brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ

သားဆက်ခြား သောက်ဆေးဆိုတာက အမျိုးသမီး ကျန်းမာရေးအတွက် အကြီးမားဆုံး တီထွင်မှု တစ်ရပ်ပါ။ သားဆက်ခြားဖို့ သောက်ဆေး သောက်တာက လုံခြုံစိတ်ချရပြီး မလိုချင်တဲ့ ကိုယ်ဝန်တွေ၊ မမျှော်လင့်ဘဲ ရလာမယ့် ကိုယ်ဝန်တွေကို ဘေးကင်းစိတ်ချရစွာနဲ့ ထိထိရောက်ရောက် တားဆီးပေးနိုင်တဲ့ သားဆက်ခြားနည်းလမ်း တစ်ခုပါ။ သန္ဓေတား သောက်ဆေးက သားဆက်ခြားဖို့ အကောင်းဆုံး နည်းလမ်း ဖြစ်ပေမယ့် သိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီတော့ သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ က ဘာတွေဖြစ်မလဲ ဆိုတာကို ပြောပြပေးချင်ပါတယ်။ 

သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ

သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ

သားဆက်ခြားဖို့ သောက်ဆေးစသောက်မယ့် လေဒီလေးတွေ သိထားရမယ့် အချက်လေးတွေ ကတော့

သန္ဓေတားဆေးက ချက်ချင်း အာနိသင် မရပါဘူး

တော်တော်များများ အမှတ်မှားနေတဲ့ အချက်လေး တစ်ခုက သားဆက်ခြားဖို့ သန္ဓေတားသောက်ဆေးတွေ သောက်တဲ့အခါ သောက်ပြီးပြီးချင်း ချက်ချင်း အာနိသင်ပြလို့ ကိုယ်ဝန်မရအောင် တားဆီးပေးနိုင်မယ်လို့ပေါ့။ တကယ်ကတော့ ဒီလို မဟုတ်ပါဘူး။ 

တားဆေး သောက်ဆေးတွေမှာ ပရိုဂျက်စတုန်း ဟော်မုန်း တစ်မျိုးပဲ ပါတဲ့ ဆေးရှိသလို၊ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်း ဟော်မုန်း ၂ မျိုး ပေါင်းစပ် ပါဝင်နေတာမျိုးလည်း ရှိပါတယ်။ ဆေး၂ မျိုးစလုံးကတော့ သောက်သောက်ပြီးချင်း အာနိသင် မပြပါဘူး။ ဟော်မုန်းတစ်မျိုးတည်း ပါတဲ့ဆေးကို ၂ရက်၊ နှစ်မျိုးပါတဲ့ဆေးဆို ၇ရက်နေမှ ဆေးအာနိသင်ကို စရတာပါ။ 

ရာသီစလာတဲ့ရက်ကနေ ၅ရက်အတွင်း သောက်မယ်ဆိုရင် သောက်ပြီးတာနဲ့ တန်းပြီး အတူနေလို့ ရပါတယ်။ ရက်စောင့်စရာမလိုပါ။ တခြားရက်မှာ သောက်မယ်ဆိုရင်တော့ အာနိသင်ပြဖို့ ၅-၇ရက်လောက် အတူနေတာကို ရှောင်ပါ။ မရှောင်နိုင်လို့ အတူနေမယ်ဆိုရင် အကာအကွယ်သုံးပါ။

အသေးစား ဘေးထွက်ဆိုးကျိုးလေးတွေ ရှိနိုင်တယ်

သန္ဓေတား သောက်ဆေး သောက်လိုက်ချိန်မှာ ကိုယ်တွင်းမှာ ဟော်မုန်း ပြောင်းလဲမှုတွေ ဖြစ်သွားပါတယ်။ ဒီလို ဟော်မုန်းပမာဏ မမျှတတာ မြင့်တက်တာမျိုးတွေ ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်မှာ အသေးစား ဘေးထွက်ဆိုးကျိုးလေးတွေ အနေနဲ့ အခုလိုလေးတွေ ခံစားရနိုင်ပါတယ်။

  • မအီမသာဖြစ်တာ (ရုတ်တရက် အီစထရိုဂျင်ဟော်မုန်း မြင့်တက်မှုကြောင့်) 
  • ခေါင်းကိုက်တာ
  • ရင်သားတွေ တင်းပြီး နာတာ
  • လေပွတာ
  • ကိုယ်အလေးချိန် ပြောင်းလဲတာ
  • စိတ်အတက်အကျ မြန်တာမျိုးတွေကိုပါ ခံစားရနိင်ပါတယ်။

ဒီအခြေအနေကို တားဆေး စစသောက်ချင်းကာလကနေ ၃ လအတွင်းမှာ ခံစားရနိုင်ပြီး နောက်ပိုင်းမှာ ပုံမှန် ပြန်ဖြစ်သွားကြတာ များပါတယ်။ 

သွေးဆင်းမမှန်တာဖြစ်နိုင်တယ်

သန္ဓေတားသောက်ဆေးတွေက အများအားဖြင့် ရာသီစက်ဝန်းကို ထိန်းညှိပေးပြီး ရာသီမှန်မှန်လာစေပါတယ်။

ဒါပေမဲ့ သန္ဓေတား သောက်ဆေး စသောက်ချိန်မှာ အသေးစား ဘေးထွက်ဆိုးကျိုး အနေနဲ့ ရာသီချိန်မဟုတ်ဘဲ သွေးဆင်းတာ၊ နည်းနည်း နည်းနည်းနဲ့ ဆင်းနေတာ ဖြစ်နိုင်ပါတယ်။ ဒီလို ဖြစ်တာက ဆေးစစသောက်တဲ့ လမှာဖြစ်တတ်တာပါ။ တကယ်လို့ ရာသီသွေး မမှန်တာက လတိုင်း ဖြစ်နေမယ်။ ရာသီသွေးတွေ အများကြီး ဆင်းနေတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ ပြသကြည့်ဖို့ လိုပါမယ်။

ကျန်းမာရေး ကောင်းကျိုးတွေ ရှိနိုင်တယ်

သန္ဓေတား သောက်ဆေးက ဘေးထွက်ဆိုးကျိုး နည်းနည်းပါးပါး ရှိတယ်ဆိုပေမယ့် တားဆေးသောက်တာကနေ ရနိုင်တဲ့ ကောင်းကျိုးလေးတွေလည်း ရှိပါတယ်။ ဒါတွေကတော့ 

  • အသားအရေ ကြည်လာတာ
  • ဝက်ခြံ သက်သာတာ
  • ရာသီလာစဉ် နာကျင်ကိုက်ခဲမှု သက်သာတာ
  • သွေးဆင်းနည်းတာ
  • ရာသီစက်ဝန်းအတွင်း စိတ်အတက်အကျ ဖြစ်နိုင်ခြေ နည်းသွားတာ
  • သားဥအိမ်မှာ အလုံးတည်နိုင်ခြေ နည်းသွားတာမျိုးတွေပါ။ 

နေ့တိုင်း မှန်မှန် သောက်ဖို့ လိုပါမယ်

နေ့စဉ်သောက်ရတဲ့ သန္ဓေတား သောက်ဆေးကို သောက်ပြီး သားဆက်ခြားမယ်လို့ စိတ်ကူးထားတယ်ဆိုရင်တော့ ဆေးရဲ့ အာနိသင်ကို ၉၉% အထိ ထိရောက်စေဖို့ ဆေးကို နေ့တိုင်း တစ်ရက်မပျက် အချိန်မှန်မှန်လေး သောက်ပေးလို့ လိုပါမယ်။ သတိရဖို့ ခက်ခဲမယ်ဆိုရင် ဖုန်းထဲမှာ alarm ပေးထားတာမျိုး လုပ်ပေးလို့ ရသလို အိပ်ရာဝင်ခါနီးအချိန်မှ ပုံမှန်သောက်ပေးတာမျိုး လုပ်ပေးလို့လည်း ရပါတယ်။ 

တကယ်လို့ ဆေးသောက်ဖို့ မေ့သွားမယ်ဆိုရင်လည်း သတိရရချင်း သောက်ပေးပါ။ ရက်ကျော်သွားတာမျိုး ဖြစ်မယ်ဆိုရင်တော့ ဆရာဝန် ညွှန်ကြားချက်အတိုင်း သောက်ပေးပါ။ 

နောက်ထပ် သတိထားရမယ့်အချက်ကတော့ သန္ဓေတား သောက်ဆေးတွေက လိင်ကတဆင့် ကူးစက်ရောဂါတွေကို မကာကွယ်ပေးနိုင်ပါဘူး။ ဒါကြောင့် ရောဂါကူးခံရနိုင်ခြေ ရှိမယ်ဆိုရင် တားဆေးနဲ့ အတူ ကွန်ဒုံးကိုပါ တွဲပြီး အသုံးပြုပေးပါ။

# အမှာစကား

သန္ဓေတားဆေး မသောက်ခင်မှာ ကိုယ်နဲ့ အလိုက်ဖက်ဆုံးဆေးကို ဆရာဝန်နဲ့ သေချာလေး တိုင်ပင် ရွေးချယ်ဖို့ လိုသလို နည်းစနစ်မှန်မှန် သောက်သုံးဖို့လည်း မမေ့ပါနဲ့။ ဆေးကို နေ့တိုင်းမှာ အချိန်မှန်မှန်လေး သေချာ ဂရုစိုက်လို့ သောက်သုံးပေးပါ။ 
Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 09/02/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။