backup og meta

ပရောပရည်လုပ်ခြင်းလား လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Kaung Thar


Dr. Ye Mhan Linn မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပရောပရည်လုပ်ခြင်းလား လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းလား

    အမျိုးသမီးဝါဒ ပေါ်ထွန်းလာခြင်းနဲ့အတူ ပရောပရည်လုပ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းရဲ့ မတူကွဲပြားမှုကို လူအများက အာရုံစိုက်လာကြပါတယ်။ လူတွေဘယ်လိုပဲ ထပ်တလဲလဲပြောဆိုနေကြပါစေ ဒီအကြောင်းအရာနှစ်ခုဟာ ရှင်းရှင်းလင်းလင်း ကွဲပြားခြားနားတာကို သိမြင်နိုင်ပါတယ်။

    ရုပ်ရည်ချောမောပြေပြစ်ခြင်းမရှိသူ အမျိုးသား အမျိုးသမီး အများစုက လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းကို ပရောပရည်လုပ်ခြင်း ခေါင်းစဉ်အောက် ထည့်သွင်းတတ်ကြပေမယ့် ဘယ်ဟာက လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးလုပ်ခြင်းဖြစ်ပြီး ဘယ်ဟာက ပရောပရည်လုပ်ခြင်းဖြစ်သလဲဆိုတာကိုတော့ သင်ကိုယ်တိုင်သာ ဆုံးဖြတ်ရမှာ ဖြစ်ပါတယ်။

    ဘယ်အရာတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းအဖြစ် သတ်မှတ်မလဲ

    အချို့သော ရုပ်ပုံ၊ ဟာသ၊ စကားအသုံးအနှုန်းနဲ့ ထိတွေ့မှုတွေကို “မလျော်ကန်မသင့်တင့်ဘူး” လို့ သတ်မှတ်နိုင်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့ အပြုအမူနဲ့ တုံ့ပြန်မှုတွေဟာ သင့်ကို ကသိကအောက်ဖြစ်စေတယ် စိတ်အနှောင့်အယှက်ဖြစ်စေတယ်ဆိုရင် ဒါဟာ လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်း ဒါမှမဟုတ် နိုင့်ထက်စီးနင်းပြုလုပ်ခြင်း ဖြစ်နေနိုင်တဲ့အတွက် သင်ယုံကြည်ရတဲ့ အရွယ်ရောက်ပြီးသူ တစ်ယောက်ယောက်ကို ဖွင့်ဟတိုင်ပင်ပါ။

    လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်း သို့မဟုတ် နိုင့်ထက်စီးနင်းပြုလုပ်ခြင်းအဖြစ် သတ်မှတ်နိုင်တဲ့ အခြေအနေတွေကတော့

    လူတစ်ဦးတစ်ယောက်ကို သို့မဟုတ် လူတစ်ဦးတစ်ယောက်အကြောင်း လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းဟာသများပြောခြင်း၊ မှတ်ချက်ပေးခြင်း၊ မလျော်မကန် အပြုအမူများ ပြုလုပ်ပြခြင်း

    လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ အင်တာနက်ပေါ်တွင်ဖြစ်စေ လိင်ပိုင်းဆိုင်ရာ ကောလဟာလများ ဖြန့်ဝေခြင်း

    အများသုံးရေချိုးခန်းအိမ်သာများနှင့် အခြား အများနှင့်သက်ဆိုင်သည့် နေရာများတွင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာသားများ ရေးခြင်း

    လူတစ်ဦးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းရုပ်ပုံများ၊ ဗီဒီယိုများ ပြသခြင်း

    လူတစ်ဦးတစ်ယောက်ကို ၎င်း၏ ကိုယ်လုံးတီးပုံများ ပို့ပေးရန် တောင်းဆိုခြင်း

    Facebook ကဲ့သို့ လူမှုကွန်ယက်များပေါ်တွင် လိင်ပိုင်းဆိုင်ရာ ညစ်ညမ်းစာသားများ၊ ရုပ်ပုံများ၊ ဗီဒီယိုများ တင်ခြင်း၊ ညစ်ညမ်းသည့် မက်ဆေ့ခ်ျများ ပေးပို့ခြင်း

    အခြားသူတစ်ယောက်ဟန်ဆောင်ပြီး ညစ်ညမ်းသည့် မှတ်ချက်များပေးခြင်း၊ ကမ်းလှမ်းမှုများ ပြုလုပ်ခြင်း

    လူတစ်ဦးတစ်ယောက်ကို လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ရန် ရည်ရွယ်ချက်ရှိရှိ ထိတွေ့ခြင်း၊ ကိုင်တွယ်ခြင်း၊ တို့ဆိတ်ခြင်း

    လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ရန် ရည်ရွယ်ချက်ဖြင့် လူတစ်ဦးတစ်ယောက်၏ အဝတ်အစားကို ဆွဲခြင်း၊ ပွတ်တိုက်ခြင်း

    ကာယကံရှင်က ငြင်းပယ်ပြီးသော်လည်း မိမိနှင့် သွားလာချိန်းတွေ့ရန် ထပ်တလဲလဲ တောင်းဆိုခြင်း

    ညစ်ညမ်းစာသားများကိုဖြစ်စေ၊ ညစ်ညမ်းရုပ်ပုံများကိုဖြစ်စေ မက်ဆေ့ခ်ျပေးပို့ခြင်း (sexting) ဟာ လုံးဝမလျော်ကန်မသင့်တင့်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ ချစ်သူစုံတွဲဖြစ်နေစေဦးတော့ ညစ်ညမ်းရုပ်ပုံနဲ့ စာသားများ အပြန်အလှန်ပေးပို့ခြင်းဟာ နှစ်ဦးနှစ်ဖက်လုံးကို ပြဿနာဖြစ်စေနိုင်ပါတယ်။

    အချို့အခြေအနေတွေမှာ အဆိုပါမက်ဆေ့ခ်ျတွေကို လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်မှု ဒါမှမဟုတ် နိုင့်ထက်စီးနင်းပြုလုပ်မှုအဖြစ် သတ်မှတ်နိုင်ပြီး မလိုလားအပ်တဲ့ နောက်ဆက်တွဲအကျိုးဆက်တွေ ဖြစ်လာနိုင်ပါတယ်။ နှစ်ကိုယ်ကြားထိန်းသိမ်းထားရမယ့် စာသားနဲ့ ရုပ်ပုံတွေ မသမာသူလက်ထဲ ရောက်ရှိသွားရင်လည်း စိတ်အနှောင့်အယှက်ဖြစ်ရခြင်း၊ ခြိမ်းခြောက်ခံရခြင်း၊ အရှက်ခွဲခံရခြင်း စတဲ့ ဆိုးကျိုးရလဒ်များစွာနဲ့ ရင်ဆိုင်ရဖို့ အလားအလာရှိပါတယ်။

    လူတစ်ဦးတစ်ယောက်ကို သူ့ဆန္ဒမပါဘဲ နမ်းရှုံ့စေခြင်း၊ လိင်ဆက်ဆံစေခြင်း ပြုလုပ်ခဲ့မယ်ဆိုရင်တော့ ဒါဟာ လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်း၊ နိုင့်ထက်စီးနင်းပြုလုပ်ခြင်းတို့ထက် များစွာပိုမိုဆိုးရွားတဲ့ ရာဇဝတ်မှုဖြစ်ပြီး လိင်ဆိုင်ရာထိခိုက်စော်ကားမှု သို့မဟုတ် မုဒိမ်းမှုအဖြစ် သတ်မှတ်နိုင်ပါတယ်။

    ပရောပရည်လုပ်ခြင်းနှင့် လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းကြားက ဝိဝါဒများ

    တစ်ခါတစ်ရံမှာ လိင်ပိုင်းဆိုင်ရာ ဟာသပြောသူတွေနဲ့ မှတ်ချက်ပြုသူတွေဟာ သူတို့ရဲ့အပြုအမူကို ပရောပရည်လုပ်ခြင်းအဖြစ် ရယ်သွမ်းသွေး ပြောဆိုတတ်ကြပြီး သင်ကိုယ်တိုင်လည်း ဒီလိုပြုလုပ်ဖို့ သွေးဆောင်ခံရတာမျိုး ဖြစ်တတ်ပါတယ်။ အခြားသူဘက်ကို လေးလေးနက်နက်မတွေးဘဲ ပေါ့ပျက်ပျက် ပရောပရည်လုပ်ရင်း လက်လွန်နှုတ်လွန်သွားရာကနေ လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်း ဖြစ်သွားတတ်ပေမယ့် အမှန်တကယ် မရည်ရွယ်ဘဲ ပြုလုပ်မိသလားဆိုတာကတော့ စဉ်းစားဆင်ခြင်စရာ အချက်တစ်ခု ဖြစ်လာပါတယ်။

    ပရောပရည်လုပ်ခြင်းနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းကြားမှာ မပြတ်သားတဲ့အပိုင်းတစ်ခု ရှိနေပြီး ဒီအပိုင်းဟာ များသောအားဖြင့် ရုပ်ရည်မပြေပြစ်တဲ့ အမျိုးသားတွေ၊ ကံမကောင်းတဲ့ အမျိုးသားတွေ၊ လမ်းကြောင်းလွဲနေတဲ့ အမျိုးသားတွေနဲ့ ဆက်စပ်နေတာကိုလည်း တွေ့နိုင်ပါတယ်။ ဒါဆိုရင် ဘယ်ဟာကို ပရောပရည်လုပ်ခြင်းအဖြစ် သတ်မှတ်ပြီး ဘယ်ဟာကို လိင်ပိုင်းဆိုင်ရာ အနှောင့်အယှက်ပြုခြင်းအဖြစ် သတ်မှတ်ကြမလဲ။

    တကယ်တော့ ပရောပရည်လုပ်ခြင်းဆိုတာ နှစ်ဦးနှစ်ဖက်လုံးက လိုလားနှစ်သက်တဲ့ အာရုံစိုက်မှုတစ်ခုပါပဲ။ အချို့အခြေအနေတွေမှာ ကသိကအောက်ဖြစ်စရာ ကြုံရနိုင်ပေမယ့် ပရောပရည်လုပ်ခြင်းက သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေမှာ မဟုတ်ပါဘူး။ တဆက်တည်းမှာပဲ သင့်ကို စိတ်အနှောင့်အယှက်မဖြစ်စေတဲ့အရာကို ထိပါးကရိပါးပြုလုပ်ခြင်းအဖြစ် မသတ်မှတ်နိုင်ပါဘူး။

    တစ်စုံတစ်ယောက်က သင့်ကို နေရထိုင်ရခက်အောင် တမင်ရည်ရွယ်ပြီး ညစ်ညစ်ညမ်းညမ်း ပြောဆိုပြုမူမယ်ဆိုရင်တော့ လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးလုပ်ခြင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

    လိင်ပိုင်းဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းဆိုတာ သင်မလိုချင်တဲ့၊ သင့်ကို စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ တစ်စုံတစ်ယောက်ရဲ့ အာရုံစိုက်မှု သို့မဟုတ် အပြုအမူကို ဆိုလိုတာဖြစ်ပါတယ်။ တစ်ယောက်ယောက်ရဲ့ ပရောပရည်လုပ်ခြင်းကို မခံချင်ရင် အဲဒီလူကို ရပ်တန့်ဖို့ ပြောသင့်သလို ပြောနေတဲ့ကြားက ဆက်လုပ်နေမယ်ဆိုရင်တော့ ဒါကို ထိပါးကရိပါးပြုလုပ်ခြင်းအဖြစ် မှတ်ယူနိုင်ပါတယ်။

    ပရောပရည်လုပ်ခြင်းနဲ့ လိင်ဆိုင်ရာ ထိပါးကရိပါးပြုလုပ်ခြင်းရဲ့ကြားက အဓိက ကွာခြားချက်ကတော့ မိမိရဲ့လိုလားခြင်း၊ မလိုလားခြင်းပဲ ဖြစ်ပါတယ်။ သင့်ကို ထိပါးနှောင့်ယှက်သူက ဘယ်လိုပင် မရည်ရွယ်ပါဘူးလို့ ပြောပါစေ သူ့ရဲ့အပြောအဆို အပြုအမူအပေါ် သင်ဘယ်လိုခံစားရတယ် ဆိုတာကသာ အဓိကကျပါတယ်။

    အကယ်၍ သင့်ကိုယ်သင် ဝေခွဲမရဘူးဆိုရင် “ဒီလူရဲ့ အပြောအဆို အပြုအမူကို သင်တကယ် လိုလားသလား၊ ဒီအတိုင်း ဆက်ဖြစ်စေချင်သလား” ဆိုတာ ကိုယ့်ကိုယ်ကိုယ် မေးခွန်းထုတ်ကြည့်ပါ။ မလိုလားဘူး၊ သဘောမတွေ့ဘူးလို့ အဖြေထွက်လာခဲ့ရင်တော့ သင့်မိဘ၊ ဆရာသမား၊ ဆွေးနွေးပညာပေးသူ ဒါမှမဟုတ် သင်ယုံကြည်ရတဲ့ အရွယ်ရောက်ပြီးသူတစ်ယောက်ယောက်ကို ပြောပြတိုင်ပင်သင့်ပါတယ်။

     

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Kaung Thar


    Dr. Ye Mhan Linn မှ ရေးသားသည်။ · 10/02/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement