backup og meta

လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ

    ဆန္ဒရှိပြီး အမျိုးသားနဲ့ဆက်ဆံပေမဲ့ လေဒီလေးတွေက ပြီးမြောက်ဖို့ အခက်အခဲဖြစ်တတ်ကြပါတယ်။ လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ ။

    “လိင်” ဆိုတဲ့စကားကြားတာနဲ့ အတော်များများက ညစ်ညမ်းစကားလို့ အထင်မှားနေကြတုန်းပါ။ တကယ်တော့ လိင်စိတ်ဆိုတာ သွေးသားဆန္ဒနဲ့ ဆက်စပ်နေတာမို့ လူတိုင်းနဲ့သက်ဆိုင်ပါတယ်။ ဘာမှအလွန်အကျူးရှက်စရာ၊ ကြောက်စရာ ကိစ္စတစ်ခု မဟုတ်ပါဘူး။

    ယောကျ်ားလေးရော၊ မိန်းကလေးရောအတွက် တစ်ကိုယ်ရည်အာသာဖြေတယ်၊ သွေးသားဆန္ဒဖြေဖျောက်တယ် ဆိုတာလည်း သဘာဝပါပဲ။ ဒါပေမဲ့ တချို့တွေမှာတော့ အာသာဖြေရင်းပဲဖြစ်ဖြစ်၊ လိင်ဆက်ဆံရင်းပဲဖြစ်ဖြစ် လိင်ဆန္ဒပြီးမြောက်သွားဖို့ အခက်အခဲ ရှိတတ်ကြပါတယ်။ ယောကျ်ားလေးတွေမှာလည်း အလားတူအခြေအနေ ဖြစ်တတ်ပေမဲ့ ဒီဆောင်းပါးကတော့ မိန်းကလေးတွေအတွက် အဓိကရည်ရွယ်ပါတယ်။

    လိင်စိတ်အထွတ်အထိပ်ရောက်တယ် (ဒါမှမဟုတ်) ဆန္ဒပြည့်မြောက်တယ်ဆိုတာ  စာတစ်ကြောင်းတည်းနဲ့ အတိုဆုံးပြောရင် မိမိဖာသာ အာသာဖြေရင်း (ဒါမှမဟုတ်) လိင်ဆက်ဆံရင်း လိင်စိတ်ထကြွမှု အဆုံးစွန်ရောက်ပြီး အလွန်အမင်း ကျေနပ်ပျော်ရွှင်သွားတဲ့ အခိုက်အတန့်လို့ဆိုရမှာပါ။

    ဒါပေမဲ့ တကယ်တမ်း လက်တွေ့မှာ ဆန္ဒပြီးမြောက်ဖို့ဆိုတာ ဒီထက်နည်းနည်းပိုရှုပ်ထွေးပါတယ်။ ယောကျ်ားလေးတွေ ဆန္ဒပြီးမြောက်ရင် သုက်ရည်ထွက်လာပေမဲ့ မိန်းကလေးတွေမှာတော့ ဒါမျိုးမရှိဘဲ တင်ပါးဆုံကွင်းကြွက်သားတွေ တောင့်တင်းသွားတာမျိုးပဲ ဖြစ်လေ့ရှိပါတယ်။

    အမျိုးသမီးများ လိင်စိတ်ပြည့်ဝဖို့ အခက်အခဲဖြစ်ခြင်း

    မိန်းကလေးတွေ လိင်ဆန္ဒပြည့်ဝဖို့ အခက်အခဲဖြစ်နေတာကို ဆေးပညာမှာ anorgasmia လို့ခေါ်ပါတယ်။ လုံလောက်တဲ့ လိင်စိတ်နှိုးဆွမှု၊ ဆက်ဆံမှုတွေကို မိမိဖာသာဖြစ်ဖြစ် အမျိုးသားနဲ့ဖြစ်ဖြစ် လုပ်ဆောင်ပေမဲ့ လိင်စိတ်အထွတ်အထိပ်မရောက်တာကို Anorgasmia လို့ခေါ်ဆိုပါတယ်။ ဆေးပညာခေါင်းစဉ်တွေ ထုံးစံအတိုင်း ဒါကိုလည်း အမျိုးအစားထပ်ခွဲနိုင်ပါသေးတယ်၊ အကြမ်းဖျင်းပြောရရင်

    Lifelong anorgasmia – တစ်သက်လုံး ဆန္ဒမပြည့်ဝဖူးတဲ့သူ

    Acquired anorgasmia – အရင်ကဆန္ဒပြည့်ဝဖူးပေမဲ့ နောက်ပိုင်းမှ မပြည့်မြောက်တော့တဲ့သူ

    Situational anorgasmia – တချို့လိင်ဆက်ဆံနည်းတွေနဲ့မှ ဆန္ဒပြည့်ဝတဲ့သူ (ဥပမာ – ပါးစပ်နဲ့လိင်ဆက်ဆံမှ ဆန္ဒပြည့်ဝမှု ဖြစ်တဲ့သူမျိုး)

    Generalized anorgasmia – ဘယ်လိုပုံစံ၊ ဘယ်လိုသူမျိုးနဲ့ဆက်ဆံသည်ဖြစ်စေ ဆန္ဒမပြည့်ဝတဲ့သူ

    ဆိုပြီး ၄ မျိုးရှိပါတယ်။

    လေဒီတို့ ပြီးမြောက်ဖို့ ခက်ခဲနေတာ ဘာကြောင့်လဲ

    အမျိုးသမီးတစ်ယောက် လိင်စိတ်အထွတ်အထိပ်မရောက်အောင် တားဆီးထားတဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာအချက်တွေလည်း အများကြီးရှိပါတယ်

  • သားအိမ်ခွဲစိတ်ဖယ်ရှားထားသူတွေ၊ မွေးရာပါမိန်းမကိုယ်ဝ သာမန်ထက် ကျဉ်းတဲ့သူတွေက တခြားအမျိုးသမီးတွေထက် ဆန္ဒပြည့်ဝဖို့ ပိုခက်ခဲတတ်ပါတယ်
  • ဆီးချို၊သွေးတိုး၊ နှလုံးနဲ့ အာရုံကြောရောဂါတွေလို နာတာရှည်ရောဂါတစ်ခုခု ခံစားနေရပြီး ကုသမှုခံယူနေရရင်လည်း ကိုယ့်ဘဝကို အလိုမကျမှုတွေ ဖြစ်လာပြီး လိင်ဆက်ဆံတဲ့အခါမှာ ဆန္ဒပြည့်ဝဖို့ခက်ခဲနိုင်ပါတယ်
  • သွေးထိန်းဆေး၊ စိတ်ကျရောဂါကုဆေး၊ ဓာတ်မတည့်တာကို သက်သာစေတဲ့ဆေး စတဲ့ ဆေးအမျိုးအစားတချို့ကို သောက်သုံးရင်လည်း သက်ရောက်မှု ရှိနိုင်ပါတယ်
  • ဘယ်တော့မှ ကောင်းကျိုးမပေးတဲ့ ဆေးလိပ်နဲ့ အရက်သောက်သုံးမှုကလည်း anorgasmia ဖြစ်စေတဲ့ အချက်တစ်ခုဖြစ်နေပါတယ်
  • အသက်ကြီးလာလေ စွမ်းဆောင်ရည်ကျဆင်းလာလေပါပဲ၊ အသက် ၂၀ အရွယ်မှာရှိခဲ့တဲ့နုပျိုလန်းဆန်းမှု၊ ဖျတ်လတ်မှုက အသက် ၆၀ အရွယ်နဲ့ဘယ်လိုမှမတူနိုင်ပါဘူး။ အီစထရိုဂျင်ဟော်မုန်းလျော့နည်းမှုနဲ့ သွေးဆုံးခြင်းကလည်း လိင်ဆက်ဆံတဲ့အခါမှာ ပြီးမြောက်ဖို့ အတားအဆီးတွေ ဖြစ်လာနိုင်ပါတယ်
  • အမျိုးသမီးတစ်ယောက်က အသက်ငယ်စဉ်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အနိုင်ကျင့်မှုတွေ ခံစားခဲ့ရမယ်၊ ကိုယ်က သူများတွေထက် ပိုဝနေလို့ ကိုယ့်ကိုယ်ကို အလိုမကျဖြစ်နေမယ်၊ အလုပ် (ဒါမှမဟုတ်) မိသားစုအရေးကြောင့် စိတ်ဖိစီးမှုများနေမယ်၊ တင်းကျပ်တဲ့ ဘာသာရေးအဆုံးအမတွေနဲ့ ကြီးပြင်းလာရလို့ လိင်ဆက်ဆံတဲ့အခါ ရှက်ကြောက်နေမယ်၊ လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံခဲ့ရဖူးမယ် စသဖြင့် ဒီလိုစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုဖြစ်စေတဲ့ အကြောင်းအရာ တစ်ခုခု ရှိနေမယ် ဆိုရင်လည်း လိင်ဆက်ဆံတဲ့အခါ ပြီးမြောက်ဖို့ အခက်အခဲရှိနိုင်ပါတယ်။

    တစ်ခါတစ်လေကျတော့လည်း ဇနီးမောင်နှံတွေ၊ သမီးရည်းစားတွေကြားမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဆက်ဆံရေး အဖုအထစ်တွေက အမျိုးသမီးမှာ လိင်စိတ်ပြီးမြောက်ဖို့ ခက်ခဲအောင် ဦးတည်သွားတတ်ပါတယ်။ အမျိုးသားဖြစ်တဲ့သူက အလုပ်ပဲအာရုံစိုက်ပြီး ကိုယ့်ဇနီးမယားကို အချိန်မပေးနိုင်တာ၊ နှစ်ယောက်ကြားမှာ ပြဿနာတစ်ခုခုဖြစ်ရင် မဖြေရှင်းဘဲ ထားတာ၊ ကိုယ်ချစ်တဲ့သူက ဖောက်ပြန်နေတယ်လို့ သံသယဝင်တာ စတဲ့အခြေအနေမျိုးတွေက အတူနေချိန်မှာ အမျိုးသမီးအနေနဲ့ ဆန္ဒ မပြီးမြောက်အောင် တားဆီးထားတဲ့ အကြောင်းအရင်းတွေ ဖြစ်နေနိုင်ပါတယ်။

    အမျိုးသမီးတွေ လိင်စိတ်မပြည့်ဝတဲ့ ပြဿနာကို ဘယ်လိုဖြေရှင်းမလဲ

    အမျိုးသမီးတွေ ဆန္ဒမပြည့်ဝရတဲ့ ပြဿနာကို သိမ်သိမ်မွေ့မွေ့ဖြေရှင်းဖို့ လိုအပ်ပါတယ်။ ရောဂါတစ်ခု  ကုသသလို ဘယ်လိုနေ၊ ဘယ်လိုထိုင်၊ ဘာဆေးသောက်၊ ဘယ်လောက်ကြာရင်ပျောက် ဆိုတာမျိုးလည်း မရှိပါဘူး။ ဘယ်အရာတွေက လိင်ဆန္ဒပြည့်ဝဖို့ တားဆီးနေသလဲဆိုတာ အရင်သိအောင်လုပ်ဖို့ လိုပါတယ်။

    ဆရာဝန်နဲ့ ပွင့်ပွင့်လင်းလင်း ပြောဆိုတိုင်ပင်ဖို့ လိုအပ်ပြီး ပြသချိန်မှာလည်း အမျိုးသမီးတိုင်း ကြုံရနိုင်တဲ့ သွေးသားဆန္ဒ ဆိုင်ရာ ပြဿနာတစ်ခုဖြစ်လို့ ဘာမှသိမ်ငယ်နေစရာ၊ ကြောက်ရွံ့နေစရာ မလိုအပ်ပါဘူး။ ဖြစ်ရတဲ့အကြောင်းရင်းကိုသိမှ ဆရာဝန်အနေနဲ့ လိုအပ်တဲ့ဆွေးနွေးတိုင်ပင်မှု၊ကုသမှုတွေဆက်လုပ်ပေးနိုင်မှာဖြစ်ပါတယ်။

    အမျိုးသမီးအများစုကတော့ ဒီလိုဆန္ဒမပြည့်ဝရတဲ့ ပြဿနာကို ကုသတဲ့အခါမှာ အမျိုးသားရဲ့ နားလည်ပေးမှု၊ ဖေးမကူညီမှုတွေက အဓိကကျတယ်လို့ ဝန်ခံပြောဆိုကြပါတယ်။ တကယ်လည်းမှန်ပါတယ်။

    လိင်ဆက်ဆံချိန်မှာ ချစ်သူရဲ့အကြိုက်ကိုသိပြီး လုပ်ဆောင်ပေးတာ၊ လိင်မဆက်ဆံခင်နှိုးဆွတဲ့ foreplay အဆင့်ကို စိတ်ရှည်လက်ရှည် ဆောင်ရွက်ပေးတာတွေကနေ လိင်ပိုင်းဆိုင်ရာအခက်အခဲတွေကို ဆွေးနွေးပြောဆိုကုသပေးတဲ့ Sex therapy ကုထုံးခံယူတာတွေအထိ နှစ်ယောက်အတူတူ တိုင်တိုင်ပင်ပင်နဲ့ လုပ်ဆောင်ကြမယ်ဆိုရင် ဆန္ဒမပြည့်ဝတဲ့ ပြဿနာကို ကျော်လွှားနိုင်ဖို့ အခွင့်အလမ်း ပိုများပါတယ်။

    ရေးသားသူ – Dr.Htoo Tint

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 31/10/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement