backup og meta

ဝက်ခြံကို မှန်ကန်သော နည်းလမ်းနှင့် ဘယ်လိုညှစ်ထုတ်ကြမလဲ။

ဝက်ခြံကို မှန်ကန်သော နည်းလမ်းနှင့် ဘယ်လိုညှစ်ထုတ်ကြမလဲ။

ကဲ..ဝန်ခံကြပါစို့။ ကျွန်ုပ်တို့မျက်နှာပေါ်မှာ ဝက်ခြံထွက်လာတဲ့အခါ ဒီဝက်ခြံတွေကို ညှစ်ချင်စိတ်က တားဆီးလို့မရနိုင်ပါဘူး။ ကျွန်ုပ်တို့ရဲ့ လက်တွေကို နူးညံ့တဲ့ မျက်နှာနှင့် ဝေးဝေးမှာထားခြင်းဟာ အကောင်းဆုံးလို့ သိထားသော်လည်း တကယ်လို့ ဝက်ခြံတွေဟာ ဘယ်လိုနည်းနဲ့မှ သင်တားဆီးလို့မရအောင် စိတ်ညစ်စရာကောင်းလာခဲ့ရင်တော့ ၎င်းတို့ကို မှန်ကန်သော နည်းလမ်းနဲ့ ညှစ်ထုတ်ပေးသင့်တယ် ဆိုတာဦးစွာ သိသင့်ပါတယ်။

ဝက်ခြံဟာ ညှစ်ထုတ်ဖို့ အချိန်ကျပြီလားဆိုတာ သိရပါမယ်။

သင့်မျက်နှာပေါ်မှာ မကြာသေးခင်ကမှ ပေါ်လာတဲ့ ဝက်ခြံကိုသင် ညှစ်ထုတ်နိုင်မှာမဟုတ်ပါဘူး။ အမှန်ကတော့ ဝက်ခြံကို အဆင်ပြေပြေ ညှစ်ထုတ်ဖို့ရာအတွက် အဆံလေးပေါ်လာမှသာ ရပါလိမ့်မယ်။ ဒီလိုဖြစ်ဖို့ရာ ဝက်ခြံပေါက်နေတဲ့ နေရာကို ရေနွေးဖိကပ်ပေးခြင်းအားဖြင့် လှုံ့ဆော်နိုင်ပါတယ်။ ဝက်ခြံရဲ့အလယ်မှာ ရှိတဲ့ပြည်ဖု လိုမျိုး အဖြူရောင်အဆံလေးကို သင်တွေ့ရပြီ ဆိုရင်တော့ ၎င်းကို ညှစ်ထုတ်ဖို့ အချိန်ကျပါပြီ။

အရေပြားအောက်ခြေမှာ နက်နက်နဲနဲ ရှိနေတဲ့ အနီရောင် ဝက်ခြံတွေကိုတော့ ညှစ်မထုတ်သင့် သေးပါဘူး။ ဒီလိုညှစ်ထုတ်ခဲ့မယ်ဆိုရင် ဝက်ခြံတွေကို ပိုပြီးတော့တောင် ရောင်ရမ်း၊ နီမြန်းလာစေပြီး အရေပြားပိုးဝင်ခြင်းကိုတောင် ဖြစ်စေနိုင်ပါတယ်။ ဝက်ခြံတွေကို အဆင်ပြေပြေ ပျောက်ကင်း ချင်တယ်ဆိုရင်တော့ အရေပြားကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်ကုသခြင်းက အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။

ဝက်ခြံကို မှန်ကန်သော နည်းလမ်းနှင့် ဘယ်လိုညှစ်ထုတ်ကြမလဲ။

တကယ်လို့ ဝက်ခြံညှစ်ထုတ်ဖို့ရာ အချိန်ကျပြီဆိုရင် လက်ကိုသန့်ရှင်းအောင် ပြုလုပ်ပြီးတဲ့အခါ သင်လိုအပ်မယ့် ပစ္စည်းတွေကတော့ သန့်ရှင်းပြီး ချွန်ထက်သောအပ်၊ အရက်ပြန်နှင့် ဂွမ်းလုံးအချို့ စတာတွေဖြစ်ပါတယ်။

အပ်ကိုမီးအပူပေးပြီး အရက်ပြန်နှင့်ပွတ်ကာ ပိုးသတ်ပေးဖို့ လိုပါတယ်။ သင့်ရဲ့လက်တွေကို လှုပ်ရှားခါယမ်းမနေအောင် မျက်နှာပြင် ငြိမ်ငြိမ်တစ်ခုပေါ်မှာ တင်ထားပါ။ ဝက်ခြံပြည်ဖုရဲ့ ထိပ်တည့်တည့်ကို အပ်နဲ့ ညင်သာစွာ ဖောက်ရုံသာ ဖောက်ပါ။ ပြီးနောက် ဝက်ခြံထဲမှာ အပေါက်ငယ်လေး ပွင့်သွားအောင် အရေပြားကို ဆွဲဟပါ။ ပြီးလျှင် ဝက်ခြံ အဆံထုတ်သည့် ညှပ်အသေးစား သို့မဟုတ် သင့်ရဲ့သန့်ရှင်းသော လက်ချောင်းတွေကို သုံးပြီး ဝက်ခြံပတ်လည်ကို ဖိညှစ်ပါ။ သွေးအနည်းငယ် သို့မဟုတ် အရေကြည်ထွက်လာတဲ့အခါ ဖိညှစ်ခြင်းကို ရပ်ပါ။ တကယ်လို့ ဆက်ပြီးညှစ်မယ်ဆိုရင် ဝက်ခြံဟာ ပိုပြီးဖောင်းလာရောင်လာနိုင်ပါတယ်။ ဝက်ခြံကို အောက်ခြေနက်နက်အထိ မညစ်ပါနဲ့။ အဖြူရောင် အပိုင်းလေးကိုသာ ညှစ်ရမှာဖြစ်ပါတယ်။ ဝက်ခြံညှစ်ပြီးခါစမှာ သင့်ကိုယ်သင် မကြည့်ချင်လောက်အောင် ဖြစ်နေနိုင်ပါတယ်။ ဝက်ခြံညှစ်ထားတဲ့ နေရာတွေဟာ ကောင်းကောင်းမသက်သာခင်မှာ အနည်းငယ် ပိုကြည့်ရဆိုးနိုင်ပါတယ်။

ဝက်ခြံတွေ ညှစ်ထုတ်ပြီးသွားတဲ့အခါ ဘာဆက်လုပ်ရမလဲ။

ဝက်ခြံညှစ်ပြီးတဲ့အခါ ၎င်းပတ်ဝန်းကျင် တစ်ဝိုက်ကို အရက်ပြန်နှင့် အနည်းငယ် ဖိပွတ်ပြီး သန့်ရှင်းပေးဖို့ရာ သတိရပါ။ အရေပြားပိုးဝင်ခြင်းမှ ကာကွယ်ရန် ပိုးသတ်ဆေး ခရင်မ်ကို လိမ်းပေးခြင်း သို့မဟုတ် အရေပြား နီမြန်းရောင်ရမ်းခြင်းကို သက်သာစေရန်

ဆရာဝန်ညွှန်ကြားချက်မလိုပဲ မိမိဘာသာ ဝယ်ယူနိုင်သော corticosteroid ခရင်မ်ကို အနည်းငယ် လိမ်းပေးခြင်း စတာတွေကိုလည်း ပြုလုပ်ပေးနိုင်ပါတယ်။

တကယ်လို့ သင်ဟာ ဝက်ခြံအများကြီးထွက်ခြင်း သို့မဟုတ် သင့်ကိုနာကျင်စေတဲ့ ဝက်ခြံ အကြီးကြီးတွေနှင့် ကြုံတွေ့လာရပြီဆိုရင်တော့ သင့်ပြသနာကို ဖြေရှင်းရန် ဆရာဝန် သို့မဟုတ် အရေပြားကျွမ်းကျင် ပညာရှင်နှင့် တိုင်ပင်သင့်ပါတယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေဟာ ဝက်ခြံညှစ်ထုတ်ရာမှာ သင့်ကို အန္တရာယ်အကင်းဆုံးဖြစ်အောင် ကူညီပေးသော်လည်း ဝက်ခြံကို သူ့အလိုအလျောက် ပျောက်ကင်းသည်အထိ ထားပေးခြင်းဟာ အကောင်းဆုံးဖြစ်ပါတယ်။ ဝက်ခြံကို အုပ်ဖို့ရာ ချွေးပေါက်ပိတ်ပြီး ဝက်ခြံဖြစ်စေခြင်း မရှိတဲ့ မိတ်ကပ်ကို သုံးပေးခြင်းဟာလည်း နောက်ထပ်နည်းလမ်း တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့လက်တွေမှာ ရှိနေတဲ့ ဘတ်တီးရီးယားပိုးတွေဟာ ဘယ်အချိန်မှာ ဘယ်လိုရှိနေလဲဆိုတာ သတိမပြုမိနိုင်တဲ့အပြင် ဝက်ခြံနှင့် တွေ့တဲ့အခါ ၎င်းကို ပိုပြီးနီလာ၊ ရောင်လာ၊ ဖောင်းလာစေပြီး ပိုးဝင်စေပါတယ်။ တစ်ခါတစ်ရံမှာ အမာရွတ်တွေတောင် ဖြစ်နိုင်ပါတယ်။ ဝက်ခြံတစ်လုံးဟာ ၃ရက်မှ ၇ရက် ကြာပြီးတဲ့အခါ သူအလိုအလျောက်ပျောက်သွားနိုင်ပါတယ်။ ဒါကြောင့် သင့်မျက်နှာပေါ်က ဝက်ခြံတွေကို ညှစ်ထုတ်တော့မယ် ဆိုရင်တော့ ဂရုစိုက်ပြီးမှန်မှန်ကန်ကန် ပြုလုပ်ဖို့ရာ သတိရပါ။

Hello Health Group သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများကို မပြုလုပ်ပေးပါ

[embed-health-tool-bmi]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Your Guide to Teen Acne: What Helps, What Hurts

http://www.webmd.com/skin-problems- and-treatments/teen- acne-13/pop- a-zit?page=1 – Accessed Feb18 th , 2014

How to Pop a Pimple Like the Internet’s Famous Dr. Pimple Popper

http://www.instyle.com/how-tos/how- pop-pimple- dr-pimple- popper-dermatologist-sandra-lee – Accessed Apr 4 th , 2016

How To Pop A Pimple
http://www.medicaldaily.com/how-pop- pimple-dr- oz-explains- right-way- pop-zit-extremely-realistic- prop-308116 – Accessed Oct 28 th , 2014

How to pop a pimple
http://www.acne.org/pop-a- pimple.html

ယခုပုံစံ

12/05/2020

Dr. Khin Yin Kyay မှ ရေးသားသည်။

Poe Ei Win မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ခရမ်းသီး အသားအရေ လှစေသလား!

လက်သည်းဖျက်ဆေး နဲ့ ကျန်းမာရေးအန္တရာယ်



Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement