brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ဆံပင်ကျွတ်ခြင်း၊ဆံပင်ပါးခြင်းကို လေဆာနဲ့ ကုကြမယ်

ဆံပင်ကျွတ်ခြင်းဟာ အမျိုးသားရော၊အမျိုးသမီးတွေပါ စိုးရိမ်ပူပန်ရတဲ့ ပြဿနာတခု ဖြစ်ပါတယ်။ ဟိုအရင်တုန်းကတော့ ဆံပင်ကျွတ်ခြင်းကို ကုသဖို့အတွက် စားသောက်နေထိုင်မှုတွေကို အတော်ပြုပြင်ဆင်ခြင်ရသလို အချိန်လည်း အများကြီးယူရပါတယ်။

ဆံပင်ကျွတ်ခြင်း၊ဆံပင်ပါးခြင်းကို လေဆာနဲ့ ကုကြမယ်

ဒီခေတ်မှာတော့ ဆံပင်ကျွတ်ခြင်းကို နည်းပညာရဲ့ ကျေးဇူးနဲ့ အချိန်တိုတွင်းမှာ ထိထိရောက်ရောက် ကုသပေးနေနိုင်ပြီဖြစ်ပါတယ်။ လေဆာအပျော့စားကို အသုံးပြုပြီး ကုသခြင်းအားဖြင့် ဆံပင်ကျွတ်ခြင်းကို အလွန်ထိရောက်စွာ သက်သာစေသလို ဆံပင်ကိုလည်း ပြန်ထူလာစေပါတယ်။

လေဆာအပျော့စားကို သုံးပြီး ဘယ်လိုကုသမှုပေးသလဲ။

ဒီနည်းလမ်းဟာ ဆံပင်ကျွတ်ခြင်းကို ကုသပေးနိုင်တဲ့ ခေတ်အမီဆုံးနည်းလမ်းတခု ဖြစ်ပြီး ထိပ်ပြောင်သူတွေအတွက် အားတက်စရာ ကုသမှုပဲ ဖြစ်ပါတယ်။

အနီအောက်ရောင်ခြည် (infrared) ကို အသုံးပြုခြင်းအားဖြင့် လေဆာအပျော့စားဟာ ဦးရည်ပြားကို နှိုးဆွပေးနိုင်တာမို့ ဆံပင်တွေတဖန်ပြန်လည် ပေါက်လာစေပါတယ်။

ဒီလေဆာဟာ တခြားဆေးဝါးကုသမှုတွေမှာ အသုံးပြုတဲ့ လေဆာလို မပူတဲ့အတွက် “လေဆာအအေး” ဒါမှမဟုတ် “လေဆာအပျော့စား” လို့ ခေါ်ဝေါ်လေ့ရှိကြပါတယ်။

လေဆာအပျော့စားကို သုံးပြီး ကုသခြင်းရဲ့ ကောင်းကျိုးတွေက

· အမျိုးသားရော အမျိုးသမီးတွေမှာပါ အသုံးပြုနိုင်ခြင်း။

· ဘေးထွက်ဆိုးကျိုးတစုံတရာ မတွေ့ရှိရသေးခြင်း။

· ခွဲစိတ်စရာမလို၊နာကျင်မှုမရှိခြင်း။

· ငွေကုန်ကြေးကျအလွန်အမင်း မများပြားခြင်း။

· အချိန်အနည်းငယ်သာ လိုအပ်ခြင်း။

· အချို့လေဆာစက်တွေဟာ အလွယ်တကူသယ်ဆောင်လို့ရတဲ့အတွက် ဆေးခန်းကိုတောင် သွားဖို့မလိုခြင်း။

· လူအများစု ဆံပင်ကျွတ်တတ်တဲ့ နေရာတွေဖြစ်သော ဦးခေါင်းထိပ်နဲ့ နားသယ်ဆံစပ်နားနေရာတွေမှာ ဆံပင်ပြန်လည်ပေါက်လာစေခြင်း။

· အကျိုးသက်ရောက်မှုကို အနည်းဆုံး ၁၂ပတ်ကနေ ၃၆ပတ်အတွင်း တွေ့ရှိရမှာဖြစ်ပြီး ဆံပင်အကျွတ်နည်းသွားတဲ့အပြင် ဆံပင်တွေ သိသိသာသာ ပြန်ပေါက်လာတာကိုပါ တွေ့ရှိရမှာ ဖြစ်ပါတယ်။

ဒီလေဆာကုသမှုကို ဘယ်လိုလူတွေမှာ ပြုလုပ်နိုင်သလဲ။

ကျားမ မရွေး ထိပ်ပြောင်နေသူ ဒါမှမဟုတ် ဆံပင်ကျွတ်နေသူတွေမှာ ဒီကုသမှုကို ပြုလုပ်ပေးနိုင်ပါတယ်။ ထိပ်ပြောင်ခြင်းရဲ့ ကနဦးလက္ခဏာတွေ စတင်ခံစားနေရသူတွေမှာ အထူးအသုံးပြုသင့်တယ်ဆိုသော်ငြား ဆိုးဆိုးရွားရွား ထိပ်ပြောင်၊ဆံပင်ကျွတ်နေသူတွေမှာလည်း အသုံးပြုနိုင်ပါတယ်။

ဘယ်လိုကုသမှုမျိုးပဲ ဖြစ်ဖြစ် သင့်မျှော်လင့်ချက်တွေနဲ့ လုံးဝထပ်တူကျဖို့တော့ ဖြစ်နိုင်ချင်မှ ဖြစ်နိုင်ပါလိမ့်မယ်။ လေဆာကုထုံးဟာ ထိပ်ပြောင်ခြင်းကို လုံးဝဖယ်ရှားပေးနိုင်မယ့် ကုသနည်းတော့မဟုတ်ပါဘူး။

ကုသမှုခံယူနေစဉ် အချိန်အတိုင်းအတာတခုအတွင်းမှာ လမ်းညွှန်ချက်တွေအတိုင်း စနစ်တကျ လုပ်ဆောင်ကုသမှသာ အာနိသင်ပြမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆံပင်ကျွတ်ခြင်း၊ပါးခြင်းကို ကုသတဲ့ ဘယ်လိုနည်းလမ်းမျိုးမဆို စတင် ကုသခါစမှာ ဆံပင်တွေ အရင်ကျွတ်ပါလိမ့်မယ်။

ပြီးမှသာ ကုသမှုနည်းလမ်းရဲ့ အကျိုးအာနိသင်ကို တွေ့မြင်ရမှာ ဖြစ်တဲ့အပြင် လူတဦးနဲ့ တဦးမှာ တွေ့မြင်ရမယ့် အာနိသင်သက်ရောက်မှုဟာလည်း တူချင်မှ တူပါလိမ့်မယ်။ နောက်ထပ်အသေးစိတ်သိလိုတာတွေရှိရင် သင့်ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်နိုင်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr. Thiha Phyo Myint မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 18/07/2022 ဖြစ်ပါသည်။