backup og meta

သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Ye Myo Myat မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ

    လိင်တံမှ ထွက်တဲ့ သုက်ရည်ဟာ ပုံသေအနံ့တစ်မျိုးတည်း ထွက်တာတော့ မဟုတ်ပါဘူး။ ကိုယ် နေ့စဉ်စားလိုက်တဲ့ အစားအစာ၊ တစ်ကိုယ်ရေ သန့်ရှင်းမှု၊ လိင်မှုကိစ္စ အစရှိတဲ့အရာတွေပေါ် မူတည်ပြီး အနံ့အမျိုးမျိုး ပြောင်းလဲနိုင်ပါတယ်။ တချို့သော အစားအစာတွေဟာ ချိုမွှေးတဲ့ အနံ့ပေးနိုင်သလို ငါးညှီနံ့လို မကောင်းတဲ့ အနံ့မျိုးဖြစ်အောင်လည်း ပြောင်းလဲပေးနိုင်ပါတယ်။ ဒီတစ်ခေါက်တော့ သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ ဆိုတာကို နည်းနည်းလောက် ပြောပြပေးချင်ပါတယ်။

    သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ

    သုက်ရည်မှာ အညှီနံ့ထွက်နေတာ ဘာကြောင့်လဲ ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်လား။

    သုက်ရည်ကထွက်တဲ့ အနံ့ကို ခွဲကြမယ်။

    ပုံမှန်အားဖြင့် သုက်ရည်မှာ အစွန်းချွတ်ဆေး၊ ကလိုရင်းအနံ့မျိုး ရှိပါတယ်။ အဲ့လိုမှ မဟုတ်ဘဲ ငါးညှီနံ့လို၊ ကြက်ဥပုပ်နံ့လို အနံ့ထွက်တာဆိုရင်တော့ တစ်ခုခုမှားယွင်းနေတယ်လို့ ဆိုနိုင်ပါတယ်။ ကညွတ်၊ အသား၊ ကြက်သွန်ဖြူ၊ ကဖင်းဓာတ်ပါတဲ့ ဖျော်ရည်တွေ၊ အရက်တွေကြောင့် သုက်ရည်ဟာ ပုပ်အဲ့အဲ့ အနံ့အဖြစ် ပြောင်းသွားနိုင်ပါတယ်။ ဒီအစားအစာတွေကိုသာ လျှော့စားလိုက်မယ်ဆိုရင် ရက်အနည်းငယ်အတွင်းမှာ ပုံမှန်အနံ့ကို ပြောင်းသွားမှာပါ။

    ကူးစက်ရောဂါတွေကြောင့်ရော ဖြစ်နိုင်လား။

    အစားလည်း ဆင်ခြင်ပါရက်နဲ့ အနံ့က အရင်လို ပြန်မကောင်းလာသေးဘူး ဆိုရင်တော့ ကူးစက်ရောဂါ တစ်မျိုးမျိုး ဒါမှမဟုတ် ကျန်းမာရေးပြဿနာ တစ်ခုခုရှိနေတာဖြစ်နိုင်ပါတယ်။ လိင်မှတစ်ဆင့် ကူးစက်ရောဂါတွေ ဖြစ်တဲ့ ဂနို ဆီးပူညောင်းကျရောဂါ၊ လိင်တံတွင်း ဘက်တီးရီးယားပိုးဝင်ခြင်း (Trichomoniasis) ၊ ဆီးကျိတ်ဂလန်း ရောင်ရမ်းခြင်း (Prostatitis) ကြောင့် သုက်ရည်က ပုပ်အဲ့အဲ့အနံ့ထွက်လာတတ်ပါတယ်။

    သုက်ရည်အနံ့အပြင် ယားယံတာ၊ ဆီးသွားနေစဉ် နာကျင်ခြင်း၊ ပူစပ်ပူလောင်ဖြစ်တာ၊ လိင်တံအတွင်းမှ အဝါရောင်၊ စိမ်းဖန့်ဖန့်ရောင် ပြည်တွေ ထွက်လာတာ၊ ဆီးမှာ သွေးပါလာတာ၊ သုက်လွှတ်စဉ် နာကျင်တာ၊ မကြာခဏ ဆီးသွားလိုစိတ်ဖြစ်တာ အစရှိတဲ့ လက္ခဏာတွေပါတွေ့ရလာပြီဆိုရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသသင့်ပါပြီ။

    ထိပ်အရေပြား ဖြတ်ခြင်း၊ မဖြတ်ခြင်းနဲ့ရော သက်ဆိုင်လား။

    ထိပ်အရေပြား မဖြတ်ထားတဲ့ အမျိုးသားတွေမှာ ချွေးတွေ၊ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဆဲလ်အသေတွေက ထိပ်အရေပြားအောက်မှာ သွားစုမိပြီး အဖြူရောင်အရိအချွဲတွေ၊ အဖတ်တွေ ဖြစ်လာပါတယ်။ ကြာလာတာနဲ့အမျှ ဆီးလမ်းကြောင်းတွင်း ပိုးဝင်ရုံသာမက သုက်ရည်က အနံ့ဆိုးထွက်လာတာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။

    ထိပ်အရေပြား ဖြတ်ထားသူတွေမှာလည်း ချွေးနဲ့ အဆီနံ့ကြောင့် သက်ရောက်မှုရှိနိုင်ပေမယ့် သိပ်ပြီး မပြင်းထန်လှပါဘူး။ ဘယ်လိုပဲဖြစ်ပါစေ အမျိုးသားတိုင်း ရေချိုးတဲ့အခါ လိင်တံပတ်လည်ကို ဆပ်ပြာနဲ့ ရေနဲ့ သေချာတိုက်ချွတ်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ အရေပြားမဖြတ်ထားသူတွေမှာဆိုရင် ပိုပြီးတောင် တစ်ကိုယ်ရေသန့်ရှင်းမှုကို ဂရုစိုက်ဖို့ လိုအပ်ပါတယ်။

    Diet လုပ်နေရင်ရော ဘယ်လိုအနံ့ထွက်လာနိုင်လဲ။

    ကိုယ်အလေးချိန်ကျဖို့အတွက် Diet လုပ်နေတဲ့ သူတွေဟာ အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ၊ ဟင်းသီးဟင်းရွက်တွေ ပိုစားတဲ့အတွက် သုက်ရည်မှာ ချိုမွှေးတဲ့ အနံ့တွေ ထွက်တတ်ပါတယ်။ ဂေါ်ဖီထုပ်၊ ကညွတ်၊ ကန်စွန်းရွက်၊ ဟင်းနုနယ်ရွက်၊ အသား၊ နို့ထွက်ပစ္စည်းတွေကတော့ ခါးတဲ့ အနံ့၊ အရသာမျိုး ဖြစ်စေပါတယ်။

    သုက်ရည်အနံ့ကို မူလအတိုင်း ဖြစ်အောင် ပြောင်းလို့ ရလား။

    နေ့စဉ်စားနေတဲ့ အစားအစာတွေ၊ နေထိုင်ပုံနဲ့ တစ်ကိုယ်ရေ သန့်ရှင်းမှုတွေကို ဂရုစိုက်မယ်ဆိုရင် သုက်ရည်ကို နဂိုမူလအနံ့အတိုင်း ပြန်ရောက်အောင် ပြောင်းလဲပေးနိုင်ပါတယ်။

    ၁။ ရေကို နေ့တိုင်း မှန်မှန်ချိုးပေးပါ။ ရေချိုးတဲ့အခါမှာလည်း လိင်တံ၊ ပေါင်ခြံတစ်ဝိုက်နဲ့ ထိပ်အရေပြားအောက်ကို ဆပ်ပြာနဲ့ ရေများများ တိုက်ချွတ်ဆေးကြောပါ။

    ၂။ ဟင်းသီးဟင်းရွက်နဲ့ အသီးအနှံတွေကို များများစားပေးပါ။

    ၃။ ကဖင်းဓာတ်နဲ့ အရက်တွေ သောက်တာ လျှော့ပါ။

    ၄။ လိင်ဆက်ဆံတဲ့အချိန်တိုင်း ကွန်ဒုံးကို အသုံးပြုပါ။

    ကိုယ့်ရဲ့ သုက်ရည်က အချိန်တော်တော်ကြာတဲ့အထိ ပုံမှန်မဟုတ်တဲ့ အနံ့တွေ ထွက်နေရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံး ပြသပြီး ကုသမှုခံယူတာ အကောင်းဆုံးပါပဲ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Ye Myo Myat မှ ရေးသားသည်။ · 05/10/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement