backup og meta

အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ရန် ကူညီပေးသော နည်းလမ်းများ

မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။ Dr. K Zin Thwe


Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    အမျိုးသမီးများ ကိုယ်ဝန်ရနိုင်ရန် ကူညီပေးသော နည်းလမ်းများ

    သင်သည်ယခု (သို့မဟုတ်) မကြာခင်ကိုယ်ဝန်ရလိုပါက သန္ဓေအောင်ခြင်းအကြောင်းနှင့် သန္ဓေရနိုင်သည့်နည်းလမ်းများကိုသိထားသင့်ပါသည်။ သင်မသိသောအမျိုးသမီးများ၏ ကျန်းမာရေးအခြေအနေနှင့်တကွ နေ့စဉ်နေထိုင်စားသောက်မှုပုံစံများသည်သန္ဓေအောင်ခြင်းဖြစ်စဉ်အပေါ်သက်ရောက်မှုရှိသည်ကိုတွေ့ရပါသည်။

    အမျိုးသမီးသန္ဓေအောင်ခြင်း

    ရင်သွေးငယ်တစ်ဦးရရှိနိုင်သောအမျိုးသမီးတစ်ဦး၏စွမ်းရည်ကိုသန္ဓေအောင်ခြင်းဟုခေါ်ပါသည်။ သင်နှင့်သင့်အမျိုးသားသည် ကိုယ်ဝန်ရလိုပါကသင်တို့သည် ကလေးရနိုင် မရနိုင်သိချင်ပေလိမ့်မည်။ သင်တို့သည်အမျိုးသားနှင့်အမျိုးသမီးအတူနေလျက်တစ်နှစ်ခန့်ကြာသည်အထိကိုယ်ဝန်မရလျှင်သော်လည်းကောင်း၊ အသက် ၄၀ ကျော်အမျိုးသမီးတစ်ဦးအနေဖြင့် ၆ လအထိလည်းကောင်း ကိုယ်ဝန်မရပါက စဉ်းစားရန်လိုအပ်လာပေသည်။

    အမျိုးသမီးသန္ဓေအောင်ခြင်းဆိုင်ရာပြဿနာများ

    အမျိုးသမီးတစ်ဦး၏သန္ဓေအောင် ဖြစ်စဉ်တွင် – အသက်အရွယ် ၊ သားဥကြွေခြင်းအခြေအနေ ၊ သားအိမ်၏အနေအထား ၊သားဥပြွန်များတွင်ပိတ်ဆို့နေသောရောဂါများ၊ မီးယပ်ရောင်ရမ်းရောဂါများ၊ Endometriosis ဟုခေါ်သည့် သားအိမ်တွင်းဆဲလ်များသားအိမ်ပြင်ပသို့ရောက်သောမီးယပ်ရောဂါများကိုလည်း ထည့်သွင်းစဉ်းစားရသည်။ အသက်ကြီးမှကိုယ်ဝန်ဆောင်လိုခြင်းသည် သန္ဓေအောင်နိုင်ခြေကိုနည်းပါးစေသည်။ အသက်ကြီးသောအမျိုးသမီးများကအသက်ငယ်သောအမျိုးသမီးများထက် သန္ဓေအောင်နိုင်ခြေနည်းပါးသည်။ သန္ဓေအောင်ပြီးလျှင်လည်းပုံမှန်အတိုင်းဖွံ့ဖြိုးမှုမရှိခြင်းမျိုးလည်း ဖြစ်နိုင်သည်။

    အမျိုးသမီးတစ်ဦး၏ သန္ဓေအောင်ခြင်းကိုတိုးတတ်ကောင်းမွန်စေနိုင်သောနည်းလမ်းများ

    (၁)ကိုယ်အလေးချိန်ထိန်းသိမ်းပါ – ရှိသင့်သည့်ကိုယ်အလေးချိန်ထက် များခြင်းနည်းခြင်းသည် ဟော်မုန်းများအပေါ်အကျိုးသက်ရောက်သဖြင့်သားဥကြွေခြင်းကိုတားဆီးသည်။ ရှိသင့်သောကိုယ်အလေးချိန်ကိုထိန်းထားနိုင်ပါကသားဥကြွေခြင်းကို ဖြစ်စေပြီးကိုယ်ဝန်ရစေနိုင်သည်။

    (၂)လိင်မှတစ်ဆင့်ကူးစက်တတ်သောရောဂါများကိုကာကွယ်ပါ – ဆီးပူညောင်းကျရောဂါနှင့် Chlamydia ရောဂါ (Chlamydia ပိုးကြောင့်ဖြစ်သော လိင်ဆက်ဆံရာမှ ကူးစက်တတ်သည့်ရောဂါ) တို့သည် အမျိုးသားရောအမျိုးသမီးပါ ကူးစက်တတ်သည်။ ထိုရောဂါများမှကာကွယ်ရန် စိတ်ချရသောလိင်ဆက်ဆံမှုပြုလုပ်ပါ။ လိင်ဆက်ဆံဖော်အရေအတွက်ကိုလျှော့ချပါ။ လိင်ဆက်ဆံတိုင်းအကာအကွယ်ကွန်ဒုံးသုံးပါ။ ရောဂါမရှိသောမိမိ၏လိင်ဆက်ဆံဖော်နှင့် တစ်ဦးပေါ်တစ်ဦးသစ္စာရှိစွာနေထိုင်ပါ။

    (၃)အာဟာရပြည့်ဝစွာစားသုံးပါ-ကိုယ်ဝန်ရလွယ်စေခြင်းနှင့်သန္ဓေအောင်ခြင်းအတွက် သီးသန့်အစားအစာဟူ၍အခိုင်အမာပြဆိုထားခြင်းမရှိသော်လည်းကျန်းမာရေးနှင့်ညီညွတ်သောအစားအစာများကကူညီပေးနိုင်သည်မှာအမှန်ဖြစ်သည်။ ကိုယ်ဝန်မရခင် ၊ ရပြီးနှင့် ကိုယ်ဝန်ကာလတလျှောက် ဖောလစ်အက်ဆစ်ကဲ့သို့ ဗီတာမင်ဓါတ်များသည် အရေးပါသဖြင့် အာဟာရပြည့်ဝစွာ စားသုံးပေးပါ။

    (၄)ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုခံယူပါ-ကျန်းမာရေးဝန်ထမ်းများနှင့်တွေ့ဆုံ၍ သန္ဓေအောင်ခြင်းကိုတားဆီးသောရောဂါများရှိမရှိစမ်းသပ်ကုသပါ။

    (၅)စိတ်ဖိစီးမှုကိုထိန်းချုပ်ပါ-စိတ်ဖိစိးမှုသည်ကိုယ်ဝန်ရနိုင်ခြင်းကိုဟန့်တားသည်ဟုအချို့လေ့လာမှုများကဆိုသည်။ စိတ်ဖိစီးမှု၏ အမျိုးသမီးသန္ဓေအောင်ခြင်းအပေါ်သက်ရောက်မှုကိုသုတေသနများနောက်ထပ်ပြုလုပ်ရဦးမည်ဖြစ်သော်လည်း ကိုယ်ဝန်ရရန်ကြိုးစားနေချိန်တွင် စိတ်ဖိစီးမှုကိုပြေလျော့၍ ကျန်းမာရေးနှင့် ညီညွတ်သောနည်းလမ်းများကို ကျင့်သုံးသင့်သည်ကတော့ အမှန်ပင်ဖြစ်သည်။

    (၆)ဆေးလိပ်ဖြတ်ပါ-ဆေးလိပ်သောက်ခြင်းကြောင့်သားဥအိမ်၏လုပ်ငန်းကိုလျော့ကျစေပြီးအချိန်မတိုင်မီသားဥများကုန်ခမ်းခြင်းကို ဖြစ်စေသည်။ သင်ကဆေးလိပ်သောက်တတ်သူဆိုလျှင် သင်၏ဆရာဝန်ကို ဆေးလိပ်ဖြတ်ရာတွင် ကူညီရန် တောင်းဆိုပါ။

    (၇)အရက်ကိုချိန်ဆ၍သောက်သုံးပါ -အရက်ကိုလွန်ကျှွှံစွာသောက်သုံးလျှင် သားဥအိမ်ရောဂါများရစေနိုင်သည်။ အချို့လေ့လာချက်များတွင်မူအရက်အနည်းငယ်သောက်ရုံမျှနှင့်ပင် ကိုယ်ဝန်ရနိုင်ခြေကို လျော့ကျစေသည့်အတွက် ကိုယ်ဝန်ရလိုပါက အရက် လုံး၀ ဖြတ်သင့်ကြောင်းဖော်ပြထားသည်။

    (၈)ကဖင်းဓါတ်ကိုလျှော့ချပါ-အချို့လေ့လာချက်များတွင် ကဖင်းဓါတ်လွန်ကဲပါကအမျိုးသမီးဟော်မုန်းအီစထရိုဂျင်ထုတ်လုပ်မှုများပြားခြင်း (သို့မဟုတ်) အီစထရိုဂျင်ကိုချေဖျက်မှုနည်းခြင်း ဖြစ်စေနိုင်သည်ဟုဆိုသည်။ သင်နေ့စဉ်သောက်သောကဖင်းဓါတ်ကိုတစ်နေ့လျှင်၂၀၀မီလီဂရမ်အထိလျှော့ချသင့်သည်ဟုအကြံပြုထားပါသည်။

    (၉)ပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုကိုရှောင်ကြဉ်ပါ-ကိုယ်လက်လှုပ်ရှားမှုပြုခြင်းသည် ကျန်းမာရေးအတွက်ကောင်းမွန်သည်မှန်သော်လည်းလွန်စွာပြင်းထန်သောကိုယ်လက်လှုပ်ရှားမှုများသည် အမျိုးသမီးသန္ဓေအောင်ခြင်းကိုထိခိုက်စေသည်။ အဘယ့်ကြောင့်ဆိုသော် သားဥကြွေခြင်းကိုတားမြစ်ပြီး ကိုယ်ဝန်ရရန်အားပေးသော ဟော်မုန်းဖြစ်သည့် ပရိုဂျက်စထရုန်း ဟော်မုန်း(progesterone) ကို လျော့ကျစေသောကြောင့်ဖြစ်သည်။ သင်သည် ကိုယ်ဝန်ယူရန် စိတ်ကူးရှိပြီးကိုယ်အလေးချိန်လည်း ပုံမှန်ဖြစ်နေသည်ဆိုပါကတစ်ပတ်လျှင်အချိန် ၇ နာရီထက်ပို၍ကိုယ်လက်လှုပ်ရှားမှု မပြုသင့်ပါ။ အကယ်၍ သင့်ကိုယ်အလေးချိန်ကပုံမှန်ထက်များလျှင် ကိုယ်လက်လှုပ်ရှားမှုမည်မျှ ပြုလုပ်သင့်သည်ကိုသင့်ဆရာဝန်နှင့် တိုင်ပင်ပါ။

    (၁၀) အဆိပ်အတောက်ဖြစ်စေသည့် အရာများကိုရှောင်ကြဉ်ပါ – ဓါတုပစ္စည်းများနှင့် ညစ်ညမ်းပစ္စည်းများသည် သန္ဓေအောင်ခြင်းဖြစ်စဉ်ကိုထိခိုက်စေသည်။ ထို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်းလုပ်ကိုင်သူများ ၊ ဆံပင်ညှပ်သူများနှင့် အချို့သောဆိုးဆေးနှင့် ဓါတုပစ္စည်းကိုထိတွေ့လုပ်ကိုင် နေရသူများတွင် မီးယပ်ဆိုင်ရာရောဂါများတွေ့ရတတ်သည်။ သွားနှင့် သွားဖုံးကုသရေးတွင် ကူညီပေးရသူများသည် နိုက်ထရိုဂျင်အောက်ဆိုဒ်ဓါတ်နှင့် ထိတွေ့ပြီးအန္တရာယ်ရှိနိုင်သည်။ စက်မှုလုပ်ငန်းများတွင် လုပ်ကိုင်သူများသည်လည်း ဓါတုဆေးဝါးများနှင့် ထိတွေ့နေရသည့်အတွက် အန္တရာယ်ရှိနိုင်ပါသည်။

    သင့်အနေဖြင့် ကိုယ်ဝန်ရလိုပြီး သင်၏နေထိုင်စားသောက်မှု ပုံစံများသည် သန္ဓေအောင်ခြင်းအပေါ် သက်ရောက်မှုရှိ /မရှိစိုးရိမ်မှုရှိပါက တတ်ကျွမ်းနားလည်သော ကျန်းမာရေးဝန်ထမ်းများနှင့်ဆွေးနွေးတိုင်ပင်၍ အကူအညီရယူနိုင်ပါသည်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။

    Dr. K Zin Thwe


    Dr. Ye Pyae Hein မှ ရေးသားသည်။ · 16/05/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement