backup og meta
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေးစစ်ဆေးခြင်း
ဆရာဝန်အား မေးမည်။
သိမ်းဆည်းမည်

“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”

Written by Dr. Phio Thiha · သားဖွားပညာ · Phyo Clinic (Pazundaung)


28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

“သတို့သမီးလောင်းတွေ ရွေးချယ်လို့ရတဲ့ သားဆက်ခြားနည်းများ”

~ မင်္ဂလာခန်းမကြီးထဲ ~ ဒီမင်္ဂလာခန်းမကြီးထဲ ~ တို့နှစ်ဦးလက်တွေတွဲ ခိုင်မြဲသောအချစ်တွေ သက်သေထူမယ် ~

တစ်သက်မှာ တစ်မင်္ဂလာ ဆိုတဲ့အတိုင်းပဲ ကျွန်တော်တို့ မြန်မာ့ယဉ်ကျေးမှုမှာတော့ အိမ်ထောင်ရေးဆိုတာကို သိပ်တန်ဖိုးထားကြတယ်။ လွယ်လွယ်မတည်ဆောက်တတ်ကြသလို၊ လွယ်လွယ်နဲ့လည်း အိမ်ထောင်တစ်ခုကို အဆုံးသတ်လေ့ မရှိပါဘူး။ ဒါကြောင့် ချစ်သူနှစ်ဦး ဘဝတစ်ခုကို အတူဖြတ်သန်းဖို့ ဆုံးဖြတ်ပြီးပြီဆိုရင် အဲဒီလက်ထပ်မင်္ဂလာပွဲလေးကို တစ်သက်လုံးအမှတ်တရ ဖြစ်နေအောင် စီစဉ်ကြတယ်။ Pre-wedding photo ကို စိတ်ကူးဆန်းဆန်းနဲ့ လှလှလေးတွေ ရိုက်မယ်၊ မင်္ဂလာဧည့်ခံပွဲကို ခမ်းခမ်းနားနား လုပ်မယ်၊ လက်မှတ်ထိုးတဲ့ အခမ်းအနားကို ဘယ်လိုအစီအစဉ်နဲ့ ဘယ်နေရာမှာ လုပ်မယ်၊ ဒီလိုမျိုး စိတ်ကူးကောင်းရင် ကောင်းသလို၊ တတ်နိုင်ရင် တတ်နိုင်သလို အမှတ်တရလေးတွေ ဖန်တီးကြတယ်။

အဲဒီလိုတွေ လက်ထပ်ပွဲနဲ့ပတ်သက်ပြီး စီစဉ်နေကြတဲ့တစ်ပြိုင်တည်းမှာ နောင်တစ်ချိန်ရလာမယ့် မိသားစုလေးအတွက်လည်း စီမံကိန်းချထားဖို့ လိုတယ်။ လက်ထပ်ပြီး ဘယ်နှနှစ်နေရင် ကလေးယူမယ်၊ ဘယ်နှယောက်ယူမယ်၊ ဘယ်လိုပြုစုပျိုးထောင်မယ် စသဖြင့်ပေါ့။

ဒီဘက်ခေတ်မှာ မိန်းကလေးတွေဟာ အိမ်ထောင်ကျပြီးရင် အလုပ်ထွက်၊ အိမ်မှုကိစ္စလုပ်၊ ကလေးမွေး ဆိုတဲ့ပုံစံက သိပ်ရှားသွားပြီ။ အလုပ်တွေလုပ်ကြမယ်၊ ကျောင်းတွေဆက်တက်မယ်၊ ပညာတွေသင်မယ်၊ ဒီလိုဖြစ်လာပြီ။ အဲဒီအခါ ကိုယ်မလိုချင်သေးတဲ့အချိန်မှာ၊ ကလေးယူဖို့ အဆင်သင့်မဖြစ်သေးတဲ့အချိန်မှာ ကိုယ်ဝန်ရသွားရင် အခက်အခဲဖြစ်နိုင်တယ်။

ကျောင်းဆက်တက်ရဦးမယ်၊ အလုပ်တွေလုပ်ရဦးမယ်၊ စီးပွားရှာရဦးမယ်၊ ဒီလိုအချိန်မှာ မလိုချင်သေးဘဲနဲ့ ကိုယ်ဝန်မရအောင် ဘယ်လိုတားထားကြမလဲ၊ ဘယ်လိုနည်းလမ်းတွေ ရှိသလဲ၊ သူတို့ရဲ့ အားသာချက်၊ အားနည်းချက်တွေက ဘာတွေလဲ ပြောပြပေးသွားပါမယ်။

အဲ့ဒီလို သတို့သမီးလောင်းတစ်ယောက် အသုံးပြုလို့ရတဲ့ သားဆက်ခြားနည်း (၅)မျိုး ရှိပါတယ်။ ကွန်ဒုံး၊ နေ့စဉ်သောက်ဆေးကဒ်၊ ထိုးဆေး၊ လက်မောင်းတွင်းထည့်ပစ္စည်းနဲ့ သားအိမ်တွင်းထည့်ပစ္စည်းတွေပါ၊၊

အရင်တုန်းကတော့ သားအိမ်တွင်းထည့်ပစ္စည်းကို ကလေးတစ်ခါမှ မမွေးဖူးသေးရင် သုံးဖို့ အဆင်မပြေဘူးလို့ဆိုကြပါတယ်။ ကလေးမမွေးဖူးသေးတော့ သားအိမ်ခေါင်းက ကျဉ်းနေတတ်တာမို့ ထည့်ရခက်တတ်တယ်ပေါ့။ နောက်ပြီး ထည့်ရင်းနဲ့ မတော်တဆပိုးဝင်သွားရင် ကလေးမရနိုင်တော့တာမျိုးလည်း ဖြစ်တတ်တယ်။ ဒါပေမယ့် နောက်ပိုင်းပေါ်လာတဲ့ ပစ္စည်းတွေက တော်တော်လေးကိုမှ အရွယ်အစားသေးတယ်။ ထည့်ရလွယ်တယ်။ ကလေးမွေးဖူးထားစရာ မလိုတော့ဘူး။ ထည့်ရင်းနဲ့ ပိုးဝင်တယ်ဆိုတာကလည်း စိတ်ချရတဲ့ ဆေးရုံဆေးခန်းတွေမှာဆို မဖြစ်ဘူး။ ဒါကြောင့် ဒီနည်းကိုလည်း သုံးမယ်ဆို သုံးလို့ရတယ်ဆိုတာလေး သိစေချင်ပါတယ်။ ဒါပေမယ့် လက်ထပ်ပြီးစမှာ ဒီပစ္စည်းသုံးတဲ့သူက အင်မတန်နည်းတာမို့ ဒီဆောင်းပါးမှာတော့ ခဏချန်ထားလိုက်မယ်။ အဲဒီလိုပဲ သုတ်ရည်အပြင်ထုတ်တဲ့နည်း၊ ရက်ရှောင်တဲ့နည်းတို့လို သဘာဝနည်းလမ်းတွေကလည်း ဘေးထွက်ဆိုးကျိုးမရှိဘူး ဆိုပေမယ့် အမှားအယွင်းများတယ်၊ မှားလို့ရှိရင် ကိုယ်ဝန်ရသွားနိုင်တယ်။ ဒါကြောင့် အသုံးအများဆုံး (၄)နည်းကိုပဲ ရေးလိုက်ပါမယ်။

၁။ ကွန်ဒုံး

အားသာချက်

• ဟော်မုန်းကြောင့်ဖြစ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ (ဥပမာ ခေါင်းမူးတာ၊ ဇက်ကြောတက်တာ၊ ခန္ဓာကိုယ်အလေးချိန်ပြောင်းတာ) မခံစားရဘူး။

• ဘယ်သူမဆို အသုံးပြုလို့ ရတယ်၊ မတည့်တဲ့သူဆိုတာ မရှိဘူး။ (ရှားရှားပါးပါး Latex allergy ရှိသူကလွဲရင်)

• ဝယ်ရတာလည်း အရမ်းလွယ်တယ်။

• ဆရာဝန်၊ ဆရာမအပေါ် မှီခိုနေစရာ မလိုဘူး၊ ကိုယ့်ဟာကိုယ် သုံးနေရုံပဲ။

• သူ့ရဲ့ အဓိကအားသာချက်ကတော့ ကိုယ်ဝန်အပြင် လိင်ကတစ်ဆင့် ကူးစက်တဲ့ရောဂါတွေ မရအောင်ပါ ကာကွယ်ပေးတယ်။

အားနည်းချက်

• အတူနေတိုင်းမှာ အသုံးပြုရမယ်၊ အသုံးပြုနည်းမှန်ရမယ်၊ အမျိုးသားရဲ့ ပူးပေါင်းပါဝင်မှု လိုတယ်၊ သူသုံးမှရမယ်။ (အမျိုးသားအများစုက အိမ်ထောင်ကျစ မင်္ဂလာဦးညမှာ ဒါကိုသုံးဖို့အတွက် စိတ်အားထက်သန်မှု မရှိလှတာကိုတော့ သတိထားမိတယ်)

• နောက်ပြီး ဆက်ပြောမယ့်သားဆက်ခြားနည်းတွေနဲ့ယှဉ်ရင် သူက ထိရောက်မှုနည်းတယ်။ ဘာလို့ဆိုတော့ အသုံးပြုသူအပေါ် မူတည်တယ်၊ မှန်မှန်ကန်ကန်နဲ့ သုံးတတ်ဖို့ လိုတယ်။

၂။ နေ့စဉ်သောက်ဆေးကတ်

အားသာချက်

• ဒီဆေးသောက်ဖို့အတွက် ပထမဆုံးအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ဖို့တော့ လိုပါမယ်၊၊ ဘေးထွက်ဆိုးကျိုးတွေအကြောင်း၊ သောက်ပုံသောက်နည်း၊ ကိုယ်နဲ့သင့်တော်မှုရှိမရှိ မေးမြန်းပြီး ဆရာဝန်က သောက်ဖို့သင့်တယ်ဆိုမှ ရွေးချယ်အသုံးပြုသင့်လို့ပါ။ ဒါပေမယ့် နောက်ပိုင်းမှာတော့ ဆရာဝန်၊ ဆရာမအပေါ် မှီခိုနေစရာ မလိုဘူး။ ကိုယ့်ဟာကိုယ် ဝယ်ပြီး သောက်နေရုံပဲ၊ ကိုယ်အိမ်ထောင်သည်မှန်း လူမသိစေချင်ဘူး၊ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြရ၊ ပြောရတာမျိုး မလုပ်ချင်ဘူးဆို ဒီနည်းလမ်းက အဆင်ပြေတယ်။

• တစ်လတစ်ခါလည်း သွေးပေါ်မယ်။

• သွေးပေါ်ရင်လည်း ပုံမှန်ထက်စာရင် ပမာဏနည်းတာမို့ သွေးအားနည်းတာကိုလည်း သက်သာစေတယ်။

• ကလေးလိုချင်ပြီဆိုလည်း ဆေးသောက်ရပ်လိုက်တာနဲ့ ကိုယ်ဝန်ရနိုင်တယ်။

အားနည်းချက်

• နေ့စဉ်သောက်ဆေးကတ် ဖြစ်တဲ့အတွက် တစ်နေ့တစ်လုံး မှန်မှန်သောက်ဖို့ လိုတာပဲ။ မနက် ည သောက်ချင်သလို သောက်လို့လည်း မရဘူး။ အတိအကျကြီး မဟုတ်တောင် ပုံမှန်လေးဖြစ်ဖို့တော့ လိုတယ်။ ဒီတော့ ဒီနည်းလမ်းကို ရွေးမယ်ဆို ဆေးကို နေ့တိုင်းမှန်မှန်သောက်နိုင်ဖို့ လိုတယ်၊ မေ့ခဲ့ရင်ရော ဘယ်လိုလုပ်ရမလဲဆိုတာကိုလည်း သိထားဖို့ လိုတယ်။

၃။ သုံးလခံထိုးဆေး

အားသာချက်

• သူ့ရဲ့ အားသာချက်ကတော့ သုံးလမှတစ်ခါ ထိုးရတာ ဖြစ်တဲ့အတွက် အလုပ်ရှုပ်သက်သာတယ်။

• နောက်ပြီး ဆေးထိုးပြီးရင် များသောအားဖြင့် သွေးမပေါ်တတ်တော့ သွေးပေါ်တာကို အလုပ်ရှုပ်တယ်လို့ ခံစားရတဲ့ အမျိုးသမီးတွေအတွက် ပိုအဆင်ပြေတယ်။

အားနည်းချက်

• ဆေးထိုးပေးမယ့် ဆရာဝန်အပေါ် မှီခိုနေရတယ်၊၊ တစ်နေရာရာများ အလုပ်သွားလုပ်မယ်ဆို ဆေးထိုးပေးမယ့် ဆရာဝန်ကို အရင်ရှာရမယ်။

• ရာသီမပေါ်တတ်တာကလည်း ရာသီပေါ်မှကြိုက်တယ် ဆိုတဲ့ အမျိုးသမီးတွေအတွက်ကျ အဆင်မပြေပြန်ဘူး။

• အဓိကအရေးကြီးဆုံး သိထားရမယ့် အားနည်းချက်တော့ သူက ဆေးထိုးရပ်ရပ်ချင်း ကိုယ်ဝန်ပြန်မရနိုင်တာပဲ။ လအနည်းငယ်လောက် စောင့်ရတတ်တယ်။ ဒါကြောင့် ကလေးယူမယ်ဆို မြန်မြန်ရမှ ဆိုတဲ့ စုံတွဲမျိုး (ဥပမာ နိုင်ငံခြားသွား အလုပ်လုပ်တော့မယ့်သူတွေ) ဆိုရင်တော့ ဒီနည်းလမ်းကို သတိထားသုံးစွဲသင့်တယ်။

၄။ လက်မောင်းတွင်းထည့်ပစ္စည်း

အားသာချက်

• သူက သုံးလခံဆေးနဲ့ ယေဘုယျအားဖြင့် ဆင်တူတယ်ဆိုပေမယ့် ကွာခြားချက်(၃)ခုရှိတယ်။ သွေးတိုးရှိလည်း ထည့်လို့ရတယ် (သုံးလခံထိုးဆေးက သွေးပေါင် ၁၆၀-၁၁၀ အထက်ဆို သုံးလို့ မရပါ)။ နှစ်ရှည်ခံသွားတယ်၊ ၃နှစ်ခံ၊ ၄နှစ်ခံ၊ ၅နှစ်ခံထိ ရှိတယ်၊ ဒီတော့ ပိုပြီးအလုပ်ရှုပ်သက်သာတယ်။ နောက်ဆုံးတစ်ခုကတော့ ကလေးလိုချင်ပြီဆို ပစ္စည်းပြန်ထုတ်လိုက်တာနဲ့ ချက်ချင်းပြန်ရနိုင်တယ်။ ဒါကြောင့် လက်ထပ်ပြီး ၃ ၄ ၅နှစ်နေမှ ကလေးယူမယ့်သူတွေဆို အသုံးပြုလို့ သင့်တော်တယ်။

အားနည်းချက်

• နောက်ဆုံးပေါ်နည်းပညာလိုဖြစ်နေတာ့ ထည့်ပေး၊ ပြန်ထုတ်ပေးမယ့် ဆရာဝန်လိုတယ်၊ အဲဒီလိုလုပ်ပေးနိုင်တဲ့ ဆေးခန်းတစ်ခုကို သွားရလိမ့်မယ်။ ခုဆိုရင်တော့ အစိုးရဆေးရုံတွေမှာလည်း ထည့်လို့ရနေပြီ။ ကုန်ကျစရိတ်ကတော့ ဆရာဝန်နဲ့ ဆေးရုံဆေးခန်းအနေအထားပေါ် မူတည်ပြီး သောင်းဂဏန်းကနေ သိန်းဂဏန်းအထိ ပေးရနိုင်တယ်။ ထုံဆေးပေးပြီး ပစ္စည်းကို လက်မောင်းအရေပြားအောက် ထည့်လိုက်တာပါပဲ။ ခွဲစိတ်မှုကြီး လုပ်တာမျိုး မဟုတ်တဲ့အတွက် ကြောက်စရာတော့ မလိုပါဘူး။

ဒါတွေကတော့ ရွေးချယ်လို့ရတဲ့ နည်းလမ်းတွေရဲ့ အားသာချက်၊ အားနည်းချက်တွေကို စဉ်းစားရလွယ်အောင် ယှဉ်ပြောပြပေးလိုက်တာပါ။ တစ်ယောက်နဲ့တစ်ယောက် ကလေးယူဖို့ စီစဉ်ထားတာတွေ၊ ကိုယ့်ဘဝနဲ့ပတ်သက်ပြီး ရည်မှန်းထားတာတွေ မတူကြသလို၊ ခန္ဓာကိုယ်ဖွဲ့စည်းပုံချင်းလည်း မတူကြတာမို့ သူ ဒါနဲ့အဆင်ပြေလို့ ကိုယ်လည်း လိုက်သုံးမယ် လုပ်စရာ မလိုပါဘူး။ ဘယ်နည်းလမ်းမှလည်း စင်းလုံးချော မဟုတ်ဘူး၊ အားသာချက်၊ အားနည်းချက်ကိုယ်စီနဲ့ပါပဲ။ ဒါကြောင့် ကိုယ်နဲ့အသင့်တော်ဆုံးဖြစ်မယ့် နည်းလမ်းကို ကိုယ်တိုင်စဉ်းစားရွေးချယ်ပြီး အသုံးပြုကြဖို့ တိုက်တွန်းလိုပါတယ်။

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။



Written by

Dr. Phio Thiha

သားဖွားပညာ · Phyo Clinic (Pazundaung)


28/10/2021 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement