backup og meta

ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာလို့ စိတ်ညစ်နေပြီလား

ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာလို့ စိတ်ညစ်နေပြီလား

ဝက်ခြံဆိုတာ အလှအပနဲ့ပတ်သက်ပြီး အရမ်းဂရုစိုက်နေတဲ့ သူတွေအတွက်တော့ တကယ့်အိပ်မက်ဆိုးပါပဲ။ အရေပြားပေါ်က နီနီရဲရဲအဖုတွေကြောင့် ငါအရမ်းများ ရုပ်ဆိုးနေပြီလားဆိုပြီး လူမြင်ကွင်းထဲသွားတဲ့အခါ ကိုယ့်စိတ်ထဲ မလုံသလို ဖြစ်နေရတယ်။ ဒါ့အပြင် လက်နဲ့မတော်တဆလေးများ ကုတ်မိလိုက်လို့ လက်သည်းထဲက ပိုးဝင်သွားရင် အနာက တော်ရုံနဲ့မကျက်တော့ဘဲ ပိုဆိုးသွားနိုင်သေးတယ်လေ။ ဝက်ခြံတွေက နေရာတော်တော်များများမှာ ထွက်နိုင်ပါတယ်။ ဒီတစ်ခေါက်တော့ ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာတဲ့အခါ ဘာလုပ်ရမလဲဆိုတာကို ပြောပြပေးပါမယ်။

ဝက်ခြံဆိုတာ ဘာလဲ။

ကျွန်တော်တို့ အရေပြားပေါ်က နီနီရဲရဲ အဖုလေးတွေကို ဝက်ခြံလို့ ခေါ်ပါတယ်။ ဝက်ခြံ ဘယ်လိုဖြစ်ရတာလဲဆိုတော့ အရေပြားပေါ်မှာ ရှိတဲ့ ချွေးပေါက်လေးတွေထဲကို ဖုန်၊ အညစ်အကြေးတွေ၊ အဆီတွေ စုမိရာကနေစပါတယ်။ ချွေးပေါက်ထဲမှာ ဒီအညစ်အကြေးတွေက ပိတ်မိနေတဲ့အခါ ဘက်တီးရီးယားပိုးတွေ ခိုအောင်းလာပြီး အခုလို နီရဲရဲ ဝက်ခြံအဖုလေးတွေ ဖြစ်လာရတာပါ။ အရေပြားမှန်ရင် ချွေးပေါက်ဆိုတာ ရှိတဲ့အတွက် မျက်နှာမှ မဟုတ်ပါဘူး။ ခန္ဓာကိုယ်ရဲ့ နေရာအနှံ့မှာ ဝက်ခြံ ပေါက်နိုင်ခြေရှိပါတယ်။

ဝက်ခြံပေါက်ရတဲ့ အကြောင်းရင်းတွေက ဘာလဲ။

ဖြစ်ရတဲ့အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ ဥပမာ မျက်နှာကို သေချာမသန့်စင်တာ၊ အပြင်က ပြန်လာရင် မျက်နှာမသစ်ဘဲ ဖုန်တွေ၊ အဆီတွေနဲ့ အကြာကြီးနေနေတာကြောင့် ဝက်ခြံပေါက်တာ များပါတယ်။ ဆယ်ကျော်သက်အရွယ်နဲ့ ကိုယ်ဝန်ဆောင်စဉ်၊ သွေးဆုံးဝေဒနာ ခံစားနေရတဲ့ အမျိုးသမီးတွေမှာလည်း ဟော်မုန်းအပြောင်းအလဲကြောင့် ဝက်ခြံပေါက်နိုင်သလို ညအိပ်ချိန်မမှန်တာ၊ ကိုယ်စားသောက်နေတဲ့ အစားအစာတွေနဲ့လည်း သက်ဆိုင်ပါတယ်။

ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ထွက်လာလို့ စိတ်ညစ်နေပြီလား

ရင်ဘတ်ပေါ်မှာ ဝက်ခြံတွေ ပေါက်တာကတော့ များသောအားဖြင့် ကျပ်လွန်းပြီး လေဝင်လေထွက် မကောင်းတဲ့ အင်္ကျီတွေ ဝတ်တာ၊ နေပူထဲမှာ ချွေးတွေ၊ ဖုန်တွေနဲ့ အကြာကြီးလုပ်နေရတာ၊ ရေသေချာ မချိုးဘဲနေတာကြောင့် ဖြစ်ပါတယ်။ ဘာအကြောင်းရင်းကြောင့်ပဲ ဖြစ်ပါစေ။ ဒီဝက်ခြံလေးတွေကို အမြန်ဆုံးသက်သာစေဖို့နဲ့ နောက်ထပ် မဖြစ်စေဖို့ ကာကွယ်ပေးနိုင်မယ့် နည်းလမ်းကောင်းတွေကို ဒီနေ့ဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။

