တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား ဆိုတဲ့ မေးခွန်းကို သင်ကိုယ်တိုင် တွေးမိတဲ့ အဖြေက ဘာများဖြစ်မလဲ။ ဆောင်းပါးလေးကို မဖတ်ကြည့်ခင် အရင်ဆုံး ဖြေကြည့်ပေးပါဦးနော်။
တားဆေးသောက်ဆေးဆိုတာက လေဒီတော်တော်များများ အသုံးပြုဖြစ်တဲ့ သားဆက်ခြားနည်း တစ်မျိုးပါ။ ထိထိရောက်ရောက်လည်း သားဆက်ခြားပေးနိုင်တယ်လေ။ ဒါပေမယ့် ဒီနေရာမှာ တစ်ခုပြောပြချင်တာက သန္ဓေတား သောက်ဆေးက ကိုယ်ဝန်ကို တားပေးနိုင်ခြေက ၁၀၀ မပြည်ဘဲ ၉၉% ဝန်းကျင်ပဲ ရှိတယ်ဆိုတာပါ။ ဒါပေမယ့် တားဆေး သောက်ဆေးက သေချာ သောက်မယ်ဆိုရင် ကိုယ်ဝန်ကို ထိထိရောက်ရောက် တားပေးနိုင်ပါတယ်။
တားဆေးသောက်နေရင်း ကလေးရသွားနိုင်သလား!
သန္ဓေတား သောက်ဆေးမှာ ဟော်မုန်းတွေ ပါဝင်နေပြီး သားဥကြွေတာကို တားဆီးပေးပါတယ်။ တားဆေးသောက်ဆေးက သားအိမ်အချွဲမြှေးကို ထူစေပြီး သားအိမ်နံရံကို ပါးစေခြင်းဖြင့် သန္ဓေမအောင်စေဖို့ တားဆီးပေးပါတယ်။ တားဆေးရဲ့ ထိရောက်မှုက ၉၉% ဝန်းကျင်ပဲ ရှိတာကြောင့် တစ်နှစ်တာမှာ တားဆေးသောက်ပေမယ့် ကိုယ်ဝန်ရရှိသူ အမျိုးသမီးတွေက အယောက် ၁၀၀ မှာ ၁ ယောက်နှုန်းလောက် ရှိနေတယ်လို့ လေ့လာမှုစစ်တမ်းတွေအရ သိရပါတယ်။
တားဆေးက ပုံမှန် အားဖြင့်တော့ ထိထိရောက်ရောက် သန္ဓေတားပေးနိုင်ပါတယ်။ ဒါပေမယ့် အချို့သော အခြေအနေတွေမှာတော့ တားဆေးရဲ့ ထိရောက်မှုက လျှော့ကျသွားပြီး ကလေးရသွားနိုင်ပါတယ်။ ဘယ်လို အခြေအနေတွေလဲ ဆိုတော့
- ဆေးသောက်ဖို့ မေ့သွားတာ
သန္ဓေတားသောက်ဆေးက နေ့စဉ် အချိန်မှန် သောက်မှ ထိရောက်မှု ကောင်းမှာပါ။ တကယ်လို့ ဆေးသောက်ဖို့ တစ်ရက်တလေမေ့သွားလို့ ပြန်သောက်တာက ပြဿနာ မဟုတ်ပေမယ့် ၂-၃ရက်လောက် မေ့တာက ထိရောက်မှုကို လျှော့ကျစေပါတယ်။ ဒီအခြေအနေကပဲ မလိုလားအပ်ဘဲ ကိုယ်ဝန်ရရှိတာမျိုး ဖြစ်စေနိုင်ပါတယ်။