backup og meta

HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Hello Sayarwon Panel မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား

    ခုခံအားကျဆင်းမှုရောဂါပိုး (HIV) ကူးစက်ခံရခြင်းဟာ သေမိန့်ကျပြီးသား ရောဂါတစ်ခုဆိုတဲ့ အယူအဆကနေ ဒါဟာ ထိန်းချုပ်နိုင်တဲ့ နာတာရှည်ရောဂါတစ်မျိုးဖြစ်တယ်ဆိုတဲ့ ရှုထောင့်သစ်ဆီကို ပြောင်းလဲလို့ လာခဲ့ပါပြီ။ ဆေးပညာဖွံ့ဖြိုးတိုးတက်မှုက အံ့မခန်းဖြစ်တာမို့ HIV ပိုး ကူးစက်ခံနေရသူတွေအနေနဲ့ မိမိရဲ့ အိမ်ထောင်ဖက် သို့မဟုတ် မွေးဖွားလာမယ့် ကလေးဆီကို ရောဂါပိုးမကူးစက်ဘဲ ကလေးယူလို့ ရနိုင်မယ့် အနေအထားတစ်ရပ်ကို ဆောင်ကြဉ်းခဲ့ပြီ ဖြစ်ပါတယ်။

    HIV ပိုးကို ကုသရာမှာ တိုးတက်ဖြစ်ထွန်းထွက်ပေါ်လာတဲ့ မျှော်လင့်ချက်ရောင်ခြည်လေးကို Mount Elizabeth Novena ဆေးရုံရဲ့ ကူးစက်ရောဂါကုဆရာဝန် Dr Leong Hoe Nam က အခုလို မျှဝေပေးခဲ့ပါတယ်။

    HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား

    HIV ပိုးရှိနေတဲ့ စုံတွဲတွေ ကလေးယူလို့ရနိုင်သေးလား ဆိုတော့

    “လွန်ခဲ့တဲ့ တစ်နှစ်ကျော်လောက်က ကျွန်တော့်ဆီကို လူနာတစ်ယာက် လွှဲလိုက်တယ်ခင်ဗျ။ သူ့နာမည်က ကိုကျော် ဆိုပါစို့ဗျာ။ ကိုကျော်က HIV ပိုး ကူးစက်ခံနေရတာ။ ထုံးစံအတိုင်းပဲပေါ့…. သူ့မှာ HIV ရှိနေပြီဆိုတာကို စစသိချင်းမှာ ကိုကျော်လည်း အလဲလဲအပြိုပြိုပေါ့လေ။ သာယာတဲ့ အိမ်ထောင်သည်ဘဝကိုလည်း လိုချင်သေးတဲ့ လူလွတ်တစ်ယောက်အနေနဲ့ သူ့ဘဝတစ်ခုလုံးတော့ သွားပါပြီလို့ ကိုကျော်က တွေးမိလိုက်တာကိုး။ ဒါပေမယ့် သူက အခြေအနေကို အရှိအတိုင်း လက်ခံပြီး ကုသမှုတွေကို ချက်ချင်းပဲ ခံယူခဲ့တယ်ဗျ။

    အဲ.. လအနည်းငယ်လောက်ကြာတဲ့အခါကျတော့ သူ့ဘဝနေထိုင်မှုပုံစံတွေက အားလုံးနီးပါး ပုံမှန်အတိုင်း တစ်ခါ ပြန်လည်ပတ်နေပြီလေ။ ချွင်းချက်လေးတစ်ခုတော့ ရှိတာပေါ့… သူ့မှာ ရည်းစားသနာ၊ လက်တွဲဖော်တော့ မရှိဘူးလေ။

    လွန်ခဲ့တဲ့ ခြောက်လလောက်တုန်းက ကိုကျော်က ကျွန်တော့်ကို ဘာပြောသလဲဆိုတော့ ဆရာတဲ့.. ကျွန်တော့်မှာ ချစ်သူရှိနေပြီ။ သူက ကျွန်တော့် ရောဂါအကြောင်းကိုလည်း သိတယ်။ နားလည်း နားလည်ပေးတယ်တဲ့။ ဒါနဲ့ ကျွန်တော်လည်း သူ့ချစ်သူအမျိုးသမီးကိုခေါ်တွေ့ပြီး ရောဂါရဲ့ အတိမ်အနက်နဲ့ ကူးစက်ပုံအနေအထားတွေကို ရှင်းပြရတာပေါ့။ အခု သူတို့နှစ်ယောက်က လက်ထပ်ပြီး သဘာဝနည်းအတိုင်းပဲ ကလေး လိုချင်သတဲ့လေ။ ကျွန်တော်လည်း သူတို့ကို ကူညီပါ့မယ်လို့ အာမဘန္တေခံလိုက်တယ်။

    HIV ပိုးကို တိုက်ထုတ်ရာမှာ ကမ္ဘာအနှံ့ ဖြစ်ပေါ်တိုးတက်မှုများ

    သက္ကရာဇ်နှစ်ထောင်ပြည့်နှစ်လောက်ကစလို့ ကမ္ဘာတစ်လွှား HIV ပိုးကူးစက်ခံရတဲ့ လူနာအသစ် တွေ့ရှိမှုပမာဏဟာ ၃၅%လောက် ကျဆင်းသွားခဲ့ပါတယ်။ ကလေးတွေမှာဆို ၅၈%လောက်ထိကို ကျဆင်းခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုလို နိုင်ငံမျိုးမှာပဲဖြစ်ဖြစ် (အရင်က ကူးစက်နှုန်းအင်မတန်များပြားတဲ့) အာဖရိကနိုင်ငံတွေမှာပဲဖြစ်ဖြစ် HIV လူနာအသစ် တွေ့ရှိမှုဟာ ကျဆင်းလာပါတယ်။

    HIV ပိုးကို တိုက်ဖျက်ရာမှာ ကမ္ဘာအနှံ့ ဒီလိုမျိုး သိသာထင်ရှားတဲ့ အပေါင်းလက္ခဏာရလာဒ်တွေ ထင်ထင်ရှားရှား ဖြစ်ပေါ်လာတာဟာ လူထုကြားအသိအမြင် နိုးကြားလာခြင်း၊ စောစောသိပြီး စောစောကုသခြင်း၊ ပိုမိုကောင်းမွန်တဲ့ ဆေးဝါးတွေနဲ့ ကုသခြင်းဆိုတဲ့ အချက်တွေကြောင့်ဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ အကာအကွယ်ပစ္စည်း ကွန်ဒုံး အသုံးပြုခြင်းဟာလည်း ရောဂါကူးစက်မှုကို ၈၅-၉၅%လောက်ထိကို လျှော့ချပေးနိုင်တာကို တွေ့ခဲ့ရပါတယ်။ နောက်ထပ် သိသာထင်ရှားတဲ့ အဓိက တိုးတက်မှုတခုကတော့ HIV ဆေးတွေကို ယခင်ကထက် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲလာနိုင်ခြင်းပဲ ဖြစ်ပါတယ်။ သင့်တော်မှန်ကန်တဲ့ ကုသမှုကို ခံယူခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ ဗိုင်းရပ်စ်ပမာဏကို လျှော့ချပေးနိုင်တဲ့အတွက် တခြားလူဆီထပ်မံ ကူးစက်နိုင်စွမ်းကို လျော့နည်းသွားစေနိုင်ပါတယ်။

    HIV ပိုးကူးစက်ခံနေရကြောင်း စောစောသိနိုင်ပြီ

    HIV ပိုး ကူးစက်ခံနေရခြင်း ရှိ၊ မရှိကို စောလျင်စွာ သိရှိနိုင်နေပြီ ဖြစ်ပါတယ်။ အတိအကျပြောရရင် အစောဆုံးအနေနဲ့ ပိုးကူးစက်ခံရပြီး ခုနှစ်ရက်မြောက်နေ့မှာပဲ HIV ပိုး ကူးစက်ခံရမှုကို အဖြေထုတ်သိရှိနိုင်မှာပါ (အဆိုပါ အချိန်ဟာ လူ့ခန္ဓာကိုယ်ထဲရှိ ဆဲလ်တွေထဲကို ဗိုင်းရပ်စ်ပိုး ဝင်ရောက်နေတဲ့အချိန်ပဲ ဖြစ်ပါတယ်)။ ပိုးကူးစက်ခံရပြီး နှစ်ဆယ့်တစ်ရက်အကြာမှာတော့ စတုတ္ထမျိုးဆက် antigen-antibody assay ကိုအသုံးပြုခြင်းအားဖြင့် HIV ပိုးရှိမရှိကို အတိအကျ သိရှိနိုင်ပါပြီ။ ဒီလို ပိုးရှိမရှိဖော်ထုတ်တဲ့ ဇကာတိုက်စစ်ဆေးမှု (screening test)ကို ဆေးရုံတွေအားလုံးနဲ့ ဓာတ်ခွဲခန်းအားလုံးနီးနီးမှာ အလွယ်တကူလုပ်ဆောင်နိုင်ပြီး HIV ပိုးရှိမရှိကို ဖော်ထုတ်စစ်ဆေးဖို့အတွက် စင်ကာပူနိုင်ငံမှာ အများဆုံး အသုံးပြုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။

    Antibodies ကိုပဲ စစ်ဆေးတဲ့ တတိယမျိုးဆက်စစ်ဆေးမှုနည်းလမ်းနဲ့ မတူတဲ့အချက်ကတော့ ယခုစတုတ္ထမျိုးဆက်ဟာ antibodies နဲ့ antigens နှစ်မျိုးလုံးကို ရှာဖွေဖော်ထုတ်ပေးနိုင်ခြင်းပဲ ဖြစ်ပါတယ်။ HIV ပိုးရဲ့ အမှတ်အသား antigens တွေကို တိုက်ထုတ်ဖို့အတွက် ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်က ထုတ်လုပ်လိုက်တဲ့ ပစ္စည်းတွေကို antibodies (ဝါ)ပဋိပစ္စည်းတွေလို့ ခေါ်ပါတယ်။ antigens တွေဟာ HIV ပိုးရဲ့ မျက်နှာပြင်မှာ ကပ်ပြီးတည်ရှိနေတဲ့ ပရိုတင်းလေးတွေ ဖြစ်ပါတယ်။ တချို့လူနာတွေမှာဆိုရင် ခန္ဓာကိုယ်ထဲမှာ ပဋိပစ္စည်းတွေ ထွက်ရှိမလာခင်အချိန်မှာတောင် antigens တွေကို ဖော်ထုတ်စစ်ဆေးလို့ ရကောင်းရနိုင်ပါတယ်။ ဒါကြောင့် ခန္ဓာကိုယ်ထဲမှာ HIV ပိုးရှိနေသော်ငြား သွေးစစ်ရင်မပေါ်တဲ့ ကာလဖြစ်တဲ့ window period ကို တိုသွားစေမှာပဲ ဖြစ်ပါတယ်။

    HIV ပိုးကူးစက်ခံရသူအား ကုသခြင်း

    HAART လို့အတိုကောက်ခေါ်တဲ့ စွမ်းအားမြင့် အေအာရ်တီဆေးဟာ HIV ပိုးကူးစက်ခံရသူကို ကုသရာမှာ ရှေ့တန်းကို ရောက်လာပြီဖြစ်ပါတယ်။ ဒီကုသမှုဟာ HIV ပိုးပွားများခြင်းကို ဖိနှိပ်ထိန်းချုပ်ပေးတဲ့ ဆေးအမျိုးမျိုးကို ပေါင်းစပ်ထားတာဖြစ်တာကြောင့် ဆေးယဉ်ပါးခြင်းကိုလည်း တော်ရုံတန်ရုံ မဖြစ်ပေါ်နိုင်တော့ပါဘူး (ဆေးယဉ်ပါးခြင်းဆိုတာဟာ လက်ရှိသုံးနေတဲ့ ဆေးဝါးတွေကို ဗိုင်းရပ်စ်ပိုးက ခံနိုင်ရည်ရှိသွားပြီး ဆေးမတိုးတော့တာကို ဆိုလိုပါတယ်)။

    HIV ပိုးကို ကုသရာမှာ အဓိကထားတဲ့ ပန်းတိုင်ကတော့ ဗိုင်းရပ်စ်ပိုးပမာဏကို စမ်းသပ်စစ်ဆေးလို့မရလောက်တော့တဲ့ ပမာဏအထိ နည်းပါးသွားအောင် လျှော့ချဖို့ပဲ ဖြစ်ပါတယ်။ ဒီနေ့ခေတ်ရရှိနိုင်တဲ့ ဆေးဝါးတွေဟာ ဘေးထွက်ဆိုးကျိုးနည်းပါးပြီး တစ်နေ့ကိုတစ်ကြိမ်သုံးစွဲဖို့ပဲ လိုအပ်မှာပါ။ ဒီလို ပေါင်းစပ်ထားတဲ့ ဆေးတွေကို တစ်နေ့တစ်ပြားပဲ သောက်ဖို့လိုအပ်တာမို့ လူနာတွေကလည်း သဘောကျကြပါတယ်။

    ကုသမှုခံယူပြီးတဲ့နောက် ဘာတွေ ဆက်ဖြစ်မှာလဲ

    ဆေးဝါးကုသမှုခံယူမယ်ဆိုရင် HIV လူနာတွေဟာ ပုံမှန်အတိုင်း လူတန်းစေ့နေနိုင်မှာ ဖြစ်ပြီး ခုခံအားစနစ်ဟာလည်း တဖြည်းဖြည်းနဲ့ (အထိုက်အလျောက်) ပြန်လည်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ လူနာအများအပြားဟာ သာယာတဲ့ လိင်မှုဘဝကို သူတို့ရဲ့ ချစ်သူအိမ်ထောင်ဖက်တွေနဲ့ ပုံမှန်အတိုင်း ဆက်လက်ခံစားရရှိနိုင်မှာ ဖြစ်ပါတယ်။HAART ဆေးဝါးသုံးစွဲနေသူတွေဆီကနေပြီး အိမ်ထောင်ဖက်(လိင်ဆက်ဆံဖက်)ဆီ ရောဂါကူးစက်ပျံ့နှံ့တာမျိုး မရှိသေးဘူးလို့ နောက်ဆုံးလေ့လာချက်တွေအရ သိရှိရပါတယ်။

    ဒါကြောင့် HIV လူနာတွေအနေနဲ့ အိမ်ထောင်ဖက် သို့မဟုတ် မွေးလာမယ့်ကလေးဆီကို HIV ပိုး မကူးစက်ဘဲ ကလေးယူနိုင်နေပြီဖြစ်ပါတယ်။ ဆေးပညာရဲ့ တိုးတက်မှုတွေကတော့ အံ့မခန်းပါ။

    သင့်သွေးထဲမှာ ရှိတဲ့ CD4 ပမာဏ (ဒါဟာ သင့်ခုခံအားစနစ် ဘယ်လောက်ကောင်းမွန်နေသေးလဲဆိုတာကိုပြတဲ့ ညွှန်းကိန်းပါ) နဲ့ ဗိုင်းရပ်စ်ပိုးပမာဏဟာ ရောဂါကူးစက်ပျံ့ပွားနိုင်ခြေကို အကျိုးသက်ရောက်မှုရှိပါတယ်။ CD4 ပမာဏနည်းလေလေ၊ ဗိုင်းရပ်စ်ပမာဏများလေလေ တခြားသူဆီ ကူးစက်နိုင်ချေလည်း များလေလေပါပဲ။ ဒါက ရှင်းပါတယ်။ ကုသမှုခံယူမယ်ဆိုရင်တော့ CD4 ပမာဏကို (HIV ဗိုင်းရပ်စ်ပိုးကို ဖိနှိပ်ထားနိုင်လောက်တဲ့ အနေအထားမှာ) ထိန်းချုပ်ထားနိုင်မှာဖြစ်ပါတယ်။ HAART ဆေးဝါးသုံးစွဲခြင်းအားဖြင့် HIV ပိုးကူးစက်ပြန့်ပွားနိုင်ခြေကို သိသိသာသာကြီး လျှော့ချပေးနိုင်တာကို စာရင်းဇယားတွေအရ သိရှိရပါတယ်။

    ရေးသားသူ− Dr.Leong Hoe Nam

    (ကူးစက်ရောဂါကုဆရာဝန်၊ Mount Elizabeth Novena ဆေးရုံ)

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Hello Sayarwon Panel မှ ရေးသားသည်။ · 06/12/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement