backup og meta

ကိုယ်ဝန်ဆောင်စဉ် ဗိုက်နာရခြင်းအကြောင်းရင်းများ

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Htet Htet Zaw Win


Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်စဉ် ဗိုက်နာရခြင်းအကြောင်းရင်းများ

    ကိုယ်ဝန်ဆောင်စဉ်မှာ ဗိုက်နာခြင်းကို ဘယ်အချိန်မှာ စိုးရိမ်သင့်ပါသလဲ။

    ကိုယ်ဝန်ဆောင်စဉ် ဗိုက်နာခြင်းဟာ ပုံမှန်ဖြစ်ပါတယ်။ သင့်မှာ ကလေးငယ်ကို သယ်ဆောင်နေရပြီး ကလေးငယ်ဟာ နောက်ထပ် နှစ် ၂၀ ကြာရင် ခြောက်ပေရှည်ပြီး ကိုယ်အလေးချိန် ပေါင် ၁၀၀ ကျော်နိုင်ပါတယ်။ ဒါကြောင့် အနည်းငယ် နာကျင်မှုဟာ နားလည်နိုင်ဖွယ် ဖြစ်ပါတယ်။ ဒါပေမယ့် ဒီအနည်းငယ် နာကျင်မှုဟာ သင့်ရဲ့ နေ့ရက်တွေကို ဖျက်စီးနေပြီဆိုရင်တော့ သင်ဟာ သားဖွားမီးယပ်အထူးကု ဆရာဝန်ကို ပြသသင့်ပြီ ဖြစ်ပါတယ်။

    ဗိုက်နာခြင်းရဲ့ အဖြစ်များတဲ့ အကြောင်းရင်းများ

    Round Ligament အရွတ်နာကျင်မှု

    သင် ကိုယ်အနေအထားပြောင်းလိုက်ရင် သက်တောင့် သက်သာ မရှိတဲ့ နာကျင်မှုမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ Round Ligament နာကျင်မှုဟာ ဗိုက်အောက်ပိုင်း ( သားအိမ်တွင်း) မှစတင်ပြီး ပေါင်ဘက်ပိုင်းကို ဆင်းသွားပါတယ်။ သူဟာ ခဏနာ နာကျင်မှုဖြစ်ပြီး တစ်ခုခုနဲ့ ထိုးနေသလို ခံစားရကာ သူကိုယ်တိုင် နောက်ဆုံးမှာ ပျောက်သွားနိုင်ပါတယ်။ ပုံမှန်အားဖြင့် သင်ဟာ ဒုတိယသုံးလပတ် အပြီးမှာ ဒီနာကျင်မှုကို ခံစားရနိုင်ပါတယ်။ ဒါပေမယ့် သင်ခံစားရတဲ့ နာကျင်မှုဟာ ပြင်းထန်ပြီး မနေသာဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

    ဝမ်းချုပ်ခြင်းနဲ့ လေထခြင်း

    ကိုယ်ဝန်ရှိခြင်းဟာ သင့် progesterone ဟော်မုန်းပမာဏ မြင့်တက်လာတယ်လို့ ဆိုလိုပြီး ဒါဟာ အစာတွေကို အစာခြေ လမ်းကြောင်းမှာ ပိုမို ဖြည်းညင်းစွာ သွားခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒီလိုဖြစ်ခြင်းကို ရေများများသောက်ခြင်း၊ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအသောက်စားခြင်းနဲ့ လေ့ကျင့်ခန်း လုပ်ခြင်းအားဖြင့် ပျောက်ကင်းအောင် ပြုလုပ်နိုင်ပါတယ်။ ပိုမို မြန်ဆန်စွာ ပျောက်ချင်ရင်တော့ ဆရာဝန်ကို တိုင်ပင်ပြီး ဝမ်းပျော့ဆေးသောက်နိုင်ပါတယ်။

    Braxton Hicks contractions (သားအိမ်ညှစ်ခြင်း အတု)

    ယေဘုယျအားဖြင့် Braxton Hicks contractions သားအိမ်ညှစ်ခြင်း တွေဟာ မပြင်းထန်တတ်ပါဘူး။ သင်ကလေးမွေးတော့မယ်ဆိုရင် တကယ့် သားအိမ်ညှစ်ခြင်းနဲ့ မှားယွင်းတတ်ပါတယ်။ အဓိက ခြားနားချက်ကတော့ သင်လုပ်နေတဲ့အရာကို ဆက်လုပ်လို့ရမရပဲ ဖြစ်ပါတယ်။ အမှန်တကယ် မီးဖွားချင်လို့ဖြစ်တဲ့ သားအိမ်ညှစ်ခြင်းဟာ သင်ဘာတစ်ခုမှ ဆက်မလုပ်နိုင်ပဲ အကူအညီကို အော်ခေါ်ရုံသာ တတ်နိုင်မှာ ဖြစ်ပြီး Braxton Hicks contractions အယောင်ပြသားအိမ်ညှစ်ခြင်းအတုတွေဖြစ်ရင်တော့ သင်ဟာ ရုပ်ရှင်တောင် ကြည့်နေနိုင်ပါတယ်။

    အခြားသက်တောင့်သက်သာ မရှိမှုများ

    အထက်ဖော်ပြပါ အခြေအနေတွေအပါအဝင် ဗိုက်ထဲမှာ ကလေးရှိတဲ့အခါ သဘာဝကျပြီး အသက်အန္တရာယ်မရှိတဲ့ အခြားအကြောင်းရင်းတွေလည်း ရှိနိုင်ပါတယ်။ ဒါတွေကတော့ သားအိမ်ကြီးလာခြင်း၊ အစာအိမ် ရောဂါပိုးဝင်ခြင်း၊ ကျောက်ကပ် ကျောက်တည်ခြင်း၊ အလုံးဖြစ်ခြင်း၊ အစာ မတည့်ခြင်းတွေပဲဖြစ်ပါတယ်။

    ဗိုက်အောင့်ခြင်းရဲ့ အဖြစ်နည်းပြီး ပြင်းထန်တဲ့ အကြောင်းရင်းများ

    သင့်မှာ သွေးထွက်ခြင်း၊ အလွန်နာကျင်ခြင်း၊ ဖျားခြင်း၊ အမြင်အာရုံဝေဝါးခြင်းတွေ ဖြစ်ခဲ့မယ်ဆိုရင် သင့်ဆရာဝန်နဲ့ စစ်ဆေးသင့်ပါတယ်။

    သားအိမ်ပြင်ပ ကိုယ်ဝန်ရှိခြင်း

    ကိုယ်ဝန်ဆောင် အယောက် ၅၀မှာ တစ်ယောက် ဖြစ်လေ့ရှိပြီး သားအိမ်ပြင်ပ ကိုယ်ဝန်တည်ခြင်းမှာ မျိုးဥဟာ သားအိမ်ပြင်ပ အခြားနေရာတွေမှာ ကိုယ်ဝန်တည်ခြင်းဖြစ်ပြီး များသောအားဖြင့် သားဥပြွန်မှာ ဖြစ်တတ်ပါတယ်။ ကိုယ်ဝန် ၆ ပတ်နဲ့ ၁၀ ပတ်အတွင်း နာကျင်မှုနဲ့ ပြင်းထန်စွာ သွေးထွက်ခြင်းတွေဟာ ဒီအချက်ကြောင့် ဖြစ်နိုင်ပါတယ်။ သားအိမ်ပြင်ပ ကိုယ်ဝန်ဆောင်ခြင်း အဖြစ်များတဲ့ သူတွေကတော့ အရင်က သားအိမ်ပြင်ပ ကိုယ်ဝန်တည်ဖူးခြင်း၊ သားအိမ်တစ်ရှူး သားအိမ်ပြင်ပရောက်နေသောရောဂါရှိခြင်း၊ သားဥပြွန်ချည်သော ခွဲစိတ်မှုလုပ်ဖူးခြင်း (သို့) ကိုယ်ဝန်ရှိစဉ် သားအိမ်တွင်းထည့် သန္ဓေတားပစ္စည်း ထည့်ထားခြင်းတွေပဲ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆက်ထားဖို့ မဖြစ်နိုင်တာကြောင့် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုတွေ လိုအပ်နိုင်ပါတယ်။

    ကလေးပျက်ကျခြင်း

    တကယ်လို့ သင်ဟာ ကိုယ်ဝန် ပထမသုံးလပတ်အတွင်းမှာပဲ ရှိသေးပြီး သွေးထွက်ခြင်းနဲ့ မခံနိုင်အောင် ဗိုက်နာခြင်း ဖြစ်ပြီဆိုရင် ဒါဟာ ကလေးပျက်ကျခြင်းကြောင့် ဖြစ်နိုင်ပါတယ်။ အခြားလက္ခဏာတွေကတော့ ခါးနာခြင်း၊ မိန်းမကိုယ်အတွင်း သွေးခဲလိုတစ်ရှူးကျခြင်း၊ ကိုယ်ဝန်လက္ခဏာ လျော့နည်းခြင်းပဲ ဖြစ်ပါတယ်။

    အချိန်မတိုင်မီ ကလေးမွေးခြင်း

    ကိုယ်ဝန် ၃၇ ပတ်မတိုင်မီမှာ ပုံမှန် သားအိမ်ညှစ်မှုနဲ့ ခါးနာမှုတွေ ဆက်တိုက်ဖြစ်ပြီး အချိန်မတိုင်မီ ကလေးမွေးနိုင်ပါတယ်။ အခြားလက္ခဏာတွေကတော့ မိန်းမကိုယ်မှ ထွက်တဲ့အရည် ပြောင်းလဲခြင်း (သို့) ပိုများခြင်း၊ မိန်းမကိုယ်မှ သွေးထွက်ခြင်း၊ ရာသီလာစဉ် ဗိုက်နာခြင်းကဲ့သို့ ဗိုက်နာခြင်းတွေပဲ ဖြစ်ပါတယ်။

    အချင်းကွာကျခြင်း

    ဒါဟာ အသက်အန္တရာယ် ရှိတဲ့ အခြေအနေတစ်ခုဖြစ်ပါတယ်။ အချင်းကွာကျခြင်းဟာ သားအိမ်နံရံမှ အချိန်မတန်သေးပဲ အချင်းကွာကျခြင်းကို ဆိုလိုပါတယ်။ တတိယ သုံးလပတ်မှာ အဖြစ်များပြီး အပြင်းအထန် ဗိုက်အောင့်တတ်ပါတယ်။ သင့်ဝမ်းဗိုက်ဟာ အချိန်အတော်ကြာ တင်းနေခြင်း ဖြစ်နိုင်ပါတယ်။ မိန်းမကိုယ်အရည်တွေမှာ အရောင်ရင့်တဲ့ အနီရောင်သွေးတွေ ပါဝင်ပြီး ရေမွှာလည်း ပါဝင်နိုင်ပါတယ်။ အချင်းကွာခြင်းကို ခံစားရချိန်မှာ အချို့အမျိုးသမီးတွေဟာ ကလေးမွေးနေပြီဖြစ်ပါတယ်။ ကလေးကို အရေးပေါ် ဗိုက်ခွဲမွေးရမှာ ဖြစ်ပါတယ်။ အခြားအခြေအနေတွေမှာတော့ တကယ်လို့ အချင်းကွာခြင်းဟာ ပြင်းထန်မှုမရှိရင် ပုံမှန် မိန်းမကိုယ်မှ ကလေးမွေးနိုင်ပါတယ်။

    ကိုယ်ဝန်ဆောင်ခြင်းဟာ နုနယ်တဲ့ ဖြစ်စဉ်ဖြစ်ပါတယ်။ တကယ်လို့ တစ်ခုခု ဖြစ်သွားရင် အချိန်နဲ့ ပိုက်ဆံထက်ပိုပြီး ထိခိုက်မယ့် အရာတွေ ရှိနိုင်ပါတယ်။ ဒါကြောင့် အဓိက အချက်အလက်တွေကို အရင်သိထားသင့်ပြီး ပုံမှန်မဟုတ်တဲ့ လက္ခဏာတွေကို စောင့်ကြည့်နေသင့်ပါတယ်။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Htet Htet Zaw Win


    Dr. Htet Htet Zaw Win မှ ရေးသားသည်။ · 05/01/2023 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement