backup og meta

မြန်မြန်ပြီး တတ်သူများအတွက် ကျင့်စဉ်လေးတစ်ခု

မြန်မြန်ပြီး တတ်သူများအတွက် ကျင့်စဉ်လေးတစ်ခု

မြန်မြန်ပြီး တိုင်း ကောင်းတာမဟုတ်တဲ့ ကိစ္စတွေထဲမှာ ကိုယ်လက်နှီးနှောခြင်းလည်း အပါအဝင်ပေါ့။ ဒီပြဿနာကို ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုအကြောင်းပြောပြပေးထားပါတယ်။

ဘာလုပ်လုပ် မြန်မြန်ပြီးတိုင်း  ကောင်းတာမဟုတ်ပါဘူး။ တချို့အရာတွေက အဆင်ပြေဖို့ အချိန်ယူရပါတယ်။ မိန်းကလေးနဲ့ ယောက်ျားလေး ကိုယ်လက်နှီးနှောတဲ့ကိစ္စဆိုလည်း ဒီလိုပါပဲ။ စိတ်တအားတက်ကြွလာလို့ ဆက်ဆံလိုက်ပေမဲ့ မိနစ်ပိုင်းနဲ့တင် ဆန္ဒပြီးမြောက်သွားရင် လိင်ဆန္ဒကို အပြည့်အဝမခံစားလိုက်ရဘဲ ဖြစ်နေမှာပေါ့။ ဒီလိုအခြေအနေကို ကိုယ့်ဖာသာကုသနိုင်တဲ့ နည်းလမ်းတစ်ခုအကြောင်းပြောပြရင် စိတ်ဝင်စားကြမယ်ထင်ပါတယ်။

ကုသနိုင်တဲ့နည်းဆိုလို့ ခက်ခက်ခဲခဲတွေ မထင်လိုက်ပါနဲ့။ သိပ်ကိုရိုးရှင်းပြီးလွယ်ကူပါတယ်။ Edging လို့ခေါ်တဲ့ ဒီနည်းလမ်းက တကယ်တော့ ဆန္ဒပြီးမြောက်ခါနီးမှာ လိင်ဆက်ဆံတာ (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်ပစ်ပြီး မပြီးသွားအောင် ထိန်းချုပ်လိုက်တာပါပဲ။ ကိုယ့်ဖာသာအာသာဖြေချိန်ပဲဖြစ်ဖြစ် လိင်ဆက်ဆံချိန်မှာပဲဖြစ်ဖြစ် အသုံးပြုနိုင်တယ်။ နောက်ပြီး ဒီနည်းကို ယောင်္ကျားလေးတွေတင်မဟုတ်ဘဲ မိန်းကလေးတွေလည်း လုပ်လို့ရပါတယ်။

မြန်မြန်ပြီး တတ်သူများအတွက် ကျင့်စဉ်လေးတစ်ခု

ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် လိင်ဆန္ဒအထွတ်အထိပ် ရောက်ခါနီးမှာ ဆက်ဆံမှု (ဒါမှမဟုတ်) အာသာဖြေတာကို ရပ်လိုက် ဒါမှမဟုတ် အရှိန်လျှော့လိုက်ပြီး မိနစ်ပိုင်းလောက် စောင့်လိုက်ပါ။ ဆန္ဒမပြီးမြောက်တော့ဘဲ ရပ်သွားပါလိမ့်မယ်။ ယောက်ျားလေးတွေဆို သုက်လွှတ်ချင်စိတ် ပျောက်သွားပါလိမ့်မယ်။ ဒီတော့မှ နောက်တစ်ကြိမ်ထပ်ပြီး ဆက်ဆံပါ/အာသာဖြေတာကို ပြန်လုပ်ပါ။

ဖြည်းဖြည်းနဲ့ မှန်မှန်ပဲ လုပ်ပါ။ ဆန္ဒအထွတ်အထိပ်ရောက်ခါနီးဖြစ်ရင် ပြန်ရပ်လိုက်ပါ။ ပြီးရင် ပြန်လုပ်ပါ။ ဒီလို ထပ်ခါထပ်ခါလေ့ကျင့်ရင် လိင်ဆက်ဆံမှုကို အချိန်ကြာအောင် တဖြည်းဖြည်းထိန်းချုပ်လာနိုင်တာကို တွေ့ရမှာပါ။ ဒီနည်းကို လေ့ကျင့်ဖို့ လိင်ဆက်ဆံမဲ့သူ မလိုအပ်ပါဘူး။ တစ်ကိုယ်တည်း အာသာဖြေပြီးလည်း လေ့ကျင့်နိုင်ပါတယ်။

လေ့လာမှုတွေအရလည်း Edging လို့ခေါ်တဲ့ ဒီနည်းလမ်းကို သုက်လွှတ်စောတဲ့ ယောကျာ်းလေးတွေ မှန်မှန်လိုက်နာကျင့်သုံးရင် သုက်ထိန်းနိုင်အား ပိုကောင်းလာပြီးအချိန်ပိုကြာကြာ ဆက်ဆံနိုင်တာကိုတွေ့ရတယ်လို့ဆိုထားပါတယ်။ ဒီလိုလေ့ကျင့်မှုရဲ့ အဓိကရည်ရွယ်ချက်ကလည်း သုက်လွှတ်မြန်တဲ့ ယောကျာ်းလေးတွေ သုက်ထိန်းနိုင်ပြီး ကိုယ့်ရဲ့ အဖော်နဲ့ အချိန်ပိုကြာကြာဆက်ဆံနိုင်ဖို့ ဖြစ်ပါတယ်။

လူတိုင်း လေ့ကျင့်ရမှာလား

လူတိုင်းလေ့ကျင့်ဖို့လည်း မလိုအပ်ပါဘူး။ စက္ကန့်ပိုင်းလောက် လိင်ဆက်ဆံပြီး ဆန္ဒပြီးမြောက်သွားတဲ့သူတွေပဲ လေ့ကျင့်သင့်ပါတယ်။ လိင်ဆက်ဆံမှုဆိုတာ ထိုးသွင်းဆက်ဆံမှုတစ်ခုတည်းကို ပြောတာမဟုတ်ပါဘူး။ စအိုကနေဆက်ဆံတာ၊ ပါးစပ်နဲ့ဆက်ဆံတာတွေပါ ပါဝင်ပါတယ်။

ဆန္ဒပြီးမြောက်ဖို့ အရမ်းမြန်တဲ့ ယောကျာ်းလေး၊ မိန်းကလေးတချို့မှာဆို လိင်ဆက်ဆံတဲ့အဆင့်ထိတောင်မရောက်ဘဲ နည်းနည်းလေးလှုံ့ဆော်မှုရတာနဲ့တင် ဆန္ဒအထွတ်အထိပ်ရောက်သွားတဲ့အထိ မြန်ဆန်တတ်တာကို တွေ့ရပါတယ်။

ဘာလို့ ဆန္ဒပြီးမြောက်ဖို့ကို အချိန်ဆွဲရမှာလဲ၊ မြန်မြန်ပြီး တော့ ပိုမကောင်းဘူးလား

ဒီမေးခွန်းအတွက် အဖြေကတော့ ကိုယ့်အပေါ်မူတည်ပါတယ်။ တချို့ကလည်း မြန်မြန်ပြီးတာ ကြိုက်သလို ကြာမှ ကြိုက်တဲ့သူလည်းရှိနိုင်တာပါပဲ။ ပြောချင်တာတစ်ခုကတော့ ယောကျာ်းနဲ့ မိန်းမလိင်ဆက်ဆံတယ်လို့ကြားတိုင်း ရွံစရာကိစ္စတစ်ခုလို့ မထင်စေချင်ပါဘူး။ ဒါသဘာဝပါပဲ။ တကယ်ချစ်ခင်နှစ်သက်လို့ (၂) ယောက်သား ကိုယ်လက်နှီးနှောမှုမှာ လိင်စိတ်တစ်ခုတည်း ပါဝင်နေတာမဟုတ်ပါဘူး။

တစ်ယောက်နဲ့ တစ်ယောက်ချစ်ခင်မှု၊ လေးစားမှု၊ နားလည်မှုတွေလည်း ပါဝင်နေပါတယ်။ ပြောရမယ်ဆို မိန်းကလေးတွေက ယောကျာ်းလေးတွေထက် လိင်ဆန္ဒ အထွတ်အထိပ်ရောက်ဖို့ ပိုကြာတယ်၊ ပြီးမြောက်ဖို့ ပိုခက်ခဲပါတယ်။ ယောကျာ်းလေးတွေကတော့ သဘာဝအရ ပိုမြန်မြန်ပြီးတဲ့သဘောရှိပါတယ်။ ဒီလိုအခြေအနေမျိုးမှာ (၂) ယောက်အတူဆန္ဒပြီးမြောက်အောင် အတူတူညှိနှိုင်းပြီး နေနိုင်မယ်ဆို (၂) ယောက်လုံးအတွက် စိတ်သုခဖြစ်စေမှာပါ။

ဘာအကျိုးကျေးဇူးတွေရနိုင်မလဲ

ဆန္ဒပြီးမြောက်ဖို့ အချိန်ကြာအောင်လုပ်နိုင်လေ လိင်မှုသုခကို ပိုကောင်းကောင်းခံစားရနိုင်လေပါပဲ။ ၂၀၁၄ခုနှစ်က ဘရာဇီးနိုင်ငံမှာ ပြုလုပ်ခဲ့တဲ့ သုတေသနတစ်ခုအရဆို အချိန်ယူပြီး နားလိုက်အာသာဖြေလိုက်လုပ်တဲ့ အမျိုးသမီးတွေက လိင်ဆက်ဆံချိန်မှာ ပိုပြီးဆန္ဒပြီးမြောက်ဖို့ လွယ်ကူတာတွေ့ရှိခဲ့ပါတယ်။

ဘေးထွက်ဆိုးကျိုးရှိသလား

မရှိသလောက် နည်းပါတယ်။ သေချာစနစ်တကျလုပ်ဖို့နဲ့ တော်ရုံသင့်ရုံတော့လုပ်ဖို့ အရေးကြီးပါတယ်။ ဆရာကြီး ဖြစ်ချင်ဇောနဲ့ နေ့တိုင်းလေ့ကျင့်ပါလို့လည်း အကြံမပေးပါဘူး။ ဘယ်အရာမဆို တန်ဆေးလွန်ဘေးဆိုတာ ရှိတယ်လေ။

ဥပမာပြောရရင် အလွန်အကျွံအာသာဖြေတဲ့ ယောကျာ်းလေးတွေမှာ လိင်တံဒဏ်ဖြစ်တဲ့ ပြဿနာကြုံရနိုင်ပါတယ်။ နောက်ပြီး ယောကျာ်းလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ဆန္ဒပြီးမြောက်ဖို့ကိုပဲ အရမ်းအာရုံစိုက်ပြီးမလုပ်ဖို့ အကြံပေးချင်ပါတယ်။ လိင်မှုကိစ္စဆိုတာ စိတ်လက်ပေါ့ပါးနေမှလည်း အဆင်ပြေချောမွေ့တာမဟုတ်လား။ ငါပြီးကိုပြီးရမယ်ဆိုတဲ့ စိတ်ကြီးအရမ်းတင်းခံနေရင် ဘာကိုမှမခံစားလိုက်ရဘဲ ပင်ပန်းတာပဲအဖတ်တင်မှာပါ။

ကိုယ့်ဖာသာတစ်ယောက်တည်း အာသာဖြေတာဖြစ်ဖြစ် လိင်ဆက်ဆံတာဖြစ်ဖြစ် အခုပြောတဲ့ နည်းကို လုပ်ကြည့်ဖို့ သင့်လျော်ပါတယ်။ စိတ်လည်းချရသလို ဘေးလည်းကင်းပါတယ်။ လိင်ဆက်ဆံတုန်း လုပ်ကြည့်မယ်ဆိုရင်တော့ ကိုယ့်ရဲ့အဖော်ကို ကြိုတင်ပြောထားသင့်ပါတယ်။ ဒါမျိုးက (၂) ဦး (၂) ဖက်သဘောတူမှ အဆင်ပြေနိုင်တာမို့ပါ။

အားလုံးပဲ စိတ်လက်ပျော်ရွှင်စွာနဲ့ သာယာတဲ့လိင်မှုဘဝကို ဆောင်ရွက်ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးရင် နိဂုံးချုပ်ချင်ပါတယ်။

Dr. Htoo Tint

[embed-health-tool-ovulation]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

https://www.medicalnewstoday.com/articles/what-is-edging#how-to

https://www.healthline.com/health/healthy-sex/edging-orgasm-control#benefits-of-edging

 https://www.healthline.com/health/healthy-sex/is-edging-bad#how-to-edge

ယခုပုံစံ

09/04/2024

Dr. Thiha Phyo Myint မှ ရေးသားသည်။

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Phyo Wai Lynn

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

လိင်ဆက်ဆံမှုတစ်ခု အတွက် ဘာတွေကြိုတင်ပြင်ဆင်ရမလဲ

ဘာကြောင့် မနက်ခင်းစောစောမှာ လိင်ဆက်ဆံ သင့်တာလဲ


မှ အချက်အလက် စစ်ဆေးထားပါသည်။

Dr. Phyo Wai Lynn


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 09/04/2024 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement