ကိုယ်ဝန်မရှိလိုသေးသူတစ်ဦးသည် ကိုယ်ဝန်တားနည်း များအကြောင်းပြည့်စုံစွာ သိရန် လိုအပ်သည့်အပြင် သုံးစွဲရန်လည်း လက်လှမ်းမီမှု ရှိရမည်။
သားဆက်ခြားနည်း ရွေးချယ်သုံးစွဲမှုများသည် သက်ဆိုင်ရာ အမျိုးသမီး၏
- အသက်
- အမူအကျင့်နှင့် လူမှုရေးဆိုင်ရာအချက်များ
- ရွေးချယ်ရန် အခွင့်အရေး လက်လှမ်းမီမှု
- သင့်တော်သော ပညာပေး နှစ်သိမ့်ဆွေးနွေးခြင်း
- ကုန်ကျစရိတ် စသည့်အချက်များပေါ်တွင် မူတည်သည်။
ဥပမာ အိမ်ထောင်ရှိ ကလေးမိခင်တစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံ နှင့် အိမ်ထောင်မရှိသူ လိင်ဆက်ဆံဖော် တစ်ဦးမကရှိသူ မိန်းကလေးတစ်ဦး ကိုယ်ဝန်တားနည်း ရွေးချယ်ပုံသည် များစွာကွဲပြားမှုရှိမည် ဖြစ်သည်။
ကျန်းမာရေးအခြေအနေအရ သားဆက်ခြားနည်း
- လတ်တလောကိုယ်ဝန်ရှိသူ
သုံးစွဲရန်မလို။
- ရောဂါမကူးစက်ရန်
ကွန်ဒုံးသုံးနိုင်။ကွန်ဒုံးသုံးစွဲခြင်းဖြင့် ကိုယ်ဝန်တားပေးသည့် အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်ပေးသည်။
- နို့တိုက်မိခင်
ဟော်မုန်းပါသားဆက်ခြားနည်းကို တတ်နိုင်သမျှ(ကလေး၆ပတ် မကျော်မီ) မသုံးရန်။ သို့သော် progestrone ပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ estrogen ဟော်မုန်းသည် နို့ထွက်နည်းစေသောကြောင့်ဖြစ်သည်။ ကလေး မွေးပြီး ၆လအတွင်း မိခင်နို့တစ်မျိုးတည်းသာတိုက်ရသောကြောင့် နို့ထွက်နည်း လျှင် ကလေးအာဟာရမပြည့်ပေ။
ကလေး၆လကျော်ရင် ဟော်မုန်းပါသော ဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ ကလေး၆လကျော်လျှင် ဖြည့်စွက်စာစားသောကြောင့် မိခင်နို့ထွက်နည်းသော်လည်း စိုးရိမ်စရာမရှိချေ။
- သွေးတိုးရှိသူ (အပေါ်သွေး ၁၄၀၊အောက်သွေး ၉၀)၊ သွေးကြောပိတ်ရောဂါရှိသူ၊ သွေးရောဂါရှိသူ၊ ခေါင်းကိုက်ရောဂါရှိသူ၊ အသည်းရောဂါရှိသူ
ဟော်မုန်းပါသောဆေးမသုံးရန်။ ဖြစ်နိုင်ပါက ၃လခံဆေး မသုံးရန်။ progestrone တားဆေးကဒ်သုံးနိုင်။ ကွန်ဒုံးသုံးနိုင်။ ဟော်မုန်းပါသောဆေးများသည် သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း အစရှိသည်တို့ကို ပိုဆိုးစေနိုင်သောကြောင့်ဖြစ်သည်။
- တီဘီရောဂါရှိသူ
ဟော်မုန်းပါသော ဆေးကဒ်များ မသုံးရန်။ ၃လခံဆေး သုံးနိုင်သည်။ တီဘီဆေးသည် ဆေးကဒ်များ၏ အာနိသင်ကို ကျစေပြီး ဆေးသောက်နေရင်း ကိုယ်ဝန်ရတတ်သောကြောင့်ဖြစ်သည်။
- အဝလွန်ခြင်းနှင့် ကိုယ်အလေးချိန်ထိန်းလိုသူ
ဟော်မုန်းပါသောတားဆေးများကို တတ်နိုင်သမျှရှောင်ရန်။ ဟော်မုန်းမပါသော သားအိမ်အတွင်းထည့်ပစ္စည်းIUDသုံးနိုင်သည်။
- နှစ်ရှည်တားလိုသူ
လက်မောင်းတွင်းထည့် တားဆေးImplanon NXT၊ သားအိမ်အတွင်းထည့် ပစ္စည်းIUDသုံးနိုင်သည်။
သားဆက်ခြားနည်း အမျိုးမျိုး၏ ထိရောက်မှုကို နှိုင်းယှဉ်ခြင်း
သားဆက်ခြားနည်း သာမန်သုံးသူ နည်းစနစ်မှန်သုံးသူ
- ကွန်ဒုံး ၈၅% ၉၈%
- အရေးပေါ်တားဆေး မသိရ နာရီ ၁၂၀အတွင်းသုံးပါက ၇၅%
- ဟော်မုန်း၂မျိုးပါတားဆေးကဒ် ၉၂% ၉၉.၇%တားဆေးကဒ်
- progestrone တစ်မျိုးတည်းပါတားဆေးကဒ် ၉၂% ၉၉.၇%
- ၃လခံထိုးဆေး ၉၇% ၉၉.၉၇%
- လက်မောင်းအရေပြားအောက်ထည့်တားဆေး ၉၇% ၉၉.၉၇%
- သားအိမ်တွင်းထည့်ပစ္စည်း ၉၉.၉၂% ၉၉.၉၄%
- ရက်ရှောင်ခြင်း ၇၅% ၉၁-၉၉%
- မိန်းမကိုယ်ပြင်ပ လိင်ဆက်ဆံခြင်း (ဥပမာ ပါးစပ်ဖြင့် ဆက်ဆံခြင်း) ၁၀၀% ၁၀၀%
သားဆက်ခြားနည်းများအား ရရှိနိုင်မှု
ဟော်မုန်းပါသောက်ဆေးများ၊ ကွန်ဒုံးများ၊ အရေးပေါ်တားဆေးများအား ဆေးဆိုင်အများအပြား၌ အလွယ်တကူ ရရှိနိုင်သော်လည်း ၃လခံထိုးဆေး၊ လက်မောင်းတွင်းထည့် ကိုယ်ဝန်တားနည်းနှင့် သားအိမ်တွင်းထည့်ပစ္စည်းတို့မှာ ဆေးရုံဆေးခန်းများတွင် ကျွမ်းကျင်သော ဆရာဝန်များအကူအညီဖြင့်သာ ရရှိနိုင်သည်။
ထပ်ဆင့် မျှဝေလိုသော စကား
- မိမိအဖော်တွင် လိင်မှတစ်ဆင့် ကူးစက်တတ်သောရောဂါများရှိနေနိုင်ကြောင်း သံသယရှိလျှင် ကွန်ဒုံးသုံးပါ။
- နည်းစနစ်မှန်ကန်စွာသုံးခြင်းဖြင့် ကိုယ်ဝန်အပြင် လိင်မှတဆင့်ကူးစက်တတ်သောရောဂါများကိုပါ ကာကွယ်နိုင်သည်။
- ကွန်ဒုံးအပို အမြဲအသင့်ထားရှိပါ။
- ကွန်ဒုံး ပေါက်ပြဲမှု ရှိ မရှိ သေချာစွာ စစ်ဆေးပြီးမှ အသုံးပြု ပါ။
- ကွန်ဒုံး ပေါက်ပြဲသွားပါက ဆက်ဆံပြီးချင်း အရေးပေါ်တားဆေးသောက်ပါ။
- လိင်စိတ်ဖြေရန် လက်ကိုင်ခြင်း၊ ဖက်ခြင်း၊ နမ်းရှုံ့ခြင်း၊ တစ်ကိုယ်တော်စိတ်ဖြေခြင်း၊ ပါးစပ်မှတဆင့် လိင်ဆက်ဆံခြင်းများသည် ကိုယ်ဝန်မရစေနိုင်ပါ။
- အရေးပေါ်တားဆေးကို ပုံမှန်တားဆေးအဖြစ် သုံးရန်မသင့်ပါ။ တစ်လအတွင်း အကြိမ်ကြိမ်မသုံးသင့်ပါ။
တားဆေးကဒ်သောက်စဉ်မေ့လျော့ခြင်း
တားဆေးကဒ်သောက်ရန် မေ့လျော့လျှင် ကိုယ်ဝန်ရတတ်သောကြောင့် အောက်ပါအတိုင်းဆောင်ရွက်ပါ။
- ဆေးကဒ် အပေါ်ဆုံးနှစ်တန်း(ပထမ ၁၄ လုံး)မှ မေ့ပါက
သတိရရခြင်း တစ်လုံးသောက်ပါ။ ပုံမှန်အချိန်တွင်လည်း တစ်လုံးသောက်ပါ။ ကျန်ဆေးများအား အစဉ်အတိုင်းဆက်သောက်ပါ။ ကွန်ဒုံးကို ၇ရက်သုံးပါ။
- ဆေးကဒ် တတိယတန်း(၇)လုံးမှ မေ့ပါက
သတိရရခြင်း တစ်လုံးသောက်ပါ ။အဆိုပါ အတန်းမှ ဆေးများအား ကုန်အောင်ဆက်သောက်ပါ။ ပြီးလျှင်နောက်ဆုံးအတန်းကို မသောက်ဘဲ ဆေးကဒ်အသစ် ပြန်စသောက်ပါ ။ ကွန်ဒုံးကို ၇ရက်သုံးပါ။
- ဆေးကဒ် နောက်ဆုံးအတန်း (၇)လုံး (အနီရောင်ဆေးလုံးအတန်း ) မှ မေ့ပါက
မေ့သွားသောဆေးလုံးများအား ထုတ်ပစ်ပြီး ကျန်ဆေးများကို ဆက်သောက်ပါ။
ရေးသားသူ – Dr. May Thazin Oo
[embed-health-tool-ovulation]