျှော်ဖို့ မလိုအပ်ပါဘူး။ အလွန်ဆုံး တစ်ပတ် နှစ်ကြိမ်လောက် လျှော်တာ အကောင်းဆုံးပါ။ ဆံသား ပျော့အိဖို့၊ အရောင်စိုစိုလေးနဲ့ လှပနေဖို့၊ ကျော့ရှင်း ပုံကျနေဖို့က ဆံသားမှာ ရှိတဲ့ သဘာဝအဆီက ထိန်းသိမ်းပေးတာပါ။

    ခေါင်းလျှော်တာ များလွန်းရင် အဲဒီအဆီတွေ ပါသွားနိုင်တာကြောင့် ဆံသား ခြောက်တာ၊ နှစ်ခွကွဲတာ၊ ဖွာယောင်းတာ၊ ကြမ်းတမ်းတာတွေ ဖြစ်လာနိုင်တယ်လေ။

    (၃) ရေသေချာမစိုသေးတဲ့ ဦးရေပြားကို ခေါင်းလျှော်ရည် ထည့်ပစ်တာ

    ခေါင်းလျှော် တဲ့အခါ အနည်းဆုံးတစ်မိနစ်လောက်တော့ ဆံပင်ကို ရေနဲ့ အရင် လျှော်(ဆေးကြော) သင့်ပါတယ်။ ပြီးမှ ခေါင်းလျှော်ရည်ထည့်ပါ။ ဒီလိုမှမဟုတ် ဆံပင်ကို ရေအရင်မဆွတ်ဘဲ၊ မလောင်းဘဲ ခေါင်းလျှော်ရည် ထည့်တဲ့အပြင် ပမာဏပါ အများကြီးထည့်မိရင် ပိုဆိုးပါတယ်။

    ဆံသားက စိုစွတ်နေမှ ခေါင်းလျှော်ရည် ပြန့်ပြီး ထိထိရောက်ရောက် သန့်စင်နိုင်မယ်။ တကယ်လို့ ရေမနှံ့သေးဘဲ ခေါင်းလျှော်ရည် သုံးတဲ့အခါ ထပ်ထည့်လိုက်၊ ထပ်သုံးလိုက်နဲ့ ပမာဏ များသွားတဲ့အခါ ဆံသားထိခိုက်စေပါလိမ့်မယ်။

    (၄) ရေနွေးနဲ့ ခေါင်းလျှာ်တာ

    ရေနွေးနဲ့ ရေချိုးတာက အသက်ရှူလမ်းကြောင်းကို ပွင့်စေတာကြောင့် ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမယ့် ဆံသားနဲ့ ဦးရေပြားကိုတော့ ထိခိုက်စေနိုင်ပါတယ်။ ရေနွေးက ဆံသားတွေကို ခြောက်သွေ့စေတဲ့အပြင် ဆံသားရဲ့ အပေါ်ယံအလွှာကို ပျက်စီးစေပါတယ်။

    ဒါကြောင့် keratin ပရိုတင်းတွေ၊ သဘာဝအတိုင်း အစိုဓာတ်ထိန်းပေးတဲ့ ပစ္စည်းတွေ၊ ဆံသားရောင်ခြယ်ပစ္စည်းတွေ အားလုံးပျက်စီးသွားပါတယ်။ ဒါကြောင့် ဆံသားအရောင်ဖျော့ပြီး ပျက်စီးလာတာဖြစ်ပါတယ်။ ဒါ့ပြင် ဆံပင်တွေပါ ကြေလာပြီး တွန့်လာပါတယ်။

    ဒါကြောင့် ခေါင်းလျှော်တဲ့အခါဆိုရင်တော့ ရေနွေးကို ရှောင်ပြီး ရိုးရိုးရေနဲ့ပဲ လျှော်သင့်ပါတယ်။

    (၅) Conditioner ကို ဦးရေပြားမှာ နှိပ်နယ်လိမ်းတာ

    Conditioner ဆိုတာ ဆံသား နူးညံ့ပျော့ပျောင်းဖို့ ၊ ဆံသားအားဖြည့်ဖို့ အတွက် သုံးကြတာပါ။ ဦးရေပြား ပျော့ပျောင်းဖို့ မဟုတ်ဘူးလေနော်။ ဒါ့ကြောင့် ဆံသားမှာပဲ conditioner ကိုသုံးပါ။

    ဦးရေပြားမှာ သုံးလိုက်တဲ့ အခါ ဆံပင်အမြစ်အိတ်တွေမှာ ပိတ်ဆို့စေနိုင်လို့ ဆံပင်အသစ် ထွက်ဖို့ကို အနှောင့်အယှက် ဖြစ်စေနိုင်တယ်၊ အဆီပိုပြန်စေနိုင်ပါတယ်။

    (၆) ဆံပင် မခြောက်သေးဘဲ ခေါင်းဖြီးတာ

    ဆံပင်ဟာ စိုနေတဲ့အချိန်မှာ ထိခိုက်လွယ်ဆုံး အနေအထားပါ။ ဆံပင်မခြောက်ခင် ခေါင်းဖြီးတာက ဆံသားပွန်းပဲ့တာ၊ ကျိုးပြတ်တာ၊ ဆံပင်အရင်းကို နာစေတာတွေဖြစ်စေနိုင်သလို တဘက်နဲ့ ကြမ်းကြမ်း ပွတ်သုတ်တာကလည်း ဆံသား ထိခိုက်စေပါတယ်။

    ဆံသား မထိခိုက်စေဖို့ ဆံပင်ကို တဘက်နဲ့ ဖွဖွ ဖိသုတ်ပါ၊ Dryerနဲ့ အပူပြင်းပြင်း အခြောက်ခံတာကို ရှောင်ပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Yun Sandi Nan Mon မှ ရေးသားသည်။ · 02/08/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement