brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

တားဆေးထိုးဆေးအကြောင်းသိကောင်းစရာများ

ခုလတ်တလောအနေနဲ့ ကလေးလည်းမလိုချင်သေး၊ ဒါပေမယ့် ကွန်ဒုံးလည်းမသုံးချင်၊ ခန္ဓာကိုယ်အတွင်း ပစ္စည်းထည့်သွင်းခြင်း၊ ခွဲစိတ်ခြင်းများလည်း မလုပ်ဆောင်ချင် ဖြစ်နေပါသလား။ ထိုအချိန်မျိုးမှာ တားဆေးထိုးဆေးသုံးဖို့ စဉ်းစားကြည့်နိုင်ပါတယ်။ ဒါပေမယ့် ထိုနည်းကိုမသုံးခင်မှာ အောက်ပါအခြေခံအချက်အလက်လေးတွေကိုတော့ သေချာဖတ်ထားသင့်ပါတယ်။

တားဆေးထိုးဆေးအကြောင်းသိကောင်းစရာများ

တားဆေးထိုးဆေးဆိုတာဘာလဲ

ဒတ်ပို လို့အလွယ်ခေါ်နေကြတဲ့ တားဆေးထိုးဆေးဟာ progestogen လို့ခေါ်တဲ့ ဟော်မုန်းတစ်မျိုးပါသော Medroxyprogesterone ထိုးဆေးဖြစ်တယ်။ တားဆေးနှစ်မျိုးရှိပါတယ်- Depo-Provera နဲ့ Depo-Ralovera တို့ဖြစ်တယ်။

တားဆေးထိုးဆေးတွေက ဘယ်လိုအလုပ်လုပ်တာလဲ

သင့်ခန္ဓာကိုယ်ထဲကို ဆေးထိုးလိုက်ခြင်းက လက်မောင်းတွင်းထည့် သန္ဓေတားပစ္စည်းအသုံးပြုထားခြင်းလိုပဲ ပုံစံတူအလုပ်လုပ်ပါတယ်။ ထိုးဆေးကို ဆရာဝန်မှ ကိုယ်ဝန်မရှိကြောင်းအတည်ပြုပြီးပါက အချိန်မရွေးထိုးလို့ရတယ်၊ ၁၂ ပတ်မှ ၁၄ ပတ်လောက်ထိခံပါတယ်။

အောက်ပါတို့ကိုလုပ်ဆောင်ခြင်းဖြင့် အာနိသင်ရှိတယ်-

• လစဉ်သားဥကြွေခြင်းကို တားဆီးခြင်း

• သားအိမ်အဝမှ အကျိအချွဲများကို ထူစေခြင်းဖြင့် သုက်ပိုးများ သားအိမ်တွင်းဝင်ကာ သားဥနဲ့တွေ့ဆုံခြင်းကို တားဆီးပါတယ်။

• သားအိမ်နံရံများကိုပါးခြင်းဖြင့် မျိုးအောင်သွားသော သားဥများတွယ်ကပ်နိုင်ခြင်းကို တားဆီးပါတယ်။

ရာသီသွေးစချိန် ၅ ရက်အတွင်းမှာဆေးထိုးရင်တော့ ချက်ခြင်းအာနိသင်ပြပြီး ချက်ချင်းကိုယ်ဝန်ရနိုင်ခြေကိုတားပေးပါတယ်။ ကလေးမီးမဖွားစဉ် သို့ မီးဖွားပြီး ၃ ပတ်အကြာမှာထိုးရင်လည်း ချက်ချင်းအာနိသင်ပါတယ်။

ဘယ်သူတွေထိုးနိုင်လဲ

အများအားဖြင့် တော်တော်များများထိုးနိုင်ပါတယ်။ ဒါပေမယ့် အောက်ပါအချက်တွေရှိရင်တော့ ထိုနည်းလမ်းက သင့်အတွက် သင့်လျော်မှာမဟုတ်ပါဘူး။

• ကိုယ်ဝန်ရှိနေတယ်ထင်ပါက

• ရာသီသွေးမမှန်ခြင်းကို မလိုလားပါက

• ရာသီမဟုတ် ကြားဖောက်သွေးဆင်းတတ်ပါက၊ အတူနေပြီး အကြောင်းအရင်းမရှိ သွေးဆင်းပါက

• နှလုံးရောဂါရှိဖူးပါက သို့ လေဖြတ်ဖူးပါက

• သွေးခဲတတ်ပါက

• ရင်သားကင်ဆာရှိပါက

• အသည်းရောဂါရှိပါက

• ဆီးချိုသွေးချိုရှိပြီး ရောဂါဒဏ်ခံစားနေရပါက

• အရိုးပါးနိုင်ချေများပါက

ဘယ်လိုဆေးထိုးရသလဲ

တင်ပါး သို့ လက်မောင်းနေရာမှာ ဆေးထိုးရပါတယ်။ ၃ လတစ်ခါထိုးဖို့လိုပါတယ်။

ကောင်းကျိုးများ

ကောင်းကျိုးတွေကတော့-

 ထိုးဆေးတားဆေးဟာအလွန်အာနိသင်ရှိပါတယ်။

 အသုံးပြုရလည်းလွယ်ကူပြီး တစ်ခါထိုးရင် ၃ လခံပါတယ်။

 နို့တိုက်နေစဉ်မှာလည်းထိုးနိုင်ပါတယ်။

 တခြားဆေးများကြောင့်လည်း အာနိသင်မပြောင်းပါဘူး။

 ရာသီလာခြင်းကိုလည်း တားနိုင်တာကြောင့် တချို့အမျိုးသမီးတွေ သဘောကျပါတယ်။

 နေ့စဉ်ဆေးသောက်ဖို့ မှတ်မနေနိုင်ဘူးဆိုရင်အသုံးဝင်ပါတယ်။

 သားအိမ်ကင်ဆာကို ကာကွယ်နိုင်ပါတယ်။

 ရာသီလာခြင်းဆိုင်ရာ ပြဿနာများကုသရာမှာလည်းသုံးနိုင်တယ်။

 အတူနေရာမှာအနှောင့်အယှက်မဖြစ်ပါဘူး။

ဖြစ်နိုင်ချေရှိသော ဘေးထွက်ဆိုးကျိုးများ

တားဆေးထိုးဆေးဟာဘေးကင်းတယ်ဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေတော့ဖြစ်နိုင်ပါသေးတယ်။

• အချိန်ကြာသုံးပါက အရိုးထိခိုက်နိုင်ပါတယ်၊ အရိုးပါးနိုင်ချေများပါတယ်။

• ရာသီလာခြင်းကို မူမမှန်ဖြစ်စေနိုင်ပါတယ်။

• ခေါင်းကိုက်ခြင်း၊ ဝက်ခြံထွက်ခြင်းကဲ့သို့ အဆင်မပြေသောလက္ခဏာများခံစားရနိုင်ပါတယ်။

• အလေးချိန်တက်လာနိုင်ပါတယ်။

• အရင်ထက်ပို စိတ်ဆတ်လာတတ်ပါတယ်။

• ဝမ်းဗိုက်တဝိုက်မှာ နေရထိုင်ရမအီမသာဖြစ်တတ်ပါတယ်။

Hello Sayarwon Panel
Hello Sayarwon Panel မှ အချက်အလက်များ စစ်ဆေးထားပါသည်။ Dr.Aye Myat Myat Noe မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 10/02/2022 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။