ချောဆီ ဆိုတာ လိင်ဆံဆက်ဆံခြင်းကို သက်သောင့်သက်သာနဲ့ ချောမွတ်နေအောင် လုပ်ပေးတဲ့ အရာပါ။ အထူးသဖြင့် လိင်ဆက်ဆံချင်စိတ် ဖြစ်လာပေမယ့်လည်း မအင်္ဂါ မစိုစွတ်နိုင်တဲ့ သူတွေအတွက်ပေါ့။ ဒါ့အပြင် လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်ဖို့ ကွန်ဒုံးသုံးတဲ့အခါမှာလည်း ချောဆီက လွယ်လွယ်ကူကူနဲ့ ဆက်ဆံနိုင်စေပြီး ခံစားမှုအပြည့် ရနိုင်အောင် ကူညီပေးမှာပါ။
ချောဆီတွေက ဘယ်လို အလုပ်လုပ်တာလဲ။
ချောဆီတွေမှာ ဂျယ်ပုံစံနဲ့ အရည်ပုံစံ ဆိုပြီး ရှိပါတယ်။ ချောဆီကို လိင်မဆက်ဆံမီ မိန်းမအင်္ဂါအတွင်းအပြင်နဲ့ လိင်တံတို့ မှာ သုတ်လိမ်းကြပါတယ်။ ပြီးနောက်မှာ အရေပြားက စုပ်ယူသွားပါတယ်။ ရေအခြေခံ၊ အဆီအခြေခံနဲ့ ဆီလီကွန်အခြေခံဆိုပြီး ချောဆီသုံးမျိုးရှိပါတယ်။ ရေအခြေခံ၊ ဆီလီကွန်အခြေခံကတော့ အခြေအနေ တော်တော်များများအတွက် အသုံးတည့်ပြီး အဆီအခြေခံကတော့ ကွန်ဒုံးနဲ့တွဲသုံးမယ်ဆိုရင်တော့ အဆင်မပြေပါဘူး။
ချောဆီ နဲ့ ဆင်တူတဲ့ အခြားအရာတွေကော ရှိသေးလား။
ချောဆီ မရှိတဲ့အခါမှာ တချို့လူတွေက တခြားပစ္စည်းတွေကို အသုံးပြုကြပါတယ်။ အလှဆီ၊ ကလေးလိမ်းဆီနဲ့ အချို့သဘာဝအဆီ ( အုန်းဆီ၊ သံလွင်ဆီ) တို့က ချောဆီနဲ့ ဆင်တူတဲ့ အဆီတွေပါ။ ဒါပေမဲ့လည်း ချောဆီနေရာမှာ ဒီအဆီတွေကို အစားထိုးလို့ မရနိုင်ပါဘူး။ ဒါတွေက ကွန်ဒုံးတွေကို ပေါက်ပြဲစေနိုင်ပါတယ်။ ဒါ့အပြင် မသင့်တော်တဲ့အဆီတွေ သုံးမယ်ဆိုရင် မွေးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်စေနိုင်ပါတယ်။
ဈေးကွက်မှာ တင်သွင်းနေတဲ့ ချောဆီတွေက စပ်ဖျင်းဖျင်းနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်သလား။
အများဆုံးအသုံးပြုနေတဲ့ ချောဆီတွေမှာ benzocaine ၊ ထုံဆေး၊ capsaicin နဲ့ menthol (ပရုတ်တစ်မျိုး) တို့ ပါဝင်ပါတယ်။ ဒါတွေက သုက်လွှတ်မြန်တဲ့ အမျိုးသားတွေအတွက် ထုတ်ထားတာတွေပါ။ အဲဒီ ဓာတုဒြပ်ပေါင်းတွေက တချို့အသုံးပြုသူကို စပ်ဖျင်းဖျင်းနဲ့ ဓာတ်မတည့်တာတွေ ဖြစ်စေတတ်ပါတယ်။
ဒါ့ပြင် အမွှေးနံ့ထည့်သွင်းထားတဲ့ ချောဆီတွေက အထိအခိုက်မခံတဲ့ အရေပြားပိုင်ရှင်တွေမှာဆိုရင် ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်မှာပါ။ Parabens( methyl-, butyl-, ethyl- နဲ့ propyl- parabens များ ) ကတော့ ရောင်ရမ်းခြင်းကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ချောဆီဝယ်တဲ့အခါ ပါဝင်ပစ္စည်းတွေကို စစ်ဆေးသင့်ပါတယ်။
သဘာဝချောဆီဆိုတာ ဘာလဲ။
သဘာဝချောဆီဆိုတာ ချောဆီ တွေမှာပါတဲ့ ဓာတုဒြပ်ပေါင်းတွေနဲ့ ဓာတ်မတည့်တဲ့လူတွေအတွက် ထုတ်ထားတာပါ။ ဗီတာမင်အီးနဲ့ ရှားစောင်းလက်ပပ်တွေ ပါဝင်တဲ့ ချောဆီတွေပဲ ဖြစ်ပါတယ်။ သဘာဝချောဆီအားလုံးထဲမှာတော့ ရှားစောင်းလက်ပပ်ပါတဲ့ ချောဆီဟာ အဆင်ပြေဆုံးပါ။ ဘာလို့လဲဆိုတော့ သူ့ကိုသုံးမယ်ဆိုရင် ဓာတ်မတည့်တာတွေ သိပ်မရှိလို့ပါတဲ့။ ဒါ့အပြင် သဘာဝချောဆီတွေကို ကွန်ဒုံးနဲ့ သုံးမယ်ဆိုရင် အဆင်ပြေမပြေ စမ်းကြည့်သင့်ပါတယ်။
ချောဆီမှာပါတဲ့ သုက်ပိုးသတ်တဲ့ဆေးတွေ ဆိုတာဘာလဲ။
မလိုချင်တဲ့ ကိုယ်ဝန်မရဖို့ သုက်ပိုးသတ်ဆေးပါတဲ့ ချောဆီတွေဟာ သိပ်ကောင်းတဲ့ ရွေးချယ်မှုပါ။ ဒါပေမဲ့လည်း သုက်ပိုးသတ်ဆေးမှာ ယားယံနာကျင်ခြင်းနဲ့ မသက်မသာ ဖြစ်စေတဲ့ nonoxynol-9 ဒြပ်ပေါင်း ပါဝင်ပါတယ်။ ဒါ့အပြင် သုက်ပိုးသတ်ဆေးက အရေပြားပေါက်ပြဲရာတွေကို ပိုဆိုးစေတဲ့အတွက် လိင်မှတစ်ဆင့် ကူးစက်တတ်သော ရောဂါဖြစ်နိုင်ခြေကို များလာစေပါတယ်။
ဒါကြောင့် ကွန်ဒုံးနဲ့ ချောဆီ တွဲသုံးခြင်းက ကိုယ်ဝန်မရစေဖို့နဲ့ လိင်မှတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကို ကာကွယ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။
အရသာသွင်းထားတဲ့ ချောဆီ ဆိုတာဘာလဲ။
အရသာသွင်းထားတဲ့ ကွန်ဒုံးတွေလိုပါပဲ။ အရသာသွင်းထားတဲ့ ချောဆီတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံရာမှာ တစ်မူထူးခြားစေဖို့ အတွက် အသုံးပြုပါတယ်။ တချို့မိန်းမတွေဟာ ပါးစပ်ဖြင့် လိင်ဆက်ဆံဖို့ကို သူတို့အနံ့တွေနဲ့ ရှက်တာကြောင့် မဆက်ဆံရဲကြပါဘူး။ အဲဒီလိုအခြေအနေမျိုးမှာ အရသာသွင်းထားတဲ့ ချောဆီက ကူညီပေးပါတယ်။ ဒါပေမဲ့လည်း ကိုယ်မကြိုက်တဲ့ အရသာတွေ မဖြစ်ရအောင် သေချာဂရုစိုက် သင့်ပါတယ်။ ဥပမာအားဖြင့် ဒူးရင်းအရသာမျိုးတွေပေါ့။ ဒါ့ပြင် ဆီးချိုဖြစ်နေတဲ့ လူတွေလည်း သကြားပါသော ချောဆီတွေကို ရှောင်ရှားသင့်ပါတယ်။
[embed-health-tool-ovulation]