အံ့သြစရာကောင်းတာက လိင်တံအရွယ်အစားနဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်စိတ် အဖြစ်အများဆုံးသူတွေဟာ အမျိုးသားတွေကိုယ်တိုင် ဖြစ်နေတာပါပဲ။ ပုံမှန်အရွယ်အစား ရှိတဲ့ အမျိုးသားတွေဟာ သူတို့ရဲ့ ဖွားဖက်တော်ကို သေးငယ်တယ်လို့ ထင်မှတ်ထားကြပါတယ်။ တကယ်တော့ အပေါ်က မိမိရဲ့ လိင်တံကို ငုံ့ကြည့်တာနဲ့ ဘေးဘက်၊ အရှေ့ကနေ ကြည့်တဲ့ ရှုထောင့်အမြင်ဟာ ကွာခြားနိုင်ပါတယ်။
အမျိုးသမီးတွေဟာ အရွယ်အစားထက် လုံးပတ်ကိုတော့ ပိုသဘောကျတတ်ပြီး ကိုယ့်ချစ်သူရဲ့ ငယ်ပါ အရွယ်သေးငယ်မှုဆိုတာ သူတို့အတွက်တော့ သိပ်ပြီး မပြောပလောက်တဲ့ အသေးအဖွဲပြဿနာလို့ ဆိုထားပါတယ်။
အမျိုးသားတွေရဲ့ သိမ်ငယ်စိတ်ကို ဘယ်လိုအရာတွေက နှိုးဆွပေးနေလဲ။
အပြာရုပ်ရှင်တွေကို စွဲစွဲလမ်းလမ်းကြည့်ခြင်းဟာ အမျိုးသားတွေရဲ့ ကိုယ့်ရဲ့ ဖွားဖက်တော်အရွယ်အစားနဲ့ ပတ်သက်ပြီး သိမ်ငယ်စိတ်တွေ ဝင်လာစေနိုင်တဲ့အပြင် ရံဖန်ရံခါမှာ လိင်မှုကိစ္စ၊ အိမ်ထောင်ရေးမှာပါ ထိခိုက်လာနိုင်ပါတယ်။ ပတ်ဝန်းကျင်၊ လူတွေအမြင်မှာကလည်း လိင်တံကြီးမှ ယောက်ျားပီသတယ်ဆိုတဲ့ ခေတ်အလွဲတွေ ရှိနေတော့ ပုံမှန်အရွယ်အစား ရှိရင်တောင် သေးသလိုလို၊ ယောက်ျားမပီသတော့သလိုလို၊ ကိုယ်ကပဲ လူစဉ်မမီတော့သလို သိမ်ငယ်စိတ်တွေ၊ စိတ်မလုံခြုံမှုတွေ ဖြစ်လာမယ်။
ဈေးကွက်ထဲမှာကလည်း မကြာခဏဆိုသလို လိင်တံကြီးဆေး၊ ထွားဆေးဆိုပြီး ရောင်းတဲ့အခါ ပစ္စည်းရောက်ထွက်ဖို့ကို ဦးတည်ပြီး လိင်တံကြီးမှ အလုပ်ဖြစ်မယ်ဆိုတဲ့ သတင်းတွေ ပေးပို့နေတာဆိုတော့ ပုရိသတွေအနေနဲ့ ကိုယ့်ရဲ့ မွေးရာပါ ဖွားဖက်တော်နဲ့ ပတ်သက်ပြီး စိုးရိမ်ပူပန်မှုတွေ ဖြစ်လာမှာပေါ့။
ပုရိသတွေအနေနဲ့ သိထားသင့်တဲ့အရာတွေ
တကယ်တော့ လိင်တံအရွယ်အစားဆိုတာ မွေးလာကတည်းက ဘုရားပေးတဲ့ ဆုပါပဲ။ ဈေးကွက်ထဲက ကြီးဆေး၊ ထွားဆေးတွေ၊ လိင်တံ ထောင်မတ်စေတဲ့ စက်ကိရိယာတွေ အမှန်တကယ်အလုပ်ဖြစ်တယ်ဆိုတာ ဘယ်ဆေးပညာဌာနမှလည်း အာမခံချက်မျိုး မရှိပါဘူး။
နောက်ထပ်တစ်ချက်ကတော့ ဘဝဟာ ရုပ်ရှင်ထဲကလို ပုံပြင်ဇာတ်လမ်း မဆန်ဘူးဆိုတာပါပဲ။ အပြာရုပ်ရှင်တွေထဲမှာ မင်းသမီးတွေက လိင်တံကြီးတာကိုမှ သာယာတယ်၊ စိတ်တိုင်းကျတယ်ဆိုပြီး လိင်စိတ်ကို ထကြွစေဖို့ သက်သက် အမြင်ကို ဖြစ်စေပေမယ့် တကယ့်လက်တွေ့ဘဝ ကိုယ့်ရဲ့ ချစ်သူ၊ အိမ်ထောင်ဖက်ကတော့ ဒီလို ထင်ချင်မှ ထင်မှာပါ။ လိင်မှုကိစ္စမှာ ၂ဦး ၂ဖက် အပြည့်အဝ စိတ်တိုင်းကျဖို့၊ လိင်စိတ်ဆန္ဒ ပြီးမြောက်မှု ဖြစ်စေဖို့ ဒီ အရွယ်အစားဆိုတာကြီးက ထင်ထားသလောက် အရေးမပါပါဘူးဆိုတာကို ပုရိသတိုင်း သိထားသင့်တယ်နော်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။