brand logo
ကျန်းမာရေး ဆောင်းပါးများ
ကျန်းမာရေး ကိရိယာများ
အဖွဲ့အစည်း

မျှဝေပါ။

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား ….. ဒီပြဿနာက ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ မကြာခဏ မေးတတ်ကြတဲ့ ကိစ္စတစ်ခုပါ။ ကိုယ်ဝန်ဆောင်ချိန်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် အသားအရေပြောင်းလဲတာ၊ တင်းတိပ်တွေ ထွက်တာတွေ ဖြစ်တတ်ပါတယ်။ နောက်ပြီး လုပ်ငန်းခွင်ဝင်တဲ့ မေမေတွေဆိုရင်လည်း Skin Care လုပ်ဖို့ လိုဦးမှာပါ။

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား

ကိုယ်ဝန်ဆောင်နေချိန် Skin Care လုပ်သင့်လား ဆိုတော့ ပစ္စည်းအမျိုးအစားပေါ် မူတည်ပါတယ်။

တချို့ Skin Care တွေက သာမန်အချိန်မှာ ဘာမှမဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာကျ သန္ဓေသားကို ထိခိုက်တာတွေ ဖြစ်တတ်ပါတယ်။ ဒါကြောင့် သုံးနေကျ ပစ္စည်းတွေကို ပြန်ပြီး စစ်ဆေးဖို့ လိုပါတယ်။

Skin Care တွေကို လုံးဝရှောင်ရမှာလား။

Skin Care တွေကို လုံးဝရှောင်စရာ မလိုပါဘူး။ အထူးသဖြင့် ဟော်မုန်းအပြောင်းအလဲကြောင့် အရေပြားပြဿနာတွေ (ဥပမာ ဝက်ခြံ၊ တင်းတိပ်) ရှိတဲ့အခါ Skin Care လုပ်ဖို့ လိုမှာပါ။ ကိုယ်ဝန်ဆောင်ချိန်မှာလည်း လှလှလေး နေလို့ ရပါတယ်။ တစ်ခုပဲ မိမိလက်ရှိသုံးနေတဲ့ ပစ္စည်းတွေထဲက အောက်ပါ ပစ္စည်းတွေ ပါနေရင်တော့ ဖယ်ထုတ်ပစ်ဖို့ လိုပါတယ်။

ဘယ်လို Skin Care တွေကို ရှောင်သင့်လဲ။

  •  Retinol, Retin-A, Retinyl Palmitate

ဒီ Ingredients တွေက ဗီတာမင် အေ အခွဲ ဓာတ်သတ္တုပစ္စည်းဖြစ်ပြီး သူ့ရဲ့အဓိက ကောင်းကျိုးတွေက အိုမင်းရင့်ရော်ခြင်းကို တားဆီးပေးလို့ အရွယ်တင်နုပျိုစေတယ်ပေါ့နော်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်နေစဉ်မှာ Retinol ခရင်မ်တွေလိမ်းရင် ကလေးက ကောင်းကောင်းမဖွံ့ဖြိုးတာ၊ ဉာဏ်ရည်မမှီတာမျိုး ဖြစ်တတ်တယ်။

  • Tazroac, Accutane

ဝက်ခြံပျောက်ဖို့အတွက် သုံးတဲ့လိမ်းဆေးတချို့မှာ ဒီဓာတ်ပစ္စည်းတွေ ပါတတ်တယ်။ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဌာန FDA ကိုယ်တိုင်ကလည်း ဒီ Ingredient တွေပါဝင်တဲ့ လိမ်းဆေးတွေကို ဆရာဝန်ဆေးစာမပါဘဲ အသုံးမပြုဖို့၊ ကိုယ်ဝန်ဆောင်နေချိန်မှာ အသုံးပြုရင် မွေးလာတဲ့ကလေး ကိုယ်လက်အင်္ဂါ ချို့ယွင်းတာမျိုးတွေ ဖြစ်စေနိုင်တယ်လို့ သတိပေးထားဖူးပါတယ်။

  • Essential Oil

Essential Oil ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရေပြားကျန်းမာရေးအတွက် အသုံးပြုတဲ့ ဆီသန့်ပေါ့နော်။ စားတဲ့ဆီမဟုတ်ဘဲနဲ့ သစ်သီး၊ သစ်ဥသစ်ဖုတွေ၊ အမြစ်တွေ၊ ပန်းပွင့်တွေ၊ အစေ့အဆန်ကနေ ထုတ်ထားတဲ့ ဆီသန့်ပါ။ ပုံမှန်အချိန်မှာ အသုံးပြုပေးရင် အသားအရေကို ဖြူဖွေးချောမွေ့လာစေသလို ဒီ Essential Oil တွေနဲ့ နှိပ်နယ်ပေးရင် အညောင်းအညာပြေပြီး စိတ်ကိုကြည်လင်စေတယ်လို့ ပြောကြတယ်။ ကိုယ်ဝန်ဆောင်နေချိန်မှာတော့ တစ်ခါတလေမှာ ဘေးထွက်ဆိုးကျိုးခံစားရနိုင်ပါတယ်။

  • Hydroquinone

တင်းတိပ်ပျောက်ဖို့၊ အသားကြည်စေဖို့ လိမ်းဆေးတွေမှာ Hydroquinone ပါပါတယ်။ အမျိုးသမီးတွေ ကိုယ်ဝန်ဆောင်နေစဉ်မှာ ဟော်မုန်းအပြောင်းအလဲကြောင့် တင်းတိပ်တွေ ထွက်လာတတ်တယ်ပါတယ်။ တချို့မိန်းကလေးတွေဆိုရင် မီးဖွားပြီးနောက်ပိုင်းမှာ ကုသမှုမခံယူဘဲ တင်းတိပ်တွေ အလိုလိုပျောက်သွားတတ်ပါတယ်။ Hydroquinoneက ဗိုက်ထဲက ကလေးလေးကို ထိခိုက်နိုင်တဲ့အတွက် ရှောင်ရမယ့်ထဲမှာ ပါပါတယ်။

Aluminum Choloride

ရေမွှေးတွေ၊ ချွေးနံ့ပျောက်ဆေးတွေမှာ အသုံးများတဲ့ ပါဝင်ပစ္စည်း ဖြစ်ပါတယ်။ ဘက်တီးရီးယားပေါက်ဖွားမှုကို ထိန်းချုပ်ပေးနိုင်ပေမယ့် ကိုယ်ဝန်ဆောင်တွေအနေနဲ့ ရှောင်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။

  • Formaldehyde

လက်သည်းဖျက်ဆေးတွေ၊ တချို့ဆံသားနဲ့ ပတ်သက်တဲ့ ပေါင်းဆေး၊ ဆိုးဆေးတွေမှာ အသုံးများတဲ့ ဓာတ်သတ္တုပစ္စည်းပါ။ ဒီပါဝင်ပစ္စည်းက မိခင်ရဲ့ မျိုးအောင်နိုင်စွမ်းကိုလည်း ထိခိုက်စေသလို ကလေးကိုယ်ဝန်ပျက်ကျတဲ့အထိပါ အန္တရာယ်ကြီးတယ်လို့ ထုတ်ပြန်ထားတာကို တွေ့ဖူးပါတယ်။

  • Oxybenzone, Avobenzone

ဒီ ဓာတ်သတ္တု ၂ မျိုးလုံးကို chemical နေလောင်ကာခရင်မ်တွေမှာ တွေ့ရတတ်ပါတယ်။ ကလေးကို ထိခိုက်စေနိုင်တဲ့ အထောက်အထားတချို့ရှိနေတာကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ mineral နေလောင်ကာခရင်မ်ကို ပြောင်းသုံးသင့်ပါတယ်။

  • Tetracycline, Doxycycline, Minocycline

အရေပြားပြဿနာတွေကို ကုသတဲ့ လိမ်းဆေးတွေမှာ ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်နေချိန် အရေပြားပြဿနာကြောင့် ကုသမှုခံယူရတော့မယ်ဆိုရင် ကိုယ့်ရဲ့ ကျန်းမာရေးအခြေအနေနဲ့ ကိုယ်ဝန်ဆောင်နေတဲ့အကြောင်းကို ဆရာဝန်ကို သေချာပြောပြဖို့ လိုပါတယ်။ ဒါမှ ဒီဆေးတွေကို ရှောင်ပေးနိုင်မှာပါ။

အလှအပကိုလည်း ဂရုစိုက်ရင်း ဗိုက်ထဲက ရင်သွေးလေး ကျန်းမာရေးကို မထိခိုက်စေဖို့ ခုပြောပြခဲ့တဲ့ ဓာတ်သတ္တုတွေပါတဲ့ အလှကုန်ပစ္စည်းကို ရှောင်ကြဖို့ အကြံပေးလိုက်ချင်ပါတယ်။

Dr. Phyo Wai Lynn
Dr. Phyo Wai Lynn
မှ ဆေးပညာပိုင်းဆိုင်ရာ စစ်ဆေးထားပါသည်။Hello Sayarwon Panel
Written by Ye Myo Myat · 24/11/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။