backup og meta

HIV နဲ့ပတ်သက်လို့ မိဘတွေဘာသိထားသင့်သလဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    HIV နဲ့ပတ်သက်လို့ မိဘတွေဘာသိထားသင့်သလဲ

    သင်ဟာ မိဘတစ်ယောက်အနေနဲ့ သင့်ရဲ့ကလေးကို အထူးသဖြင့် HIVကဲ့သို့ ရောဂါဆိုးကြီးမှ ကင်းဝေးပြီး အမြဲကျန်းမာအောင် ကာကွယ်ချင်မှာပါ။ ယခုခေတ်ကာလမှာ HIV ရောဂါပိုး ရှိတဲ့လူငယ်လူရွယ် အရေအတွက်ဟာ အရမ်းကို များပြားလာပြီဖြစ်တဲ့အတွက် သင့်ကလေးမှာ ဒီလိုရောဂါပိုး ကူးစက်ခြင်းမှ ရှောင်ကြဉ်ဖို့ရာ နည်းလမ်းများကို သင်ကိုယ်တိုင် ရှာဖွေစုဆောင်းထားဖို့ အရမ်းအရေးကြီးပါတယ်။ ဒါ့အပြင် တကယ်လို့ သင့်ကလေးမှာ HIVရောဂါပိုး ရှိလာမယ်ဆိုရင်လည်း ဘယ်လိုကူညီထောက်ပံ့မှုပေးရမယ်ဆိုတာကို လေ့လာထားဖို့ရာ အရမ်းအရေးကြီးပါတယ်။

    သင့်ကလေးကို HIVရောဂါပိုးအကြောင်း ဘယ်လိုပညာပေးမလဲ။

    သင်ဟာ သင့်ကလေးရဲ့ စံနမူနာကောင်း ဖြစ်အောင် နေထိုင်ပါ။

    သင့်ကလေးဟာ သင့်ရဲ့ အပြုအမူအလေ့ အထတွေကို အတုခိုးပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သင်အနေနှင့်လည်း သင့်လျော်တဲ့အပြုအမူအနေအထိုင် အလုပ်အကိုင် စသဖြင့် စံပြုရလောက်အောင် ဖြစ်နေဖို့လိုအပ်တယ်ဆိုတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒီလိုအပြုအမူတွေကနေ ပြဿနာ ဖြေရှင်းရာ၊ ဆုံးဖြတ်ချက်ချရာ စတာတွေမှာ သင်ဘယ်လိုပြုမူတယ်ဆိုတာကို ကလေးက သေချာမြင်တွေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင်သင်ဟာ HIVရောဂါပိုးရှိသူတွေကို ခွဲခြားဆက်ဆံခြင်း မပြုဘူးဆိုရင် သင့်ကလေးဟာလည်း သင့်ရဲ့ အပြုအမူအတိုင်းပဲ လိုက်လုပ်ပါလိမ့်မယ်။ HIVရောဂါပိုးရှိသူတွေနဲ့ အပေါ်ယံထိတွေ့မှုဟာ ရောဂါပိုး မကူးစက်နိုင်ဘူးဆိုတာကို သူတို့နားလည်လာနိုင်ပါတယ်။ ဒီလိုအသိဟာ သူတို့ကိုယ်ပိုင် သိနားလည်လာရုံ သာမကပဲ သူတို့နေထိုင်တဲ့ ပတ်ဝန်းကျင်ကိုပါ အသိပညာပြန့်သွားစေနိုင်ပါတယ်။

    သင့်ကိုယ်သင် ဗဟုသုတကြွယ်ဝလာအောင် ပြင်ဆင်ပါ။

    သင့်ကလေးကို HIVသို့မဟုတ် AIDS ရောဂါအကြောင်း ပညာမပေးခင်မှာ သင့်ကိုယ်သင် ဗဟုသုတ ကြွယ်ဝသော မိဘတစ်ယောက် ဖြစ်ရန် ကြိုးစားဖို့ အလွန်အရေးကြီးပါတယ်။ သို့မှသာ ဒီလိုသေစေနိုင်တဲ့ ရောဂါကို သူတို့ရှောင်ရှား ဖို့ရာ သင်ကူညီပေးနိုင်မှာ ဖြစ်ပါတယ်။ သင်ဟာ သင့်ကလေးတွေကို HIV ရောဂါပိုး ကူးစက်ပုံနည်းလမ်းတွေ၊ ဘယ်လိုကာကွယ်ရမယ်ဆိုတာနဲ့ သူတို့ကိုယ်သူတို့ ကာကွယ်နိုင်အောင် ဘာတွေလုပ်ရမယ် စတာတွေကိုသိဖို့ရာ အလွန်အရေးကြီးပါတယ်။ လိုအပ်မယ်ဆိုရင် လုံလောက်တဲ့ အသိပညာ ဗဟုသုတ ရရှိဖို့ နိုင်ငံအတွင်းမှအဖွဲ့အစည်း အချို့ရဲ့ လမ်းညွှန်စာအုပ်စာပေများကို ဖတ်ရှုဖို့လိုအပ်ပါတယ်။

    အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးတဲ့အခါဖြစ်လာတဲ့ အကြောင်းတရားတွေကို သူတို့ကို နားလည်အောင် သင်ကြားပေးပါ။

    သင့်ကလေးကို အရက် သို့မဟုတ် မူးယစ်ဆေးသုံးစွဲ ခြင်းနှင့်HIV သို့မဟုတ်AIDS ရောဂါရဲ့ ကြားကဆက်သွယ်မှု ကိုသင်ကြားပြသပေးပါ။ အရက်နှင့် မူးယစ်ဆေး သုံးစွဲခြင်းက HIVရောဂါပြန့်ပွားမှု အန္တရာယ် ကိုမြင့်မားနိုင်တယ်ဆိုတာ သူတို့ သိအောင် ပြုလုပ်ပေးပါ။ အရက်နှင့် မူးယစ်ဆေးဝါး သုံးစွဲခြင်းက သတိမဲ့ အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကို ဖြစ်လာစေနိုင်တယ်ဆိုတာကို ပြောပြပါ။ တစ်ဖက်မှာလည်း မူးယစ်ဆေးဝါး အကြောထဲ သွင်းခြင်းက HIVရောဂါ ကူးစက်နိုင်တယ်ဆိုတာ သင့်ကလေးသိအောင် ပြောပြပေးဖို့ နားလည်ပါစေ။ ဒါကြောင့် အရက် သို့မဟုတ် မူးယစ်ဆေးဝါး သုံးပြီးတဲ့နောက် ဖြစ်လာတဲ့ အကျိုးဆက်တွေအကြောင်းကို သင့်ကလေးကို အသိပညာပေးဖို့ အရေးကြီးပါတယ်။

    HIVရောဂါ ရှိနေတဲ့ သင့်ရဲ့ကလေးကို ဘယ်လိုပံ့ပိုးကြမလဲ။

    ကလေးကို ဖျားနာကိုက်ခဲမှုတွေမဖြစ်အောင် ကာကွယ်ပေးရပါမယ်။

    တကယ်လို့ သင့်ရဲ့ HIVရောဂါပိုး ရှိနေတဲ့ကလေးဟာ ဖျားနာနေမယ်ဆိုရင် ဒါဟာအမှန်တကယ်ကို ကြောက်စရာကောင်းတယ်ဆိုတာသိရပါမယ်။ သို့သော် သင်ဟာ ကလေးကျန်းမာရေး ကောင်းလာအောင် အစာကောင်းကောင်း ကျွေးခြင်း၊ ဆေးတိုက်ခြင်း၊ ပုံမှန်ကျန်းမာရေး စောင့်ရှောက်မှုများ ပြုလုပ်ပေးခြင်းအားဖြင့် ဖျားနာမူမရှိအောင် ကာကွယ်ပေးနိုင်ပါတယ်။ သင်ဟာ ကလေးဖျားနာမှုကို အမြဲတမ်း မကာကွယ်ပေးနိုင်ဘူးဆိုရင်တောင် ကလေးနေကောင်းနေအောင်တော့ ကူညီပေးနိုင်ပါတယ်။

    ပထမဦးဆုံး လုပ်ရမယ့် အရာကတော့ သင့်ကလေးဟာ ကာကွယ်ဆေးအပြည့်အဝထိုးပြီး ပြီလားဆိုတာ အလွန်အရေးကြီးပါတယ်။ ထိုးထားတဲ့ ကာကွယ်ဆေးတွေကလည်း အချိန်မှန်ထိုးထားခြင်း ဖြစ်နေရပါမယ်။ HIVရောဂါပိုး ရှိနေတဲ့ကလေးတွေမှာလည်း အခြားကလေးတွေမှာ ထိုးရတဲ့ကာကွယ်ဆေးတွေလိုပဲ ထိုးရမှာဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးရဲ့ ခုခံအားစနစ်ဟာ အားနည်းနေမယ်ဆိုရင် သင့်ကလေးဆရာဝန်နှင့် ချက်ချင်းပြသ ဆွေးနွေးသင့်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူတို့ရဲ့ခုခံအားစနစ်ဟာ အမြဲ အတက်အကျဖြစ် နေတဲ့အတွက် သန့်သန့်ရှင်းရှင်း နေထိုင်ခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းမှု ကောင်းခြင်း၊ လက်ကို သေချာစွာ ဆေးကြောခြင်း စတာတွေကို ပြုလုပ်ပြီး နေမကောင်းဖြစ်ခြင်း၊ ဖျားနာခြင်းကနေ ကာကွယ်နိုင်ဖို့အတွက် အမြဲသတိရှိရပါမယ်။

    သင့်ကလေးဆေးသောက်ချင်လာအောင် ကူညီပေးပါ။

    သင့်ကလေးဟာHIVရောဂါအတွက် သောက်ရမယ့် ဆေးတွေကို အမြဲ ပုံမှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ သင့်ကလေးဟာ ဘယ်လိုဆေးဝါးကုသမှုမျိုးပဲ ခံယူနေပါစေ နေ့စဉ်အချိန်မှန်ဆေးသောက်ရာမှာ ကူညီပေးသင့်ပါတယ်။ နောက်တစ်ခု သတိထားရမှာကတော့ HIVရောဂါအတွက် သောက်တဲ့ဆေးတွေဟာ အစာနဲ့ သောက်ပေးဖို့ လိုအပ်ပါတယ်။

    ဒီလိုဆေးသောက်ရာမှာ ကူညီပေးရမယ့် အပြင်သူ/ သူမကိုယ်တိုင် ကလည်း ဆေးကို ပုံမှန်သောက်လာနိုင်အောင် လေ့ကျင့်သင်ကြားပေးဖို့ သတိရပါ။ ဒီလိုလေ့ကျင့်တဲ့ အခါမှာ ကလေးကြိုက်တတ်တဲ့ ချောကလက်လိုမျိုး၊ အချိုရည်လိုမျိုးကို ဆေးသောက်တဲ့အတွက် ဆုပေးသလိုပေးခြင်းအားဖြင့် ဆေးသောက်ချင်လာအောင် လေ့ကျင့်ပေးနိုင်ပါတယ်။ HIVရောဂါအတွက် သောက်တဲ့ဆေးတွေကို ပုံမှန်တိုက်ပေးခြင်းဟာ သင့်ကလေးကျန်းမာလာအောင် ကူညီပေးတာနဲ့ အတူတူပဲဖြစ်ပါတယ်။

    သင့်ကလေးကို HIVရောဂါပိုးအကြောင်း အသိပညာဗဟုသုတပေးခြင်းက မိဘများအတွက် အကြီးမားဆုံး လုပ်ငန်းတာဝန်တစ်ရပ်ပဲ ဖြစ်ပါတယ်။ ဒါ့အပြင် သူတို့လေးတွေ ရောဂါပိုး ကူးစက်ခြင်း မရှိအေင် ကာကွယ်ပေးတာနဲ့ အတူတူပဲ ဖြစ်ပါတယ်။ တကယ်လို့ သင့်ကလေးဟာ HIVရောဂါပိုး ရှိတယ်လို့ အတည်ပြုပြီးသွားလျှင် သူတို့ကို အားပေးကူညီနိုင်ဖို့ မှန်ကန်သော နည်းလမ်းတွေကို သိထားသင့်ပါတယ်။ ဒါ့အပြင် သူတို့လေးတွေကို စကားလုံးနဲ့ ဖော်မပြနိုင်အောင် ချစ်တယ်ဆိုတာကို နားလည်နေပါစေ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Khin Yin Kyay မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement