brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေဖို့

ဝက်ခြံလို့ ဆိုလိုက်ရင် မျက်နှာပေါ်မှာပေါက်တဲ့ ဝက်ခြံတွေကို အရင်ဆုံးပြေးမြင်မယ်ထင်ပါတယ်။ တကယ်ကတော့ ဝက်ခြံ ဆိုတာက မျက်နှာပေါ်မှာတင်မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ချွေးပေါက်ရှိတဲ့ နေရာတိုင်းမှာ ပေါက်နိုင်တာပါ။ ဒီတစ်ခေါက်တော့ မျက်နှာပေါ်မှာမဟုတ်ဘဲ နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ ကြောင့် စိတ်ညစ်နေသူတွေအတွက် သက်သာစေမယ့် နည်းလမ်းလေးတွေပြောပြပေးပါရစေနော်။

နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ သက်သာစေဖို့

ဝက်ခြံ ဆိုတာ

ဝက်ခြံဆိုတာ မပြောခင်အရင်ဆုံး အရေပြားပေါ်က ချွေးပေါက်လေးတွေအကြောင်း အရင်ပြောပြပါရစေ။ အရေပြားပေါ်မှာ ချွေးပေါက်လေးတွေရှိနေပြီး ဒီချွေးပေါက်လေးတွေမှာ အဆီ၊ ဘက်တီးရီးယား၊ အရေပြားပေါ်က ဆဲလ်သေတွေနဲ့ ပတ်ဝန်းကျင်က ညစ်ပေတဲ့အရာတွေ ပိတ်ဆို့သွားတဲ့အခါ ဝက်ခြံလေးတွေဖြစ်လာကြတာပါ။ ဝက်ခြံကိုဖြစ်စေတဲ့ အကြောင်းအရင်းကလည်း တော်တော်လေးများပါတယ်။

  • စားသောက်မှုပုံစံ
  • ပတ်ဝန်းကျင်က ညစ်ညမ်းတဲ့အရာတွေ
  • စိတ်ဖိစီးမှုများတာ
  • မျိုးရိုးရှိတာ
  • ဟော်မုန်း အပြောင်းအလဲ
  • သောက်သုံးနေရတဲ့ ဆေးဝါးတွေ
  • အလှကုန်တွေကြောင့် ဝက်ခြံတွေက မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။
  • ဝက်ခြံအမျိုးအစားတွေက ဘာတွေလဲ

    ဝက်ခြံကအမျိုးအစားအမျိုးမျိုးရှိပါတယ်။ ဝက်ခြံ အမျိုးအစားကွာခြားမှုအလိုက် အရွယ်အစား၊ အရောင် နဲ့ နာကျင်မှုကလည်း ကွာခြားနိုင်ပါတယ်။

    • ပထမ တစ်မျိုးက Whiteheads လို့ခေါ်တဲ့ ဝက်ခြံ အမျိုးအစားပါ။ အဆီဖုလို့ ခေါ်ကြပါတယ်။
    • ဒုတိယ တစ်မျိုးက Blackheads လို့ခေါ်တဲ့ ဆားဝက်ခြံပါ။
    • တတိယ တစ်မျိုးကတော့ Papules ဝက်ခြံပါ။ သေးငယ်ပြီး အရောင်က ပန်းရောင်ခပ်သန်းသန်းဖုလေးတွေပါ။
    • နောက်တစ်မျိုးကတော့ Pustules ဝက်ခြံပါ။အရေပြားပေါ်မှာ သိသာထင်ရှားတဲ့ အဖုကြီးတွေပါ။
    • Nodules ဝက်ခြံဆိုတာကတော့ ဝက်ခြံတွေထဲမှာမှ တော်တော်လေးကြီးတဲ့ ဝက်ခြံမျိုးပါ။
    • Cysts ဝက်ခြံဆိုတာလည်း ရှိပါတယ်။ ဆင်ဝက်ခြံလို့ ခေါ်ကြပါတယ်။

    နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ဝက်ခြံတွေ ကို ဘယ်လိုသက်သာအောင်လုပ်မလဲ……………..

    နောက်ကျောနဲ့ပခုံးမှာ ပေါက်တဲ့ ဝက်ခြံတွေ ကြောင့် စိတ်ညစ်နေတယ်ဆိုရင်တော့ ဒီနည်းလမ်းတွေက အဆင်ပြေဆုံးဖြစ်မှာပါ။

    • Tea Tree Oil

    Tea tree oil ၇ စက်စာကို အုန်းဆီ ၁ စက်နဲ့ ရောစပ်ပြီး ညအိပ်ရာမဝင်ခင် ကျောမှာ လူးအိပ်လိုက်ပါ။ မနက်နိုးတဲ့အခါ ရေချိုးချလိုက်ပါ။ ဒါကလည်း နောက်ကျောနဲ့ပခုံးက ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

    ဝက်ခြံဖြစ်တဲ့နေရာကို ရှားစောင်းလက်ပပ် ဂျယ်လီသားနဲ့ ပွတ်ပေးပြီး မိနစ် ၃၀လောက်ထားလို့ ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လောက်လုပ်ပေးပါ။

    ရေတစ်ခွက်စာကို ပန်းသီးရှာလကာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနဲ့ ရောစပ်လိုက်ပါ။ ဂွမ်းစလေးနဲ့ တို့ပြီး ဝက်ခြံတွေ ပေါ်မှာလိမ်းပေးပါ။ မိနစ် ၂၀ ကနေ နာရီဝက်လောက်ထားပြီးရေဆေးချလိုက်ပါ။

    • အုန်းဆီ

    အုန်းဆီစစ်စစ်ကို လက်ဖဝါးမှာ ပွတ်လို့ ဝက်ခြံဖြစ်တဲ့နေရာတွေမှာ လူးပေးပါ။ ညင်ညင်သာသာလေး နှိပ်နယ်ပေးပါ။ မိနစ် ၂၀လောက်ထားပြီးရေချိုးချလိုက်ပါ။

    ဒိန်ချဉ်ကို ဝက်ခြံတွေပေါ်မှာ လိမ်းပေးပါ။ ပြီးရင် မိနစ် ၂၀လောက်ထားပြီးရေနွေးနွေးလေးနဲ့ဆေးချလိုက်ပါ။

    လက်ဖက်စိမ်းရေနွေးကြမ်းကို ဂွမ်းစလေးနဲ့တို့ပြီး ဝက်ခြံတွေ အပေါ်မှာ လိမ်းပေးပါ။ ဒီလိုလုပ်ပေးတာက ဘက်တီးရီးယားကို နှိမ်နှင်းပေးပြီး ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

    • Salicylic acid body wash

    ရေချိုးတဲ့အခါ Salicylic acidပါတဲ့ ရေချိုးဆပ်ပြာနဲ့ တစ်ပတ် ၂ကြိမ်လောက် ချိုးပေးတာကလည်း ခန္ဓာကိုယ်က ဝက်ခြံတွေကို သက်သာစေနိုင်ပါတယ်။

    ကဲ… နောက်ကျောနဲ့ပခုံးမှာပေါက်တဲ့ ဝက်ခြံတွေကြောင့် စိတ်ညစ်ခံမနေပါနဲ့တော့။

    Hello Sayarwon Panel
    Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/06/2023 ဖြစ်ပါသည်။

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။