သင့်အရေပြားအကြောင်း ဘာတွေသိထားသလဲ။ သင့်အရေပြားမှာ ရေဓါတ်လုံလုံလောက်လောက် ရှိနေရဲ့လား။ ရေဓါတ်ခမ်းခြောက်ရင် ဘာလုပ်ရမလဲ။
သင့်အရေပြားအကြောင်း ဘာတွေသိထားသလဲ။ သင့်အရေပြားမှာ ရေဓါတ်လုံလုံလောက်လောက် ရှိနေရဲ့လား။ ရေဓါတ်ခမ်းခြောက်ရင် ဘာလုပ်ရမလဲ။
ဒီဆောင်းပါးလေးဟာ အဆိုပါ မေးခွန်းတွေကို အတိုင်းအတာတခုထိ ဖြေပေးနိုင်ပါလိမ့်မယ်။
အသားအရေမှာ ရေဓါတ်ခမ်းခြောက်ခြင်းဟာ ထူးခြားပြီး ဖြစ်လေ့ဖြစ်ထမရှိတဲ့ အရေပြားဆိုင်ရာ အခြေအနေတခုဖြစ်ပြီး ပတ်ဝန်းကျင်ကြောင့် အဓိက ဖြစ်ပေါ်လာနိုင်ပါတယ်။
ဒီအခြေအနေမှာဆိုရင် သင့်အရေပြားဟာ ရေဓါတ်မရှိတော့ဘဲ အဆီတွေကိုတော့ ထုတ်လုပ်နိုင်ပါသေးတယ်။ ဒါကြောင့် သင့်အသားအရေဟာ အဆီပြန်တဲ့နေရာကပြန်၊ခြောက်တဲ့ နေရာက ခြောက်နဲ့ ဖြစ်နေပါလိမ့်မယ် (နဖူး၊နှာခေါင်း၊မေးစေ့ စတဲ့ နေရာတွေမှာ အဆီတွေများပြားပြီး ပါးနေရာတွေမှာတော့ ခြောက်သွေ့နေပါလိမ့်မယ်)။ ဒီလို အသားအရေမျိုးဟာ ဆောင်းတွင်းမှာ ဖြစ်ပေါ်လာလေ့ရှိပါတယ်။
ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေဟာ ပျက်စီးလွယ်တာကြောင့် အရေးအကြောင်းတွေလည်း အလွယ်တကူ ပေါ်ပေါက်လာနိုင်ပါတယ်။ သင့်အနေနဲ့ မှန်ဘီလူးကို သုံးပြီး အနီးကပ်ကြည့်မယ်ဆိုရင် ရေဓါတ်ခမ်းခြောက်နေတဲ့ အရေပြားနေရာမှာ တြိဂံပုံစံအရေးကြောင်းအသေးလေးတွေကို တွေ့မြင်ရလေ့ရှိပါတယ်။
အရေပြား ရေဓါတ်ခမ်းခြောက်တာဟာ အဆီပြန်တတ်တဲ့ အသားအရေပိုင်ရှင်တွေနဲ့ ဝက်ခြံပေါက်လေ့ရှိသူတွေမှာ အင်မတန် အဖြစ်များပါတယ်။
မှန်ကန်သင့်တော်တဲ့ ကုသမှုနည်းလမ်းကို ရွေးချယ်နိုင်ဖို့အတွက် အရေးကြီးဆုံးအချက်ကတော့ ခြောက်သွေ့တဲ့ အသားအရေနဲ့ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေကို တိတိကျကျ ခွဲခြားသိဖို့ပဲ ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့အတွက် အဆီဓါတ်ပါဝင်တဲ့ အလှကုန်ပစ္စည်းတွေကို သုံးစွဲဖို့မလိုဘဲ ရေဓါတ်ကိုသာ ပြန်လည်ဖြည့်တင်းပေးဖို့ လိုအပ်ပါတယ်။
ဒါမှသာ အရေပြားမှာရှိတဲ့ အဆီဓါတ် နဲ့ ရေဓါတ်မျှတသွားမှာ ဖြစ်ပါတယ်။ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေပိုင်ရှင်အများအပြားဟာ တန်ဖိုးကြီး လိုးရှင်းတွေ၊ခရင်မ်တွေ လိမ်းသည့်တိုင် အသားအရေဟာ မူလအတိုင်းပြန်ကောင်းမလာဘဲ ပိုခြောက်၊ပိုပါးလာတာကိုသာ တွေ့ကြရပါတယ်။
ဒါကြောင့် ရေဓါတ်ခမ်းခြောက်နေတဲ့ အသားအရေကို ပြန်လည်ကောင်းမွန်အောင် ပြုလုပ်ပေးနိုင်တဲ့ အချက်လေးတွေကို အောက်မှာ ဖော်ပြပေးထားပါတယ်။
၁။ ရေဓါတ်ခမ်းခြောက်တဲ့ အသားအရေအတွက် Hyaluronic Glycerin Acid, Sodium PCA, Sorbitol, Allantoin, နဲ့ Propylene Glycol တို့ပါဝင်တဲ့ အစိုဓါတ်ထိန်းပစ္စည်းတွေ (moisturizer)ကို အသုံးပြုဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ အဆိုပါ ပါဝင်ပစ္စည်းတွေဟာ ပတ်ဝန်းကျင်က ရေဓါတ်တွေကို အရေပြားထဲ စုပ်ယူစိမ့်ဝင်စေတဲ့အတွက် အသားအရေကို နူးညံ့စေပါတယ်။
၂။ T area လို့ခေါ်တဲ့ နဖူး၊နှာခေါင်းနဲ့ မေးစေ့နေရာတွေအတွက် သင့်တော်မယ့် မျက်နှာလိမ်းရည် serum ကို ရွေးချယ်သုံးစွဲပါ။ အသားအရေ အေးမြလန်းဆန်းနေတဲ့ နွေရာသီမှာ serum ကို မသုံးစွဲလည်း ရပေမယ့် ဆောင်းတွင်းမှာတော့ အဆိုပါ နေရာတွေမှာ ရေဓါတ်ခမ်းခြောက်မှု ဆိုးဆိုးရွားရွား ဖြစ်ပေါ်လာနိုင်တာမို့ ရေဓါတ်ကိုအခြေခံထားပြီး အဆီလုံးဝမပါရှိတဲ့ serum ကို (moisturizer မလိမ်းခင်မှာ) လိမ်းပေးရပါမယ်။
၃။ ရေဓါတ်ခမ်းခြောက်နေပြီး အဆီဓါတ်တော့ ရှိနေသေးတဲ့ အသားအရေအတွက် moisturizer နှစ်မျိုး အသုံးပြုသင့်ပါတယ်။ တမျိုးက အဆီမပါသလောက်ဖြစ်တဲ့ ညလိမ်းmoisturizer ဖြစ်ပြီး T zone(နဖူး၊နှာခေါင်း၊မေးစေ့)ကို လိမ်းပေးရမှာဖြစ်ကာ နောက်တမျိုးကတော့ မျက်နှာပေါ်က ခြောက်ကပ်နေတဲ့ အရေပြားနေရာတွေ (ပါးပြင်ပေါ်)ကို လိမ်းပေးရမှာ ဖြစ်ပါတယ်။
၄။T zone(နဖူး၊နှာခေါင်း၊မေးစေ့) ကို အဆီဓါတ်ဖယ်ရှားစုပ်ယူပေးတဲ့ တစ်ရှူးစလေးတွေနဲ့ အသာအယာ ပွတ်ပေး၊တို့ပေးနိုင်ပါတယ်။
အသားအရေမှာ ရေဓါတ်ခမ်းခြောက်ခြင်းဟာ ပျောက်ကင်းသက်သာသွားအောင် ပြုပြင်ပေးနိုင်တဲ့ အခြေအနေတမျိုး ဖြစ်ပြီး ဒီဆောင်းပါးလေးကနေ သင့်အရေပြားနဲ့ ပတ်သက်ပြီး သိသင့်တဲ့ အချက်အလက်တချို့ကို သိရှိသွားမယ်လို့ မျှော်လင့်ပါတယ်။
ဒါမှသာ သင့်အနေနဲ့ အဆိုပါ ရေဓါတ်ခမ်းခြောက်တဲ့ အခြေအနေကို ကုသနိုင်၊ကာကွယ်နိုင်မှာပဲ ဖြစ်ပါတော့တယ်။
မသက်ဆိုင်ကြောင်း ရှင်းလင်းချက်
Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။