တားဆေး ဆိုတာမှာ ဟော်မုန်း တစ်မျိုးတည်းပါတဲ့ တားဆေးတွေ ရှိသလို ဟော်မုန်း ၂ မျိုး ပေါင်းစပ် ပါဝင်နေ သန္ဓေတား သောက်ဆေးတွေလည်း ရှိပါတယ်။ အခုတစ်ခေါက် ပြောပြချင်တာကတော့ ဟော်မုန်း ၂ မျိုး ပါဝင်နေတဲ့ တားဆေးသောက်တဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ကျနိုင်ခြေ ပိုများ တယ်ဆိုတဲ့ အကြောင်းအရာပါ။
တားဆေးသောက်တဲ့ အမျိုးသမီးတွေ စိတ်ဓာတ်ကျနိုင်ခြေ ပိုများ
အမျိုးသမီးတွေထဲမှာမှ ဆယ်ကျော်သက်အရွယ်ကစပြီး သန္ဓေတားဆေး သောက်ခဲ့တဲ့ အမျိုးသမီးတွေက တားဆေး လုံးဝ မသောက်ဖူးတဲ့ အမျိုးသမီးတွေထက် စိတ်ဓာတ်ကျနိုင်ခြေ သိသိသာသာကို မြင့်တက်နေပါတယ်။
၄ နှစ်ကြာ လေ့လာမှုအရ သိရတာက အသက် ၂၀ မပြည့်ခင်ကစလို့ သန္ဓေတားသောက်ဆေး သောက်ကြတဲ့ အမျိုးသမီးလေးတွေမှာ အရွယ်ရလာချိန်မှာ စိတ်ဓာတ်ကျတာကို ခံစားရနိုင်ခြေက ၁၃၀ ရာခိုင်နှုန်း ပိုများနေတယ် ဆိုတာပါ။ အရွယ်ရောက်လာမှ တားဆေး သောက်ဆေး သောက်တဲ့ အမျိုးသမီးတွေမှာတော့ စိတ်ဓာတ်ကျ နိုင်ခြေက ဆေးလုံးဝ မသောက်တဲ့သူတွေထက် စိတ်ဓာတ်ကျနိုင်ခြေ ၉၂ ရာခိုင်နှုန်း ပိုများနေတယ် ဆိုတာပါ။
ဟော်မုန်းပါတဲ့ သန္ဓေတားသောက်ဆေး စသောက်ပြီး ၂ နှစ်အတွင်းမှာ အများဆုံးဖြစ်တတ်ပြီး ပြီးရင်တော့ ပြန်သက်သာသွားတတ်ပါတယ်။ ဒါက အရွယ်ရောက်ပြီးသူတွေအတွက်ဖြစ်ပြီး ဆယ်ကျောက်သက်တွေကတော့ ဆက်ပြီး ခံစားရတတ်တယ်လို့ ဆိုပါတယ်။
သန္ဓေတား သောက်ဆေး သောက်တာကြောင့် စိတ်ဓာတ်ကျရတာက ဟော်မုန်းပမာဏ ပြောင်းလဲမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆွီဒင်မှာရှိတဲ့ Uppsala တက္ကသိုလ်က ကျန်းမာရေး သုတေသီတွေက ကောက်ချက်ချ ထားပါတယ်။
ဆယ်ကျော်သက်အရွယ်တွေမှာ ဘာလို့ပိုဖြစ်ရတာလဲဆိုတော့ အပျိုဖော်ဝင်ချိန်မှာ ဟော်မုန်း အပြောင်းအလဲ ဖြစ်တာနဲ့ တားဆေးမှာပါတဲ့ ဟော်မုန်းတွေကြောင့် ဟော်မုန်း အပြောင်းအလဲတွေ ပေါင်းသွားတာကြောင့်ပါ။
တားဆေးကြောင့် စိတ်ပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်တာက လူတိုင်းမှာတော့ မဖြစ်ပါဘူး။ အများစုကလည်း ခံနိုင်ရည်ရှိကြပါတယ်။ တကယ်လို့ မသက်သာဘူးဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်းနိုင်ပါတယ်။
တားဆေး သောက်ဆေး အသုံးများသလား!
တားဆေး သောက်ဆေးဆိုတာက လေဒီတော်တော်များများ အသုံးပြုဖြစ်တဲ့ သားဆက်ခြားနည်း တစ်မျိုးပါ။ ထိထိရောက်ရောက်လည်း သားဆက်ခြားပေးနိုင်တယ်လေ။ တားဆေး သောက်ဆေးက သေချာ သောက်မယ်ဆိုရင် ကိုယ်ဝန်ကို ထိထိရောက်ရောက် တားပေးနိုင်ပါတယ်။
သန္ဓေတား သောက်ဆေးမှာ ဟော်မုန်းတွေ ပါဝင်နေပြီး သားဥကြွေတာကို တားဆီးပေးပါတယ်။ တားဆေးသောက်ဆေးက သားအိမ်အချွဲမြှေးကို ထူစေပြီး သားအိမ်နံရံကို ပါးစေခြင်းဖြင့် သန္ဓေမအောင်စေဖို့ တားဆီးပေးပါတယ်။ တားဆေးကို အချိန်မှန်မှန်လေး သောက်ဖို့တော့ လိုပါမယ်။ အမျိုးသမီး တော်တော်များများက တားဆေး သောက်ကြတဲ့ နည်းလမ်းနဲ့ သားဆက်ခြားကြပါတယ်။
တားဆေး သောက်ဆေးမှာပါတဲ့ Progestogen ဟော်မုန်းက သားအိမ်ခေါင်း အချွဲမြှေးကို ထူစေပြီး သုက်ပိုးတွေ သားအိမ်ထဲ မရောက်အောင် တားဆီးပေးပါတယ်။ estrogen ဟော်မုန်းကတော့ သားအိမ်အတွင်း နံရံကို ပါးစေပြီး မျိုးဥတွေကို မျိုးမအောင်စေဖို့ တားဆီးပေးရင်း သန္ဓေအောင်နိုင်ခြေကို ၉၉% အထိ ထားဆီးပေးပါတယ်။
သန္ဓေတားဆေးသောက်တဲ့အခါ ဘာတွေ သတိထားရမလဲ!
နေ့တိုင်း အချိန်မှန်သောက်ပေးတာက ဆေးအာနိသင်ကို ပိုထိရောက်စေပါတယ်။ ဆေးက နေ့တိုင်းသောက်ပေးမယ်ဆိုရင် ထိရောက်မှုကအမြင့်ဆုံးမှာရှိနေမှာဖြစ်ပြီး တစ်ရက်လောက် အချိန်နောက်ကျပြီးမှာသောက်မိမယ်ဆိုရင်တော့ ဆေးရဲ့ ထိရောက်မှုက ၉၉ ရာခိုင်နှုန်းကနေ ၉၁ ရာခိုင်နှုန်းအထိကျသွားနိုင်ပါတယ်။ ဒီပြဿနာကိုဖြေရှင်းဖို့က ဖုန်းထဲမှာ alarmပေးထားတာမျိုးဖြစ်ဖြစ်လုပ်ပေးပါ။
နောက်ထပ်သိထားသင့်တာတစ်ချက်ကဆေးကို မပျက်မကွက်သောက်ဖို့ လိုပါတယ်။ ပျက်ကွက်သွားရင် ရက်အပေါ်လိုက်ပြီး လုပ်စရာတွေရှိတဲ့အတွက် ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။
သန္ဓေတားသောက်ဆေးကို အခြား ပဋိဇီဝဆေးတွေနဲ့ တွဲဖက်သောက်သုံးတာမျိုးမလုပ်သင့်ပါဘူး။ ဆေးရဲ့ အာနိသင်ကျဆင်းနိုင်တာကြောင့်ပါ။ သင့်အနေနဲ့အော့အန်နေတာ၊ ဝမ်းလျှောနေတာတွေ ခံစားနေရတာကြောင့်ဆေးသောက်သုံးရတဲ့အခါမျိုးမှာ ကိုယ့်ရဲ့ အိမ်ထောင်ဖက်ကို ကွန်ဒုံးသုံးခိုင်းတာမျိုးက အကောင်းဆုံး ကာကွယ်မှုပါ။ ဒီလိုအချိန်မှာ အစာအိမ်နံရံတွေက ဆေးကိုစုပ်ယူနိုင်စွမ်းကျနေနိုင်ပါတယ်။
ရာသီသွေးစဆင်းပြီး ၅ ရက်အတွင်းမှာဆေးစသောက်ရပါမယ်။ အကောင်းဆုံးက ပထမဆုံးနေ့မှာ သောက်တာပါ။ ဒါမှ ကိုယ်ဝန်မရရှိအောင် ကာကွယ်နိုင်မှာပါ။ တကယ်လို့ သင်သောက်နေတဲ့ သန္ဓေတားဆေးက ပရိုဂျက်စတုန်း ဟော်မုန်းတစ်မျိုးထဲပါတဲ့ဆေးဖြစ်မယ်ဆိုရင်ဆေးသောက်ပြီး ၂ ရက်ကြာတဲ့အထိ အကာအကွယ်သုံးပြီး ဆက်ဆံတာက အကောင်းဆုံးပါ။
ဘယ်လိုဘေးထွက်ဆိုးကျိုးတွေရှိနိုင်လဲ!
သန္ဓေတားနည်းတစ်ခုဆီမှာဘေးထွက်ဆိုးကျိုး အနည်းအကျဉ်းတော့ရှိစမြဲပါ။ ဒီလိုပါပဲ သန္ဓေတားသောက်ဆေးမှာလည်း အရေပြားမှာ အစက်အပြောက်တွေဖြစ်တာ၊ ရင်သားတင်းတာ၊ မအီမသာဖြစ်တာ၊ အော့အန်တာ၊ လေပွတာ၊ ရာသီသွေးမဆင်းဘဲ ဖြစ်တာမျိုးတွေတွေ့ကြုံရနိုင်ပါတယ်။ အက်စထရိုဂျင်ဟော်မုန်း များတဲ့ဆေးတွေ ဆိုရင်တော့ ဆေးလိပ် သောက်သုံးတဲ့ အမျိုးသမီးတွေနဲ့ မသင့်တော်ပါဘူး။ သွေးခဲတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။ တကယ်လို့ ဆေးသောက်ပြီးချိန်မှာ ခေါင်းတစ်ခြမ်းကိုက်မယ်၊ ဗိုက်အောင့်တာမျိုးဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ပါ။