၁။ ရေမှန်မှန်ချိုးပါ။

ရေချိုးတာက အခြေခံကျတဲ့ တစ်ကိုယ်ရေ သန့်ရှင်းရေး နည်းလမ်းပါ။ ခန္ဓာကိုယ်မှာ ချွေး‌တွေ၊ အဆီတွေ ရှိနေချိန် ရေသေချာမချိုးဘူးဆိုရင် ချွေးပေါက်တွေပိတ်ပြီး ရင်ဘတ်မှာ ဝက်ခြံတွေ ထွက်လာနိုင်ပါတယ်။ ဒါကြောင့် အနည်းဆုံး တစ်နေ့တစ်ကြိမ် ရေချိုးပါ။ ချွေးထွက်များတဲ့ အလုပ်တွေ လုပ်ပြီးရင်လည်း (ဥပမာ gymဆော့ထားရင်) ရေထပ်ချိုးသင့်ပါတယ်။

၂။ ကိုယ်တိုက်ဆပ်ပြာကို သေချာရွေးဝယ်ပါ။

ဆပ်ပြာဖြစ်ရင်ပြီးရောဆိုပြီး တွေ့တဲ့ဆပ်ပြာနဲ့ အရေပြားကို တိုက်ချွတ်တဲ့အကျင့်ကို မေ့ပစ်လိုက်ပါတော့။ ကိုယ်က ဝက်ခြံပေါက်နေတယ်ဆိုရင် ဒီဝက်ခြံကို အမြန်ပျောက်ဖို့ ဘက်တီးရီးယားပိုး ကာကွယ်ပေးနိုင်တဲ့ Anti-bacterial အမျိုးအစား ကိုယ်တိုက်ဆပ်ပြာတွေကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။

၃။ တစ်ပတ်ကို တစ်ကြိမ်လောက် Scrub တိုက်ပေးပါ။

အခုနောက်ပိုင်းမှာ Scrub အကြောင်းကို လူတွေတော်တော်များများ နားလည်ကြလာပါပြီ။ သူ့ရဲ့ တာဝန်ကတော့ အရေပြားပေါ်က ပျက်စီးနေတဲ့ဆဲလ်အသေတွေကို ခွာချပေးနိုင်တယ်။ အရေပြားဆဲလ်အသစ်တွေကို လျင်မြန်စွာ ထွက်လာဖို့ ကူညီပေးတယ်။ ချွေးပေါက်ထဲမှာ ပိတ်မိနေတဲ့ အညစ်အကြေး၊ ဆီနဲ့ ဖုန်မှုန့်တွေကို ဖယ်ရှားပေးနိုင်တာပါပဲ။

Scrub လို့ဆိုရာမှာ အမျိုးမျိုး ရှိတာကြောင့် ကိုယ့်အသားအရေနဲ့ လိုက်ဖက်ညီတာကို သေချာရွေးချယ်ရင်း ရေမချိုးခင်မှာ ၅မိနစ်လောက်အချိန်ပေးပြီး Scrub တိုက်ပေးတာ အကောင်းဆုံးပါပဲ။ နေ့တိုင်းတိုက်ဖို့ မလိုပါဘူး။ ၂ရက်ခြား တစ်ခါ ဒါမှမဟုတ် တစ်ပတ်ကို တစ်ကြိမ်လောက် Scrub တိုက်ပေးနိုင်ရင် အဆင်ပြေပါတယ်။

၄။ အသားအရေကို အစိုဓာတ်ပြန်ထိန်းပါ။

ရေချိုးပြီးတဲ့အချိန်တိုင်း မဖြစ်မနေ လုပ်ပေးသင့်တာကတော့ အရေပြားကို အစိုဓာတ်ဖြည့်ပေးဖို့ပါပဲ။ ရေချိုးလိုက်တဲ့အခါ ကိုယ်ပေါ်က အဆီတွေကို ဖယ်ရှားပစ်လိုက်တဲ့အတွက် အသားက ခြောက်သွားပါတယ်။ ဒီလို ခြောက်သွားတဲ့အသားအရေဟာ ဝက်ခြံဖြစ်ဖို့ ပိုလွယ်ကူနိုင်ပါတယ်။ ဒါကို ကာကွယ်ပေးဖို့အတွက် အစိုဓာတ်ထိန်းခရင်မ်တစ်မျိုးမျိုး လိမ်းပေးလို့ရပါတယ်။ အစိုဓာတ်ဖြည့်ပေးနိုင်တဲ့ ကိုယ်လိမ်း Lotion တွေကို သုံးမယ်ဆိုလည်း အဆင်ပြေတယ်နော်။

၅။ အဝတ်လျှော်ဆပ်ပြာကို အပြင်းစားတွေ မသုံးပါနဲ့။

တစ်ကိုယ်ရေသန့်ရှင်းမှုလို့ ဆိုရာမှာ ကိုယ်နေ့တိုင်းဝတ်နေတဲ့ အဝတ်အစားတွေ သန့်ရှင်းပြီး ပိုးမွှားကင်းနေဖို့လည်း အရေးကြီးတယ်မလား။ ဒီလို သန့်ရှင်းဖို့ကို အရမ်းအာရုံစိုက်ထားပြီး အပြင်းစား အဝတ်လျှော်ဆပ်ပြာတွေ သုံးမယ်ဆိုရင်တော့ အဝတ်သာမကဘဲ ကိုယ့်အရေပြားက ဓာတ်မတည့်ဖြစ်ပြီး နဂိုရှိနေတဲ့ ဝက်ခြံတွေက ပိုဆိုးသွားနိုင်ပါတယ်။ ဒါကြောင့် အဝတ်လျှော်ဆပ်ပြာကို သိပ်ပြီး မပြင်းတဲ့အမျိုးအစားလေးတွေ ရွေးဝယ်ပြီး အသုံးပြုစေချင်ပါတယ်။

၆။ ချောင်ချိတဲ့ ချည်သားအဝတ်တွေ ဝတ်ပါ။

လေထွက်ပေါက်တောင် မရှိလောက်တဲ့အထိ အဝတ်အစားတွေ ပြည့်ကျပ်နေရင်တော့ ချွေးပေါက်ထဲ အညစ်အကြေးတွေ ပိတ်မိဖို့ ပိုပြီးလွယ်ကူတာပေါ့။ ဒါကြောင့် အိမ်မှာပဲနေနေ၊ အပြင်ပဲသွားသွား လေဝင်လေထွက်ကောင်းတဲ့ ချည်သား အဝတ်အထည်တွေကိုပဲ အဓိကဝတ်ဆင်ပေးသင့်ပါတယ်။

၇။ ရေများများသောက်ပါ။

ခုလို နေပူတဲ့အချိန်ဆို ကိုယ်ခန္ဓာက ချွေးတွေအရမ်းထွက်တယ်မလား။ ဒီလိုချွေးတွေ ထွက်သွားရင် ကိုယ်ခန္ဓာက ရေဓာတ်ဆုံးရှုံးသွားတာပေါ့။ ရေဓာတ်ခမ်းခြောက်တဲ့ အသားအရေက မွဲခြောက်ခြောက်ပြီး ဖြစ်ပြီး လူကိုအိုမင်းရင့်ရော်စေတယ်။ ဒါ့အပြင် ချွေးပေါက်တွေလည်း ကျယ်စေလို့ ဝက်ခြံပေါက်နိုင်ခြေ ပိုများနိုင်ပါတယ်။ ဒါကြောင့် ပူလွန်းတဲ့အချိန်ဆို ရေများများသောက်ပါ။ အရည်ရွှမ်းတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေကို များများစားပေးပါ။

ဒီနည်းလမ်းတွေကို ရင်ဘတ်ပေါ်က ဝက်ခြံတွေ ကို အချိန်တိုအတွင်း သက်သာစေနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းတွေပဲဖြစ်ပါတယ်။ ဒီနည်းလမ်းတွေ သုံးကြည့်ပြီး တော်တော်ကြာတဲ့အထိကို ဝက်ခြံက ပျောက်မသွားဘူး၊ ပိုဆိုးလာတယ်ဆိုရင်တော့ အရေပြားဆရာဝန်နဲ့ သွားရောက်ပြသကြည့်ဖို့ကို အကြံပေးလိုက်ပါတယ်နော်။ အားလုံးပဲ ခုလိုနွေရာသီ ပူလွန်းတဲ့အချိန်မှာ ကျန်းမာလှပပြီး စိတ်အေးချမ်းစေဖို့ ဆုတောင်းပေးလိုက်ပါတယ်။

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

How To Get Rid Of Chest Acne –https://www.healthline.com/health/beauty-skin-care/chest-acne (May 2, 2019)

Getting Rid Of Chest Acne –https://www.medicalnewstoday.com/articles/320973.php (May 2, 2019)

ယခုပုံစံ

14/06/2023

Ye Myo Myat မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win

Dr. Htet Htet Zaw Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

တင်ပါးပေါ်က ဝက်ခြံတွေကို သဘာဝအတိုင်းသက်သာစေဖို့ နည်းလမ်း(၉)ချက်

လိင်တံအရေပြား ပေါ်မှာ ပေါက်တဲ့ ဝက်ခြံ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 14/06/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement