brand logo
ဆောင်းပါးများ
ကိရိယာများ
အဖွဲ့များ

မျှဝေပါ။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် ဖြစ်မလဲ!

ကိုယ်ဝန်ဆောင်ချိန်ဆိုတာက နည်းနည်းလေးမှာ အတိမ်းအစောင်း မခံတဲ့ ကာလပေါ့။ ဒီလို အစစအရာရာ အမှားမခံနိုင်တဲ့ ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် ဖြစ်မလဲ! ဆိုတာကို အတူတူ ကြည့်လိုက်ရအောင်နော်။ 

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် ဖြစ်မလဲ!

ကိုယ်ဝန်ဆောင်ချိန်ဆိုတာက အမျိုးသမီး တစ်ယောက်အဖို့ အတော်လေး ဂရုစိုက်ရတဲ့ ကာလဖြစ်သလို များစွာသော အပြောင်းအလဲတွေကို တွေ့ကြုံခံစားရတဲ့ ကာလဆိုလည်း မမှားပါဘူး။ ဒီလို တွေ့ကြုံရတဲ့ အပြောင်းအလဲတွေက ရုပ်ပိုင်းဆိုင်ရာမှာရော စိတ်ပိုင်းဆိုင်ရာမှာပါ ပြောင်းလဲမှုတွေကို တွေ့ကြုံရတာပါ။ 

ဒီလို တွေ့ကြုံရတဲ့ ပြောင်းလဲမှုတွေထဲမှာ စားသောက်မှုပုံစံ ပြောင်းလဲတာမျိုး ရှိသလို ဝမ်းချုပ်တာ၊ အိပ်စက်မှု အလေ့အထ ပြောင်းလဲတာ၊ အသားအရေ ပြောင်းလဲတာမျိုးတွေကို ခံစားရနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်ချိန်မှာ ဒီအချက်တွေအပြင် ဝမ်းအမည်းရောင်တွေ သွားတာမျိုးက ဘာကြောင့် ဖြစ်မလဲဆိုတာကို ပြောပြပေးသွားပါမယ်။

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ ဘာကြောင့် ဖြစ်မလဲ!

ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင်တွေ သွားရတာ အခုလို အကြောင်းအရင်းတွေကြောင့်ပါ။

ဖြည့်စွက်အား‌ဆေးတွေ

ကိုယ်ဝန်ဆောင်ချိန်မှာ သွေးအားနည်းတာသံဓာတ် ချို့တဲ့တာမျိုးတွေ မဖြစ်စေဖို့ဆိုပြီး သံဓာတ် အားဖြည့်ဆေးတွေ သောက်ရတာမျိုး ရှိနိုင်ပါတယ်။ 

သံဓာတ်အားဖြည့်ဆေးတွေက ဘေးထွက်ဆိုးကျိုးအနေနဲ့ ဝမ်းချုပ်တာ၊ ဝမ်းအမည်းရောင် သွားတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ ဒါက ပုံမှန်ပါပဲ။ စိုးရိမ်စရာမလိုပါဘူး။ တကယ်လို့ တခြားဘေးထွက်ဆိုးကျိုးအနေနဲ့ ဗိုက်အောင့်တာတွေ ဖြစ်ရင်တော့ ဆရာဝန်နဲ့ ပြန်တိုင်ပင်ပါ။ 

ဆေးဝါးတွေ

ဆေးစာမလိုဘဲ ဝယ်ယူဖို့ ရနိုင်တဲ့ အချို့အချို့သော ဆေးတွေကလည်း ဝမ်းကို အမည်းရောင် ဖြစ်စေနိုင်ပါတယ်။ ဥပမာ – အစာအိမ်ဆေးလို ဆေးမျိုးတွေပါ။ ဒါကြောင့် သောက်နေကျ မဟုတ်တဲ့ ဆေးတစ်ခုခုကို သောက်ပြီးချိန်မှာ ဝမ်းအမည်းရောင် သွားတာမျိုး ဖြစ်မယ်ဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးပြောင်း သောက်ရမလား ဆိုတာကို တိုင်ပင်ပါ။ နောက်တစ်ချက်က ဆေးမသောက်ခင်မှာ ဆရာဝန်နဲ့ သေချာလေး တိုင်ပင်ဖို့ပါ။ ဒါမှ မိခင်ရော ကလေးပါ ထိခိုက်မှု ကင်းမှာပါ။

အစားအသောက်တွေ

အချို့သော အစားအသောက်တွေက ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားတာကို ဖြစ်စေနိုင်ပါတယ်။ ဥပမာ – နဂါးမောက်သီး အနီရောင်၊ ဘိရုစ်၊ ဘလူးဘယ်ရီ နဲ့ အစားအသောက်မှာ ပါတဲ့ ဆိုးဆေးတွေပါ။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ ဝမ်းအမည်းရောင် သွားနေပြီဆိုရင် ကိုယ်တိုင် ဘာတွေ စားမိသေးလဲဆိုတာကို အရင် ဆန်းစစ်ပါ။ 

သွေးယိုစီးနေတာ 

အစာခြေစနစ်ထဲမှာ သွေးယိုစီးတာကလည်း ဝမ်းအမည်းရောင် သွားတာကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် သံဓာတ် အားဖြည့်ဆေးတွေ၊ အစားအစာတွေကို စားမိတာမျိုး မရှိဘဲ ဝမ်းက အမည်းရောင်တွေ သွားနေမယ်ဆိုရင် နီးစပ်ရာ ဆေးခန်း ဒါမှမဟုတ် ပြငနေကျ ဆရာဝန်နဲ့ အမြန်ဆုံး သွားရောက်ပြသပေးပါ။ 

ဝမ်းအမည်းရောင် သွားတာက ဖြစ်နိုင်ခြေတွေ အများကြီး ရှိပါတယ်။ ပုံမှန် အခြေအနေ ကနေ ပြင်းထန်တဲ့ အခြေအနေ အထိ အမျိုးမျိုး ဖြစ်နိုင်တာကြောင့် သေချာလေး ဂရုစိုက်ကြဖို့ လိုပါမယ်။ ဝမ်းအမည်းသွားပြီဆိုတာနဲ့ ကိုယ်စားနေတာတွေ၊ သောက်နေတဲ့ဆေးတွေကို ဆန်းစစ်ပါ။ ကိုယ်ဝန်ရှိနေတာ ဖြစ်တဲ့အတွက် သားဖွားမီးယပ်ဆရာဝန်နဲ့ ပြဖို့လည်း အကြံပြုချင်ပါတယ်။ 

Htet Htet Zaw Win
Htet Htet Zaw Win · အထွေထွေရောဂါကုဆရာဝန် · HHG · ပြန်လည်သုံးသပ်သူ Aye Thi Mon မှ ရေးသားသည်။ နောက်ဆုံးအသစ်ပြင်ဆင်သည့်ရက်စွဲမှာ 06/03/2024 ဖြစ်ပါသည်။

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။