backup og meta

ကိုယ်ဝန်ဆောင်ချိန်မှာ ပါရာစီတမောသောက်ခြင်းဟာ အော်တစ်ဇင်ရောဂါ (သို့) ADHD ရောဂါဆီ ဦးတည်စေသလား


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ချိန်မှာ ပါရာစီတမောသောက်ခြင်းဟာ အော်တစ်ဇင်ရောဂါ (သို့) ADHD  ရောဂါဆီ ဦးတည်စေသလား

    The Mail Online ရဲ့ အလိုအရ ကိုယ်ဝန်ဆောင်ကာလတလျှောက်မှာ ပါရာစီတမော သောက်ခြင်းဟာ အော်တစ်ဇင်ဝေဒနာရှင် ကလေးငယ်မွေးဖွားဖို့ ရာခိုင်နှုန်းပိုများစေတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် စပိန်သုတေသန ပညာရှင်တွေရဲ့ လေ့လာချက်အရ ပါရာစီတမောနဲ့ အော်တစ်ဇင်ဖြစ်ပွားမှုဟာ တိုက်ရိုက်သက်ဆိုင်တယ်လို့ လက်ဆုပ်လက်ကိုင်ပြစရာ ဘာမှမရှိဖူးလို့လည်း ဆိုပြန်ပါတယ်။

    တိုက်ရိုက်သက်ဆိုင်ခြင်း ရှိမရှိ

    သိပ္ပံပညာရှင်တွေဟာ ကိုယ်ဝန်ဆောင်အမျိုးသမီး နှစ်ထောင်ကျော်မှာ ပါရာစီတမော သုံးစွဲမှုကို လေ့လာခဲ့ပြီး သူတို့ကနေမွေးဖွားလာတဲ့ ကလေးတွေ အသက်တစ်နှစ်နဲ့ ငါးနှစ်အရွယ်မှာ ဖွံ့ဖြိုးမှု နဲ့ အမူအကျင့်ဆိုင်ရာ စမ်းသပ်သုတေသနပြုမှုတွေကို လုပ်ဆောင်ခဲ့ကြပါတယ်။ စမ်းသပ်သုတေသနပြုချက်တွေအရ ကိုယ်ဝန်ဆောင်ကာလမှာ ပါရာစီတမော သုံးစွဲတဲ့ မိခင်တွေရဲ့ ကလေးတွေဟာ အသက်ငါးနှစ်အရွယ်မှာ မူမမှန်တဲ့ တုန့်ပြန်မှု(ပုံမှန်ထက်ပိုတဲ့) နဲ့ အခြားသော လက္ခဏာတွေကို တွေ့ရှိခဲ့ရပြီး ယောက်ျားလေးတွေမှာဆိုရင် အော်တစ်ဇင်ရဲ့ လက္ခဏာတွေကို တွေ့ခဲ့ရပါတယ်။ ဒါပေမယ့် ကလေးအားလုံးမှာ ADHD ဒါမှမဟုတ် အော်တစ်ဇင်လို့ ရောဂါအမည်တပ်နိုင်မယ့် လက္ခဏာ အပြည့်အဝကိုတော့ မတွေ့ခဲ့ရပါဖူး။ ဒါ့အပြင် ကလေးတွေရဲ့ ဖွံ့ဖြိုးမှု ဒါမှမဟုတ် ဉာဏ်ရည်ဉာဏ်သွေးနဲ့ ကိုယ်ဝန်ဆောင်စဉ် ပါရာစီတမော သောက်သုံးမှုတို့အကြား ဘာဆက်သွယ်မှုမှ မတွေ့ခဲ့ရပါဖူး။ အရေးအကြီးဆုံး အချက်က ဒီလက္ခဏာတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ ပါရာစီတမော သောက်လို့ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားကို မတွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။

    အော်တစ်ဇင် ဒါမှမဟုတ် ADHD ဘာလို့ဖြစ်တာလဲဆိုတဲ့ မေးခွန်းအတွက် တိကျရေရာတဲ့ အဖြေမရှိသေးပါဖူး။ မျိုးရိုးဗီဇ၊ ကျန်းမာရေးအခြေအနေ ဒါမှမဟုတ် ပတ်ဝန်းကျင် အခြေအနေတွေအပေါ် အများကြီး မှီခိုနေတယ်လို့ ယူဆရပါတယ်။ဥပမာ ဒီလေ့လာမှုဟာ ကိုယ်ဝန်ဆောင်မိခင်အနေနဲ့ ဆေးလိပ်သောက်မသောက်ကို ထည့်သွင်းမစဉ်းစားထားသလို ကလေးအနေနဲ့ဆိုရင်လည်း ဆေးလိပ်မီးခိုးငွေ့ တဆင့်ခံ ရှုရှိုက်ရခြင်း ရှိမရှိ စတာတွေကို ထည့်မစဉ်းစားထားပါဖူး။ ဆေးလိပ်သောက်ခြင်းဟာ အော်တစ်ဇင် ဒါမှမဟုတ် ADHD အခြေအနေ နှစ်မျိုးလုံးနဲ့ ဆက်စပ်မှုရှိနေတာကို သိရှိပြီးဖြစ်ပေမယ့် ဆေးလိပ်သောက်ခြင်းနဲ့ သက်ဆိုင်ကြောင်းကို ဒီလေ့လာမှုမှာ လျစ်လျူရှုထားတာကြောင့် အဆင်မပြေလှပါဖူး။ လက်ရှိအချိန်မှာတော့ ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ပါရာစီတမောကို သတ်မှတ်ထားတဲ့ ပမာဏအတွင်း တခါတရံလိုအပ်မှ သုံးစွဲခြင်းဟာ စိတ်ချလုံခြုံမှုရှိတယ်လို့ လက်ခံထားကြပါတယ်။

    အဆိုပါ သုတေသနမှာ ဘာတွေပါဝင်သလဲ။

    သုတေသနမှာ ပါဝင်တဲ့မိခင်တွေကို ကိုယ်ဝန် ၁၂ပတ်နဲ့ ၃၂ပတ်မှာ မေးခွန်းတွေ မေးမြန်းပါတယ်။ ကိုယ်ဝန်မရှိခင် တလ ဒါမှမဟုတ် ကိုယ်ဝန်ဆောင်နေစဉ်ကာလတောက်လျှောက်မှာ ဆေးတမျိုးမျိုးကို (တခါတရံဖြစ်စေ၊ စွဲပြီးဖြစ်စေ) သုံးစွဲတာမျိုး ရှိမရှိ မေးမြန်းတာပါ။ တကယ်လို့ ဆေးတမျိုးမျိုးကို သုံးစွဲပါတယ်လို့ ဖြေခဲ့ရင် ဆေးရဲ့ အမည်၊သောက်တဲ့ ဆေးပမာဏ၊အကြိမ်ရေ စတာတွေကို ဆက်ပြီးမေးပါတယ်။ ကိုယ်ဝန် မရှိခင် တလ အလိုကနေ ကိုယ်ဝန် ၃၂ပတ်အထိကြားထဲမှာ ပါရာစီတမော တမျိုးမျိုးကို သောက်ခဲ့တယ်ဆိုရင် ပါရာစီတမော သုံးစွဲသူလို့ သတ်မှတ်ပါတယ်။ ဒီမိခင်တွေကနေမွေးလာတဲ့ အသက်၁နှစ် ကနေ ၅နှစ်အတွင်းရှိတဲ့ ကလေး ၈၀%ကျော်ကို လေ့လာစမ်းသပ်ခွင့်ရခဲ့ပါတယ်။ အသက် ၁နှစ်အရွယ်မှာ Bayley Scales of Infant Development (BSID) လို့ခေါ်တဲ့ နည်းလမ်းကို သုံးပြီး စမ်းသပ်ပါတယ်။ နောက်တခါ အသက်၅နှစ်အရွယ်မှာ တခါ ထပ်ပြီး စမ်းသပ်မှု ထပ်လုပ်ပါတယ်။

    စမ်းသပ်မှုမှာ ဘာတွေပါဝင်သလဲ။

    • McCarthy Scales of Children’s Abilities (MCSA)- တွေးတောနိုင်စွမ်း နဲ့ တွေးတောတဲ့အတိုင်း ခန္ဓါကိုယ်က လိုက်လုပ်နိုင်တဲ့ စွမ်းရည် ဖွံ့ဖြိုးမှုကို လေ့လာပါတယ်။
    • California Preschool Social Competence Scale (CPSCS) – လူမှုပေါင်းသင်းဆက်ဆံနိုင်စွမ်းကိုေ လ့လာပါတယ်
    • Childhood Autism Spectrum Test (CAST)
    • Diagnostic and Statistical Manual of Mental Disorders, Fourth Edition (DSM-IV) – ADHD ရောဂါရဲ့ လက္ခဏာတွေကို စမ်းသပ်လေ့လာပါတယ်။
    • Conner’s Kiddie Continuous Performance Test (K-CPT) – စိတ်ပါဝင်စားအာရုံစူးစိုက်မှု၊တုန့်ပြန်နိုင်မှု၊တိကျသေချာမှု၊ချုပ်ထိန်းနိုင်မှု စတာတွေကို လေ့လာစစ်ဆေးပါတယ်။

    ရလာဒ်တွေက ဘာတွေလဲ။

    ယေဘုယျပြောရရင် ဒီလေ့လာမှုမှာ ပါဝင်တဲ့ ၄၂%သော အမေတွေဟာ ကိုယ်ဝန်ဆောင်ကာလမှာ နာကျင်မှုသက်သာလျော့ပါးဖို့ အဓိကရည်ရွယ်ပြီး ပါရာစီတမော အသုံးပြုတာကို တွေ့ရပါတယ်။ ပါရာစီတမောနဲ့ ထိတွေ့ခဲ့ရတဲ့ ကလေးတွေဟာ မထိတွေ့ခဲ့ရတဲ့ ကလေးတွေထက် ADHD ရဲ့ လက္ခဏာတွေဖြစ်တဲ့ မူမမှန်လှုပ်ရှားမှုတွေ၊လုပ်ချင်ရာကို ဆတ်ခနဲထလုပ်တဲ့ လက္ခဏာတွေ ပိုပြတာကို တွေ့ရပါတယ်။Kiddie Continuous Performance Test နဲ့ စမ်းသပ်တဲ့ အခါမှာလည်း ပါရာစီတမောအသုံးပြုခြင်းဟာ ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို ပိုဖြစ်စေတာကို တွေ့ရှိခဲ့ရပါတယ်။ သုံးစွဲတဲ့ ပမာဏများလေ လက္ခဏာတွေ ပိုပြလေဖြစ်ပါတယ်။ ဒါပေမယ့် ADHD လို့သတ်မှတ်ဖို့အတွက် လိုအပ်တဲ့ လက္ခဏာအချက်အလက်တွေပြည့်စုံခြင်းမရှိသလို သိသာထင်ရှားတဲ့ ချိတ်ဆက်မှုလည်း မရှိပြန်ပါဖူး။ အော်တစ်ဇင်အတွက်လည်း ကလေးအားလုံးမှာ ထိုနည်း၎င်း ဖြစ်ပါတယ်။ ယောက်ျားလေးတွေမှာတော့ အော်တစ်ဇင်လို့ ပြောနိုင်တဲ့ လက္ခဏာအချက်အလက်တွေ နီးနီးစပ်စပ် တွေ့ခဲ့ရပေမယ့် မိန်းကလေးတွေမှာတော့ သိသာတဲ့ ကြောင်းကျိုးဆက်စပ်မှု ရှိမနေပြန်ပါဖူး။ အသက် ၁နှစ်အရွယ်မှာ Bayley Scales of Infant Development (BSID)နဲ့ စစ်ဆေးတဲ့အခါ ဒါမှမဟုတ် အသက် ၅နှစ်အရွယ်မှာ McCarthy Scales of Children’s Abilities (MCSA) နဲ့ စစ်ဆေးတဲ့အခါ ဦးနှောက်နဲ့အာရုံကြောဖွံ့ဖြိုးမှုတွေနဲ့ ပါရာစီတမော ထိတွေ့ခဲ့ခြင်းတို့ကြားမှာ ဘာဆက်နွယ်မှုမှ မရှိတာကို တွေ့ရှိခဲ့ရပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 12/05/2020 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement