ဒါကြောင့် လက်မထပ်ခင် ဘယ်နှရက် ကြိုတင်ပြီး ကိုယ်ဝန်တားသင့်သလဲ ဆိုတာထက် အတူတူမနေခင် ဘယ်နှရက်ကြိုတင်ပြီး ကိုယ်ဝန်တားထားရင် စိတ်ချရမလဲ၊ ဒီနည်းတွေ အာနိသင်ပြဖို့ ဘယ်လောက်စောင့်ရမလဲ ဆိုတာကို ပြောပြချင်တာပါ။
အကြမ်းအားဖြင့် ကလေးတစ်ခါမှ မမွေးဖူးသေးတဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ ပုံမှန်အသုံးပြုလို့ ရတဲ့ သားဆက်ခြားနည်း (၅)နည်းရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်းနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ။
အဲဒီ (၅)နည်းထဲမှာ ကွန်ဒုံးက အတူနေပြီဆိုမှ အသုံးပြုရင်ရပါတယ်။ မှားတတ်တာလေးတွေ ပြောရရင် ကွန်ဒုံးက အတူစနေကတည်းက သုံးရမယ်။ ပြီးခါနီးမှ စွပ်လို့မရဘူး။ ဒီနည်းက ကိုယ်ဝန်တင်မကဘဲ ရောဂါတွေ မကူးစက်အောင်ပါ ကာကွယ်ပေးတယ်။
သို့သော် အမျိုးသားသုံးကွန်ဒုံးတွေသာ ဝယ်ရလွယ်တာမို့ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု အရေးကြီးတယ်။ သူသုံးချင်ဖို့ သုံးတတ်ဖို့ လိုတယ်ပေါ့။ နောက်တစ်နည်း၊ သားအိမ်ထဲပစ္စည်းထည့်တာကလည်း ဟော်မုန်းမပါဘူး။ ဒီတော့ ထည့်လိုက်တာနဲ့ ချက်ချင်းအာနိသင်ပြတယ်။
ဘယ်လောက်တောင်လဲဆို အရေးပေါ် ကိုယ်ဝန်တားတဲ့ အနေနဲ့တောင် လိင်ဆက်ဆံမိပြီး ၅ ရက်အတွင်း ထည့်လို့ရသေးတယ်။ ဒီနည်းက အိမ်ထောင်ခုမှကျစ အမျိုးသမီးတွေတော့ သိပ်သုံးလေ့မရှိဘူး။ အရင်ကတော့ ကလေးမမွေးဖူးသေးရင် ထည့်ရခက်တာမို့ မထည့်ပေးကြပေမယ့် နောက်ပိုင်းမှာ အင်မတန်သေးငယ်တဲ့ ပစ္စည်းတွေ ပေါ်လာတာမို့ ထည့်မယ်ဆိုလည်း ထည့်လို့ရပါတယ်။
ကျန်တဲ့ (၃)နည်းကတော့ ဘယ်နှရက်ကြိုသုံးရမလဲဆိုတာဟာ မိန်းကလေးရဲ့ ရာသီလာတဲ့ရက်ပေါ် မူတည်ပါတယ်။
နေ့စဉ် သောက်ဆေးကဒ်က ရာသီစပေါ်ပြီး (၅)ရက်အတွင်း (ရာသီပြီးတဲ့ရက် မဟုတ်ပါ၊ စပေါ်တဲ့ရက်ပါ) သောက်ရင် ချက်ချင်းအာနိသင်ပြပါတယ်။ ထိုးဆေးနဲ့ လက်မောင်းတွင်းထည့်ပစ္စည်းက ရာသီစပေါ်ပြီး (၇)ရက်အတွင်း သုံးရင် ချက်ချင်းအာနိသင်ပြပါတယ်။ ဒါကြောင့် အဲဒီရက်တွေအတွင်းမှာ စသုံးမယ်ဆိုရင် ဘယ်နှရက်မှ ကြိုလုပ်စရာ မလိုပါဘူး။ နက်ဖြန်မင်္ဂလာဆောင်ဆိုရင် ဒီနေ့ ဆေးကဒ်စသောက်လို့ ရပါတယ်။ ထိုးဆေးထိုးလို့ ရပါတယ်။
မှတ်ချက်များ
သင့်အတွေးများကို ဝေမျှပါ။
သင့်ကျန်းမာရေးအတွေးများကို Hello Sayarwonနဲ့ ဝေမျှလိုက်ပါ။
ဆက်သွယ်ရန် သို့မဟုတ် ဝင်မည်။ နှင့် ဝင်ရောက်ဆွေးနွေးပါမည်။