backup og meta

ခြောက်သွေ့သော အသားအရေကို ဘယ်လိုစိုပြေကောင်းမွန်လာအောင် လုပ်ကြမလဲ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Khin Yin Kyay မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ခြောက်သွေ့သော အသားအရေကို ဘယ်လိုစိုပြေကောင်းမွန်လာအောင် လုပ်ကြမလဲ

    အသားအရေ ခြောက်သွေ့ခြင်းဟာ ခန္ဓါကိုယ်တွင်းဆိုင်ရာနှင့် ခန္ဓါကိုယ် ပြင်ပဆိုင်ရာ အကြောင်းအရာ များစွာကြောင့် ဖြစ်နိုင်ပါတယ်။ သို့သော် သင့်အရေပြားကို သေချာဂရုစိုက်မယ်ဆိုရင် အသားအရေ ခြောက်သွေ့ခြင်းကို များသောအားဖြင့် ကုသမှု ပေးနိုင်ပါတယ်။ အောက်ဖော်ပြပါ အကြောင်းအရာများဟာ သင့်ရဲ့ ခြောက်သွေ့သော အသားအရေကို ထိန်းချုပ်စီမံဖို့ရာ နည်းလမ်းကောင်းများကို ဖော်ပြပေးထားပါတယ်။

    အသားအရေ ခြောက်သွေ့ခြင်းဟာ သင့်ကိုအဆင်မပြေဖြစ်စေနိုင်ပြီး တစ်ခါတစ်လေမှာ သင်လိမ်းထားတဲ့ မိတ်ကပ်နှင့် သင့်ကို ကြည့်ရဆိုးအောင် ပြုလုပ်ကာ စိတ်အနှောင့်အယှက် ဖြစ်စေပါတယ်။ တကယ်လို့ သင့်ရဲ့ အသားအရေကို စိုပြည်အောင် ဂရုစိုက်ပေးနိုင်မယ် ဆိုရင်တော့ အသားအရေခြောက်သွေ့ခြင်းကို များသောအားဖြင့် အလွယ်တကူပဲ စီမံကုသပေးနိုင်ပါတယ်။ အောက်ဖော်ပြပါ အချက်အချို့ဟာ သင်လိုအပ်နေတဲ့ အသားအရေ ခြောက်သွေ့ခြင်းကို ကောင်းမွန်စေနိုင်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။

    အသားအရေ ခြောက်သွေ့ခြင်းကို ဘယ်လို ကာကွယ်ကြမလဲ

    အသားအရေ ခြောက်သွေ့သောအခါမှာ ပြန်ကောင်းအောင် ကြိုးစားခြင်းထက် အသားအရေ မခြောက်သွေ့ခင်ကတည်းက ကြိုတင် ကာကွယ်ခြင်းက အကောင်းဆုံးဖြစ်ပါတယ်။ သင့်ရဲ့ နေ့စဉ် ဘဝနေထိုင်မှု ပုံစံအချို့ကို အနည်းငယ် ပြောင်းလဲလိုက်ရုံမျှဖြင့် သင့်ရဲ့ အသားအရေကို ရေဓါတ်ဆုံးရှုံးမှုမှ ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

    သင့်ရဲ့ အရေပြားကို ကာကွယ်ပေးပါ

    ပတ်ဝန်းကျင်မှ အပူချိန်ဟာ သင့်အရေပြားစိုစွတ်မှုကို သိသိသာသာ ထိခိုက်စေပါတယ်။ နေရောင်မှ လာတဲ့ အပူဟာ အသားအရေ ခြောက်သွေ့ခြင်းရဲ့ အဓိက အကြောင်းအရင်းထဲက တစ်ခုပဲ ဖြစ်ပါတယ်။ သင်ဟာအပြင်သို့မထွက်ခင်၊ နေရောင်နှင့် မထိတွေ့ခင်မှာ နေလောင်ခံခရင်မ် လိမ်းခြင်း၊ အကျီၤလက်ရှည်ဝတ်ခြင်း ၊ လျှာထိုးပါသော ဦးထုပ်ဆောင်းခြင်း နှင့် အခြားလုံခြုံသော အဝတ်အစားများကို ဝတ်ပေးခြင်း ပြုလုပ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နေရောင်နှင့် ထိတွေ့ခြင်းက သင့်ရဲ့အရေပြားကို ပို၍ခြောက်သွေ့ စေမှာမို့လို့ပါ။ သင့်ရဲ့အခန်းထဲမှာ အစိုဓါတ်ထိန်းရေနွေးငွေ့စက် တစ်ခု ကို ထားပေးခြင်းဟာလည်း သင့်အရေပြား အစိုဓါတ်ကို ထိန်းသိမ်းပေးရန် အသုံးဝင်သော နည်းလမ်းတစ်ခုပဲ ဖြစ်ပါတယ်။

    ရေပိုသောက်ပေးပါ

    ရေများများသောက်ပေးခြင်းဟာ သင့်ရဲ့ အရေပြားခြောက်သွေ့မှုကို ကူညီပေးနိုင်ပါတယ်။ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း နှင့် ကဖင်းဓါတ်ပါသော အဖျော်ယမကာများ သောက်ခြင်းကို ရှောင်ကြဉ်သင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ၎င်းတို့ဟာ သင့်ရဲ့ ခန္ဓါကိုယ်မှ ရေဓါတ်ကို ဆုံးရှုံးစေပြီး အရေပြားကို ပို၍ ခြောက်သွေ့စေပါတယ်။

    အိုမီဂါ သရီး (omega-3)၊ ဗီတာမင်စီ နှင့် မက်ဂနီစီရမ် ဓါတ်ပါသော အစားအသောက်များကို စားပေးပါ။

    တကယ်လို့ အရင်တုန်းက သင်စားတဲ့ အစားအသောက်တွေထဲမှာ ဒီလိုအာဟာရဓါတ်တွေ မပါခဲ့ဘူးဆိုရင် ငါးကြီးဆီ၊ သစ်ကြားသီး၊ အသီးအနှံ ၊ အသီးအရွက် စတဲ့ အစားအသောက်တွေကို ထပ်ထည့်စားပေးဖို့ရာ ပြုလုပ်သင့်ပါတယ်။ ဒီအစားအသောက်တွေ ထဲမှာပါတဲ့ အာဟာရဓါတ် တွေဟာ သင့်ရဲ့ အရေပြားမှာ ရှိတဲ့ သဘာဝအဆီ ထိန်းသိမ်းပေးတဲ့ စနစ်ကို ပိုအားကောင်းစေအောင် ကူညီပေးပြီး အဆီဓါတ် ဆုံးရှုံးခြင်းကိုလည်း ကာကွယ်ပေးပါတယ်။

    အရေပြားကို အလွန်အမင်း ပွတ်တိုက်ခြင်းမျိုး မပြုလုပ်သင့်ပါဘူး

    သင်ဟာရေချိုးနေစဉ်မှာ အရေပြားကို အလွန်အမင်း ပွတ်တိုက်ခြင်းဟာ အရေပြားကို ကျိန်းစပ်သွားစေနိုင်ပြီး အစိုဓါတ်ကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ ဒါ့အပြင် သင့်ခန္ဓါကိုယ်က အမွေးအမျှင်တွေကို ရိတ်တဲ့ အခါ အမွေးရိတ်ခရင်မ် နှင့် ထက်သော အမွေးရိတ်ဓါး တို့ကို သုံးစွဲ ဖို့ရာ သတိရသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင့်ရဲ့ အရေပြားဟာ ဘလိတ်ဓါးကြောင့် အလွယ်တကူ ထိခိုက်ပျက်စီးနိုင်လို့ဖြစ်ပါတယ်။ ဒါ့အပြင် အမွေးရိတ်ဖို့ အကောင်းဆုံးအချိန်ကတော့ ရေချိုးပြီးတဲ့ အချိန်ပဲဖြစ်ပါတယ်။

    ရေနွေးနှင့် ရေချိုးပေးပါ

    တကယ်လို့ သင်ဟာ ရေပူနဲ့ ရေချိုးမယ်ဆိုရင် အရေပြားကို စိုစွတ်ပြီး နူးညံ့အောင် ထိန်းပေးထားတဲ့ သဘာဝအဆီလွှာကို ဆုံးရှုံးသွားနိုင်ပါတယ်။ ဒါကြောင့် ရေကြက်သီးနွေးဖြင့်သာ ချိုးပေးသင့်ပြီး ရေချိုးတဲ့ အချိန်ဟာ ၅မိနစ်မှ ၁၀ မိနစ်အတွင်းမှာရှိသင့်ပါတယ်။ အချိန်အကြာကြီး ရေစိမ်ချိုးခြင်းဟာ သင့်အရေပြားကို အစိုဓါတ် ဆုံးရှုံးစေနိုင်ပါတယ်။ တကယ်လို့ သင့်ရဲ့ အလုပ်ဟာ လက်တွေကို တစ်နေ့လုံး ရေထဲမှာ နှစ်ပြီး လုပ်ကိုင်ဖို့ လိုအပ်မယ်ဆိုရင်တော့ အသားအရေကို အလှဆီလိမ်းပေးပြီး လက်အိတ်စွပ်ကာ ပြုလုပ်သင့်ပါတယ်။

    သဘာဝနည်းအားဖြင့် မျက်နှာပေါင်းတင်ပါ

    သင်ဟာ ပျားရည်၊ သံလွင်ဆီ၊ သခွားသီး စတဲ့ သဘာဝကရသော ပစ္စည်းတွေနဲ့ အိမ်မှာပဲ မျက်နှာပေါင်းတင်နိုင်ပါတယ်။ ဒီပစ္စည်းတွေဟာ သင့်အရေပြား စိုစွတ်မှုအတွက် အစိုဓါတ်ပေးနိုင်ပြီး ကျိန်းစပ်မှုကို မဖြစ်စေပါဘူး။ သို့သော် တကယ်လို့ သင့်အရေပြားဟာ ထိခိုက်လွယ်တဲ့ အရေပြားဖြစ်မယ်ဆိုရင်တော့ အသားအရေကျိန်းစပ်မှု မဖြစ်စေရန် အပျော့စား ပေါင်းတင်ပစ္စည်း ကိုသာ ရွေးချယ်သင့်ပြီး မျက်နှာကိုပေါင်းတင်ပြီးတဲ့ အခါသေသေချာချာ ဆေးကြောဖို့ရာ သတိရသင့်ပါတယ်။

    အသားအရေ ခြောက်သွေ့ခြင်းအတွက် ကုသမှုများ

    တကယ်လို့ သင်ဟာ အသားအရေ ခြောက်သွေ့ခြင်းကို ကိုယ်တိုင် မထိန်းချုပ် နိုင်တော့ဘူး ဆိုရင်တော့ သင့်ရဲ့ရေဓါတ်ဆုံးရှုံးနေတဲ့ ခန္ဓါကိုယ်အတွက် တစ်ခုခု ရွေးချယ်ဖို့ရာအတွက် ပြုလုပ်ရပါလိမ့်မယ်။ စောစောစီးစီး ကုသခြင်းဟာ အကောင်းဆုံးရလဒ်ကို ပေးနိုင်မှာပါ။ အောက်ဖော်ပြပါ အကောင်းဆုံး အဖြေနှစ်ခုဟာ သင့်ရဲ့ ခြောက်သွေ့သော အသားအရေကို ဖြေရှင်းပေးဖို့အတွက် စဉ်းစားစရာ နည်းလမ်းနှစ်ခုပဲ ဖြစ်ပါတယ်။

    အစိုဓါတ်ထိန်းအလှဆီ များကို အသုံးပြုပါ။

    ခန္ဓါကိုယ်လိမ်း အလှဆီတွေကို ပုံစံအမျိုးမျိုးနှင့် ရနိုင်ပါတယ်။ ဥပမာအားဖြင့် အဆီ၊ခရင်မ်နှင့် လိုးရှင်း လိမ်းဆေး စတာတွေပဲ ဖြစ်ပါတယ်။ ဆရာဝန်ညွှန်ကြားထားတဲ့ အစိုဓါတ်ထိန်း အလှဆီကိုသာ အသုံးပြုသင့်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သင့်အရေပြားကို ထိခိုက်မှု မရှိစေပဲ အဆင်ပြေဆုံး ဖြစ်တဲ့ အလှဆီအမျိုးအစားကို သူတို့က ညွှန်ပေးနိုင်လို့ဖြစ်ပါတယ်။

    ဆေးသောက်ခြင်း

    သင့်အရေပြားဟာ ပိုပြီးခြောက်သွေ့လာကာ အဖတ်တွေပါ လန်လာပြီး အလွန်အမင်း အဆင်မပြေစေဘူးဆိုရင်တော့ သင်ဟာဆေးသောက်ပေးဖို့ လိုနေပါပြီ။ သင့်ရဲ့ ယုံကြည်စိတ်ချရတဲ့ အရေပြားဆရာဝန်က ညွှန်ကြားတဲ့ဆေးတွေကို သောက်ပြီး ကောင်းမွန်စွာ ကုသမှု ခံယူနိုင်ပါတယ်။

    နေ့စဉ် အသားအရေကို မကြာခဏ စိုစွတ်နေအောင် ထိန်းသိမ်းပေးခြင်းအားဖြင့် အရေပြားခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။ အရေပြားခြောက်သွေ့ခြင်းကို ထိန်းချုပ်မှု မပြုလုပ်နိုင်တော့ဘူးဆိုရင်တော့ အရေပြားကျွမ်းကျင်ပညာရှင်နှင့် တတ်နိုင်သမျှ တိုင်ပင်ခြင်းဟာ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 10/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement