backup og meta

လိင်ကိစ္စနဲ့သားဆက်ခြားခြင်းကိစ္စများအတွက် မိမိကိုယ်တိုင်တွင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်


Yun Sandi Nan Mon မှ ရေးသားသည်။ · 25/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်ကိစ္စနဲ့သားဆက်ခြားခြင်းကိစ္စများအတွက် မိမိကိုယ်တိုင်တွင် ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်
    လူကိုမြင်တာနဲ့ ဘယ်တော့အိမ်ထောင်ပြုမှာလဲ၊ အိမ်ထောင်ကျသွားရင်လည်း ဘယ်တော့ကလေးယူမှာလဲ မေးရင်းနှုတ်ဆက်တတ်ကြတာ မြန်မာ့ပတ်ဝန်းကျင်ရဲ့ဓလေ့တစ်ခုလိုဖြစ်နေပါတယ်။ ချစ်သူရည်းစားထားရင်းအချိန်ကြာလာလို့ မယူသေးရင် ပတ်ဝန်းကျင်အမြင်ကမကောင်းဘူး၊ အိမ်ထောင်ကျပြီး နှစ်လေးစွန်းလာလို့ ကလေးမယူသေးရင်ပဲကလေးမရနိုင်တဲ့ချို့ယွင်းချက်ရှိသူလိုလို၊ စရိတ်မတတ်နိုင်သလိုလိုပတ်ဝန်းကျင်ရဲ့ထင်ကြေးတွေကိုစိုးထိတ်နေကြသူတွေရှိပါတယ်။

    အဲဒီလိုပတ်ဝန်းကျင်ရဲ့သက်ရောက်မှုတွေအပြင် မိသားစုရဲ့ဖိအားတွေကိုပါရင်ဆိုင်လာရတဲ့ အမျိုးသမီးတွေဟာကိုယ်ရည်မှန်းထားတဲ့အနေအထားအထိမပြင်ဆင်ရသေးခင် အိမ်ထောင်ပြုလိုက်ရတာ၊ ကလေးယူလိုက်ရတာတွေဖြစ်လာတာပေါ့။ ရလဒ်ကျ ဘာဖြစ်လာလဲဆိုတော့ တစ်ပါးသူတွေရဲ့လွှမ်းမိုးမှုနဲ့ရှေ့ဆက်ရင်းဘဝမှာတိုးတက်အောင်မြင်ဖို့၊ သာယာပျော်ရွှင်တဲ့ဘဝကိုပိုင်ဆိုင်နိုင်ဖို့၊ စနစ်တကျထက်မြက်တဲ့သားသမီးတွေကိုပျိုးထောင်နိုင်ဖို့လမ်းကမှုန်ဝါးလာနိုင်ပါတယ်။

    အဆင်သင့်မဖြစ်သေးဘဲလက်ခံလိုက်ရတဲ့ ဘဝရဲ့ပင်ပန်းမှုတွေကြားရုန်းကန်လှုပ်ရှားရင်းပေါ့။ ဥပမာတစ်ဦးနဲ့တစ်ဦးနားလည်မှု၊သံယောဇဉ်မခိုင်မာသေးခင်ပြုလိုက်ရတဲ့ အိမ်ထောင်ရဲ့အဆင်မပြေမှုတွေ၊ အသက်ငယ်ငယ်နဲ့ကလေးယူလိုက်ပြီးနောက် မိခင်တာဝန်ကျေပွန်နိုင်အောင် အသိပညာမပြည့်စုံတဲ့အခက်အခဲတွေလိုမျိုး။

    အမှန်တော့ အမျိုးသမီးတစ်ယောက်ဟာဘယ်နေရာမှာပဲနေနေ၊ ဝင်ငွေဘယ်လောက်ပဲရှိနေပါစေ၊ ဘာလူမျိုးပဲဖြစ်ဖြစ် သူ့ရဲ့ခန္ဓာကိုယ်နဲ့ကျန်းမာရေးနဲ့ပတ်သက်ပြီးဘာမဆိုကိုယ်တိုင်ဆုံးဖြတ်ခွင့်ရှိပါတယ်။ ဒါဟာလိင်ကိစ္စနဲ့မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာအခွင့်အရေး(SRH Rights) လို့ခေါ်တဲ့ အမျိုးသမီးတွေရဲ့အခြေခံကျတဲ့လူ့အခွင့်အရေးပါ။

    လိင်မှုကိစ္စနဲ့သားဆက်ခြားကျန်းမာရေးဆိုင်ရာအခွင့်အရေးတွေကိုသိရှိနားလည်ထားတဲ့အမျိုးသမီးငယ်တွေဟာအိမ်ထောင်ရေးကိစ္စနဲ့ သားသမီးယူရေးကိစ္စတွေမှာကိုယ်တိုင်ဆုံးဖြတ်နိုင်ပြီးပညာရေးဆုံးခန်းတိုင်အောင်ရှေ့ဆက်မလား၊ အလုပ်ဆက်လုပ်မလားစသည်ဖြင့် ကိုယ့်ဘဝအတွက်လုပ်ပိုင်ခွင့်တွေကိုအသုံးချနိုင်လာပါလိမ့်မယ်။

    အိမ်ထောင်ရှင်မတစ်ယောက်ဖြစ်လာပြီဆိုတာနဲ့ပဲအရာရာစိတ်ကိုလျှော့ပြီးကိုယ့်ဆုံးဖြတ်ပိုင်ခွင့်ကိုလက်မလွှတ်လိုက်ပါနဲ့။ အိမ်ထောင်ပြု၊သားမွေးဆိုတဲ့အတိုင်းမိန်းကလေးတွေရဲ့ဘဝပေးတာဝန်လို့ သတ်မှတ်ပြီးခင်ပွန်းသို့မဟုတ် မိသားစုရဲ့တိုက်တွန်းမှုအရသားသမီးယူလိုက်ကြတာများပါတယ်။

    သားဆက်ခြားနည်းလမ်းတစ်ခုခုကျင့်သုံးခြင်းကမတော်တဆကိုယ်ဝန်ရခြင်း၊ ကိုယ်ဝန်ဖျက်ချခြင်းတွေကို ဖြစ်နိုင်ခြေလျော့နည်းစေမယ့် အဖြေဖြစ်ပါတယ်။ သားဆက်ခြားနည်းတွေရဲ့ ဘေးကင်းမှုနဲ့ပတ်သက်ပြီးအမှားတွေသိထားတာ၊ ဗဟုသုတနည်းပါးတာတွေကအမျိုးသမီးတွေရဲ့ဆုံးဖြတ်ပိုင်ခွင့်မှာအနှောင့်အယှက်တွေဖြစ်စေတဲ့အချက်တွေထဲပါဝင်ပါတယ်။

    အဲ့ဒီအခါ သားဆက်ခြားခြင်းအတွက်ကတစ်ဦးတည်း၊တစ်ဖက်တည်းသဘောမဟုတ်ဘဲခင်ပွန်းနဲ့ဇနီးကြားညှိနှိုင်းမှုတွေလိုအပ်သလိုအမျိုးသမီးဘက်ကလည်းကိုယ်ပိုင်ဆုံးဖြတ်ခွင့်ရှိရပါမယ်။ သားဆက်ခြားနည်းရွေးချယ်တဲ့အခါ လက်ရှိကိုယ့်အနေအထားနဲ့ သင့်တော်မယ့် နည်းလမ်းကိုစဉ်းစားရွေးချယ်ရမှာပါ။

    ဥပမာ -အလုပ်တစ်ဖက်နဲ့အမျိုးသမီးတွေဆိုသားအိမ်တွင်းထည့်ပစ္စည်း IUD နဲ့သင့်တော်တာမျိုး၊ လက်မောင်းထဲထည့်ပစ္စည်းသန္ဓေတားသောက်ဆေး၊ထိုးဆေးစသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ခင်ပွန်းဖြစ်သူကလက်မခံခဲ့ရင် သားဆက်ခြားနည်းသုံးဖို့ ရှင်းပြနားချသင့်ပါတယ်။

    အိမ်ထောင်စောစောပြုတာ၊ ကိုယ်ဝန်စောစောဆောင်တာ၊ အချိန်သိပ်မခြားဘဲကိုယ်ဝန်ထပ်ဆောင်တာတွေကအမျိုးသမီးတွေရဲ့ကျန်းမာရေးနဲ့ဘဝမှာသက်ရောက်မှုတွေရှိနိုင်သလိုသင့်တော်တဲ့သားဆက်ခြားနည်းမသုံးခဲ့လို့ မလိုလားတဲ့ကိုယ်ဝန်ရလာခဲ့ရင် တရားမဝင်ဖျက်ချတဲ့အန္တရာယ်ကအသက်ဘေးပါစိုးရိမ်ရပါတယ်။

    ဒါကြောင့် အမျိုးသမီးတွေအနေနဲ့ မျိုးဆက်ပွားကျန်းမာရေးနဲ့ ပတ်သက်ပြီး ကိုယ်ပိုင်ဆုံးဖြတ်ခွင့် ဆိုတဲ့ ကိုယ့်ရဲ့ အခွင့်အရေးကို နားလည်သဘောပေါက်ပြီး ကိုယ့်ကျန်းမာရေးကိုကိုယ် အကောင်းဆုံး ဂရုစိုက်စောင့်ရှောက်နိုင်ကြဖို့ သိပ်အရေးကြီးပါတယ်။

    အမျိုးသမီးတို့ရေ ကိုယ့်ကျန်းမာရေးအတွက် စဉ်းစားပြီး SRH Rights တွေကိုအလေးထားဆုံးဖြတ်ကြပါ။ ပုခက်လွှဲမယ့်လက်ပိုင်ရှင်တွေအဖြစ်နဲ့ ကိုယ့်ကိုယ်ကိုယ်ချစ်ကြပါလို့။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Yun Sandi Nan Mon မှ ရေးသားသည်။ · 25/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement