backup og meta

လိင်အင်္ဂါကြွက်နို့ ကုသနည်း နဲ့ ကင်ဆာပြောင်းနိုင် မပြောင်းနိုင်

Written by Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG


2 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    လိင်အင်္ဂါကြွက်နို့ ကုသနည်း နဲ့ ကင်ဆာပြောင်းနိုင် မပြောင်းနိုင်

    လိင်အင်္ဂါကြွက်နို့က HPV ဗိုင်းရပ်စ်ကြောင့် ဖြစ်ပြီး လိင်ကတဆင့်ကူးစက်တဲ့ ရောဂါဖြစ်ပါတယ်။ အမျိုးသားမှာရော၊ အမျိုးသမီးမှာပါ ဖြစ်တတ်ပြီး လိင်တံ၊ မိန်းမကိုယ်နဲ့ စအိုတစ်ဝိုက်မှာ အဖုလေးတွေအနေနဲ့ ရှိတတ်ပါတယ်။ လိင်အင်္ဂါကြွက်နို့ရှိတဲ့အခါ အများစုက ရှက်တာကြောင့် လာမကုကြတာ၊ တွေ့ရာဆေးတွေ လိမ်းကြတာတွေ ရှိပါတယ်။ ဒါကြောင့် လိင်အင်္ဂါကြွက်နို့ ကုသနည်း ကို ပြောပြပေးပါ့မယ်။

    လိင်အင်္ဂါကြွက်နို့ ကုသနည်း တွေကို အိမ်မှာသုံးလို့ ရမရ

    အရင်ဆုံး သိထားရမှာက လိင်အင်္ဂါကြွက်နို့ကို ကိုယ့်ဟာကိုယ်ကုလို့ မရဘူးဆိုတာပါ။ ဘာမှန်းမသိတဲ့ လိမ်းဆေးတွေ၊ ကြွက်နို့ကပ်ခွာ၊ အသားမာကပ်ခွာ စတာတွေ မသုံးရပါဘူး။ ဒါတွေက လိင်အင်္ဂါနေရာအတွက် ထုတ်ထားတာမဟုတ်တဲ့အတွက် အရေပြားလောင်တာ၊ စားတာတွေ ဖြစ်ပြီး ပိုဆိုးတတ်ပါတယ်။

    လိင်အင်္ဂါကြွက်နို့ကို ကုမယ်ဆိုရင် အထွေထွေရောဂါကုဆရာဝန် ဒါမှမဟုတ် အရေပြားဆရာဝန်နဲ့ ပြသရပါမယ်။

    လိင်အင်္ဂါကြွက်နို့ကို ဘာကြောင့်ကုရတာလဲ

    လိင်အင်္ဂါကြွက်နို့က သူ့အလိုလိုလည်း ပျောက်ပါတယ်။ ဒါပေမယ့် တချို့တွေမှာ လနဲ့ချီပြီးတော့ စောင့်ရတာမျိုးတွေ ရှိပါတယ်။ အလိုလိုပျောက်နိုင်ပေမယ့် ဘာကြောင့်ကုရသလဲဆိုရင်

    • ကြွက်နို့ဖြစ်စေတဲ့ ဗိုင်းရပ်စ်က သူများကို မကူးအောင်
    • ကြွက်နို့ကြောင့် ယားတာ၊ နာတာ သက်သာအောင်
    • သန့်ရှင်းရေးလုပ်ရခက်တဲ့ နေရာ (ဥပမာ စအိုနားမှာ) မှာ ပေါက်နေတဲ့ ကြွက်နို့ဖြစ်နေတာ စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။

    များသောအားဖြင့်လည်း လူနာတွေက ကြွက်နို့ဖြစ်ရင် ကုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့အတွက် သက်သောင့်သက်သာမဖြစ်လို့ရယ်၊ အဖော်ဆီ ကူးသွားမှာစိုးလို့ရယ်၊ ကင်ဆာလို့ ထင်ကြတာရယ်ကြောင့်ပါ။

    လိင်အင်္ဂါကြွက်နို့ ကုသနည်း

    လိင်အင်္ဂါကြွက်နို့ ကုသနည်း က အများကြီး ရှိပါတယ်။ ဆရာဝန်က ကိုယ့်ကြွက်နို့အခြေအနေ၊ အရေအတွက်နဲ့ ကျန်းမာရေးအခြေအနေပေါ် မူတည်ပြီး သင့်တော်တာကို ရွေးပေးမှာ ဖြစ်ပါတယ်။

    အကြမ်းအားဖြင့် လိမ်းဆေးရယ်၊ အသေးစားကုသနည်းရယ်ဆိုပြီး ရှိပါတယ်။

    လိမ်းဆေးများ

  • Imiquimod
  • ကရင်မ်အမျိုးအစားဖြစ်ပြီး ကြွက်နို့ကို ခန္ဓာကိုယ်က တိုက်ထုတ်နိုင်အောင် ခုခံအားကို မြှင့်တင်ပေးတာ ဖြစ်ပါတယ်။ ဆေးလိမ်းထားတဲ့အချိန်ဆို အတူနေတာမျိုး မလုပ်ရပါဘူး။ ဆက်ဆံဖော်ရဲ့ အရေပြားကို စပ်ဖျင်းဖျင်း ဖြစ်စေလို့ပါ။ နောက်ပြီး ကွန်ဒုံးကို စားသွားနိုင်တဲ့ သတ္တိလည်း ရှိပါတယ်။

    ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားနီတာလောက်ပဲ ဖြစ်တတ်ပါတယ်။ တချို့သူတွေမှာ အရည်ကြည်ဖုပေါက်တာ၊ ကိုယ်လက်ကိုက်တာ၊ ချောင်းဆိုးတာ၊ နုံးတာ ဖြစ်တတ်ပါတယ်။

    • Podophyllin

    ကြွက်နို့ရှိတဲ့နေရာကို တို့ပေးရတာ ဖြစ်ပါတယ်။ ဆရာဝန်က တို့ပေးရတာ ဖြစ်ပါတယ်။ အတွင်းပိုင်းနေရာတွေ (ဥပမာ မိန်းမကိုယ်အတွင်းပိုင်း၊ စအိုအတွင်းပိုင်း)မှာ မသုံးရပါဘူး။

    ကိုယ်ဝန်ဆောင်ချိန်မှာလည်း မသုံးရပါဘူး။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားစပ်ဖျင်းဖျင်း ဖြစ်တတ်ပါတယ်။

    • Trichloroacetic acid

    အတွင်းပိုင်းကို ရောက်နေတဲ့ ကြွက်နို့တွေကို ကုသရာမှာ သုံးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ အရေပြားစပ်ဖျင်းဖျင်း ဖြစ်တတ်ပါတယ်။

    • Sinecatechins

    ဒီကရင်မ်ကိုတော့ လိင်အင်္ဂါကြွက်နို့အပြင် စအိုနားက ကြွက်နို့အတွက်ပါ သုံးနိုင်ပါတယ်။ အရေပြားစပ်ဖျင်းဖျင်းဖြစ်တာ၊ နီရဲတာ ဖြစ်တတ်ပေမယ့် အဆိုးကြီးတော့ မဟုတ်ပါဘူး။

    အသေးစားကုသနည်းများ

    ကြွက်နို့က ကြီးလွန်းရင် ဒါမှမဟုတ် အပေါ်က လိမ်းဆေးတွေနဲ့ မသက်သာရင် အသေးစားကုသနည်းတွေကို သုံးရတတ်ပါတယ်။ နောက်ပြီး ကိုယ်ဝန်ဆောင်ချိန်မို့လို့ ဆေးတွေ မသုံးချင်ဘူး။ မွေးတဲ့အချိန်မှာ ကလေးဆီရောက်သွားတာမျိုးလည်း မလိုချင်ဘူးဆိုရင် ခုပြောမယ့် နည်းလမ်းတွေနဲ့ ကုသနိုင်ပါတယ်။

    • Cryotherapy

    နိုက်ထရိုဂျင်အရည်ကို သုံးပြီး ကြွက်နို့ကို အေးခဲလိုက်တာ ဖြစ်ပါတယ်။ အေးခဲလိုက်တဲ့အတွက် ကြွက်နို့ပေါ်က အရေပြားပျက်စီးသွားပြီး ကြွက်နို့ပါ ကွာသွားပါတယ်။ ဒါကို တစ်ကြိမ်မက လုပ်ရနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ နာတာ၊ ရောင်တာ ဖြစ်တတ်ပါတယ်။

    • Electrocautery

    ဒါကတော့ လျှပ်စီးကြောင်း အသေးစားကို သုံးပြီး ကြွက်နို့တွေကို ရှို့လိုက်တာ ဖြစ်ပါတယ်။ ကုသမှု ပြီးတဲ့အခါ နာကျင်မှုနဲ့ ရောင်ရမ်းမှုအနည်းငယ်ခံစားရတတ်ပါတယ်။

    • ခွဲစိတ်နည်း

    ဒါကတော့ ကြွက်နို့ကို ထုံဆေးသုံးပြီး ခွဲလိုက်တာ ဖြစ်ပါတယ်။ ထုံဆေးပြယ်တဲ့အခါ အနည်းငယ်နာတတ်ပါတယ်။

    • လေဆာကုထုံး

    ဒါက စျေးပိုကြီးတဲ့အတွက် ကုရခက်တဲ့ ကြွက်နို့တွေကျမှပဲ ဒီနည်းကို သုံးပါတယ်။ ဘေးထွက်ဆိုးကျိုးအနေနဲ့ နာတာ၊ အမာရွတ်ကျန်တာ ဖြစ်တတ်ပါတယ်။

    ဘယ်လိုနည်းနဲ့ ကုမယ်၊ ဘယ်နှခါကုမယ်ဆိုတာကတော့ ရောဂါအခြေအနေပေါ် မူတည်ပါတယ်။

    လိင်အင်္ဂါကြွက်နို့ ကုသနည်း‌ တွေ အသုံးပြုစဉ်မှာ ဘာတွေသတိထားရမလဲ

    • ကိုယ်ဝန်ရှိနေတယ် ဒါမှမဟုတ် ကိုယ်ဝန်ယူဖို့ ကြိုးစားနေတယ်ဆိုရင် ဆရာဝန်ကို ကြိုပြောပါ။ တချို့ဆေးတွေက ကိုယ်ဝန်ဆောင်တွေမှာ သုံးလို့မရပါဘူး။
    • ဆေးကုသနေစဉ်မှာ ကြွက်နို့နေရာကို ဆပ်ပြာတွေ သိပ်မသုံးပါနဲ့။ အရေပြား စပ်ဖျင်းဖျင်းဖြစ်တာ ပိုဆိုးတတ်ပါတယ်။
    • တချို့လိမ်းဆေးတွေက ကွန်ဒုံးကို စားနိုင်တဲ့အတွက် ကွန်ဒုံးသုံးတဲ့သူဆိုရင် ဆရာဝန်ကို ဒီအကြောင်းမေးရပါမယ်။
    • ဆေးကုသနေစဉ်မှာ ဆေးလိပ်မသောက်ပါနဲ့။ ပျောက်ဖို့ ပိုကြာတတ်ပါတယ်။
    • ကြွက်နို့မပျောက်မချင်း ဘယ်နည်းနဲ့မှ (မိန်းမကိုယ်၊ စအို၊ ပါးစပ်) လိင်မဆက်ဆံပါနဲ့။ လိင်ဆက်ဆံမယ်ဆို ကွန်ဒုံးသုံးပါ။ ကွန်ဒုံးသုံးမယ်ဆို လိမ်းနေတဲ့ ဆေးနဲ့ အဆင်ပြေနိုင်လား မေးပါ။ တစ်ခုရှိတာက ကြွက်နို့က ကွန်ဒုံးမကာနိုင်တဲ့နေရာ (ဥပမာ ပေါင်ခြံ)မှာဆိုရင် ကြွက်နို့ကူးတာကို တားပေးနိုင်မှာ မဟုတ်ပါဘူး။ ဒါကြောင့် ဆေးကုလို့ မပြီးမချင်း အတူမနေတာ အကောင်းဆုံးပါ။

    ကုပြီးရင် ပြန်ဖြစ်နိုင် မဖြစ်နိုင်

    လိင်အင်္ဂါကြွက်နို့က ကုပြီးရင်လည်း ပြန်ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုထုံးတွေ၊ လိမ်းဆေးတွေက ကြွက်နို့အဖုကိုပဲ ကုပေးနိုင်တာဖြစ်ပြီး ဖြစ်စေတဲ့ ဗိုင်းရပ်စ်ကို သတ်ပေးတာ မဟုတ်ပါဘူး။ ဗိုင်းရပ်စ်အတွက် တိကျတဲ့ ကုသမှုလည်း မရှိသေးတဲ့အတွက် ပြန်ဖြစ်နိုင်ပါတယ်။

    အထူးသဖြင့် ကိုယ်ခံအားကျနေရင် ပြန်ဖြစ်နိုင်တဲ့အတွက် ကျန်းမာအောင် နေထိုင်စားသောက်သင့်ပါတယ်။

    ကင်ဆာပြောင်းနိုင် မပြောင်းနိုင်

    လိင်အင်္ဂါကြွက်နို့က ကင်ဆာမဟုတ်သလို ကင်ဆာလည်း မပြောင်းနိုင်ပါဘူး။ HPV ဗိုင်းရပ်စ်တွေ အများကြီးရှိပြီး လိင်အင်္ဂါကြွက်နို့ဖြစ်တဲ့ အမျိုးအစားက ကင်ဆာပြောင်းဖို့ low-risk အမျိုးအစားထဲမှာ ပါတာကြောင့်ပါ။

    နောက်တစ်ခုက HPV ကာကွယ်ဖို့ ထိုးဖို့ လိုမလိုဆိုတာပါ။ လိင်အင်္ဂါကြွက်နို့ဖြစ်ဖူးလည်း HPV ကာကွယ်ဆေး (သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး) ထိုးလို့ ရပါတယ်။ ခုနကပြောခဲ့သလို ကြွက်နို့ဖြစ်တဲ့ HPV အမျိုးအစားနဲ့ ကင်ဆာဖြစ်စေတဲ့ အမျိုးအစား မတူတာကြောင့်ပါ။ ခုနောက်ပိုင်းမှာ CDCက အသက် ၄၅နှစ်အထိ HPV ကာကွယ်ဆေး ထိုးလို့ရတယ်လို့ ဆိုပါတယ်။

    များသောအားဖြင့်ကတော့ လိင်မဆက်ဆံရသေးတဲ့သူတွေကို ထိုးပေးတာပါ။ ကိုယ်က လိင်ဆက်ဆံမှုရှိပေမယ့် ကာကွယ်ဆေးမထိုးရသေးဘူးဆိုရင် ဆေးထိုးရင် အကျိုးကျေးဇူးရနိုင် မရနိုင်ကို ဆရာဝန်နဲ့ တိုင်ပင်ပြီး ထိုးနိုင်ပါတယ်။

    အနှစ်ချုပ်

    လိင်အင်္ဂါကြွက်နို့က ကုသပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ကိုယ့်ဘာသာကိုယ် ဆေးတွေလိမ်းတာ၊ ကပ်ခွာတွေ ကပ်တာမျိုး မလုပ်ဖို့ အကြံပေးချင်ပါတယ်။ ဗိုင်းရပ်စ်ရှိနေသေးတဲ့အတွက် ပြန်ဖြစ်နိုင်တာကြောင့် ကိုယ်ခံအားကောင်းအောင် နေထိုင်စားသောက်ဖို့ လိုပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    Written by

    Htet Htet Zaw Win

    အထွေထွေရောဂါကုဆရာဝန် · HHG


    2 ရက် အကြာက တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement