backup og meta

ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်သောလိပ်ခေါင်းအတွက် သဘာဝ ဆေးနည်းရှစ်ချက်

မှ အချက်အလက် စစ်ဆေးထားပါသည်။ Dr. Thurein Hlaing Win


Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်သောလိပ်ခေါင်းအတွက် သဘာဝ ဆေးနည်းရှစ်ချက်

    လိပ်ခေါင်းရောဂါဟာကိုယ်ဝန်ဆောင်ကာလ (အထူးသဖြင့်ကိုယ်ဝန်၂၇ပတ်နောက်ပိုင်း)မှာအဖြစ်များပါတယ်။ လိပ်ခေါင်းဟာနာကျင်တာ၊ကသိကအောင့်ဖြစ်တာနဲ့စအိုကသွေးယိုစီးတာတွေကို ဖြစ်စေနိုင်ပါတယ်။ လူနာအများစုမှာတော့ကလေးမွေးပြီးတာနဲ့လိပ်ခေါင်းပြန်ပျောက်သွားလေ့ရှိပါတယ်။ အောက်မှာဖော်ပြထားတဲ့သဘာဝဆေးနည်းတွေဟာသင့်ရဲ့လိပ်ခေါင်းရောဂါအတွက်အသုံးဝင်မှာပါ။

    ရေနွေးစိမ်ပါ။

    ဒီနည်းလမ်းလေးကရိုးရှင်းပါတယ်။ အိမ်သာတက်ပြီးတိုင်းဒါမှမဟုတ်တနေ့ကိုအကြိမ်ရေအနည်းငယ်သင့်အောက်ပိုင်းကိုရေနွေးထဲ၁၀မိနစ်- ၁၅မိနစ်လောက်စိမ်ပေးမယ်ဆိုရင်နာကျင်တာ၊ကသိကအောင့်ဖြစ်တာတွေကိုသက်သာစေမှာပါ။ ဒီလိုရေနွေးမစိမ်ခင်မှာသင့်အောက်ပိုင်းကိုသေချာစွာသန့်စင်ဖို့မမေ့ပါနဲ့။

    ရေခဲအိတ်ကပ်ပါ။

    ရေခဲဟာသင့်စအိုတဝိုက်ကသွေးကြောတွေကိုကျဉ်းစေပြီးနာကျင်တာနဲ့ရောင်ရမ်းတာတွေကိုသက်သာစေတဲ့အတွက်ရေခဲအိတ်ကပ်တာလည်းတကယ်အကျိုးရှိပါတယ်။ ရေခဲကပ်တဲ့အိတ်ကိုဆေးဆိုင်တွေမှာအလွယ်တကူဝယ်ယူနိုင်ပါတယ်။ အရေးကြီးတဲ့အချက်အနေနဲ့ရေခဲဟာအရေပြားကိုလောင်စေနိုင်တဲ့အတွက်ရေခဲကိုသင့်အရေပြားနဲ့တိုက်ရိုက်မထိမိစေဖို့သတိထားပါ။ စအိုနားတဝိုက်ကိုကပ်ပြီးတဲ့အခါအဲ့ဒီရေခဲအိတ်ထဲကရေခဲဒါမှမဟုတ်ရေကိုလုံးဝအသုံးမပြုပါနဲ့။

    အိမ်သာသုံးစက္ကူကိုရေစွတ်ပြီးသုံးပါ။

    ဒီနည်းလမ်းဟာလည်းတကယ်ပဲအသုံးဝင်လှပါတယ်။ အမျိုးသမီးအများစုဟာဒီနည်းလမ်းကိုသုံးပြီးအကျိုးရှိတာကိုတွေ့ခဲ့ရပါတယ်။ ဒါ့ကြောင့်သင်လည်းစမ်းကြည့်လို့အကျိုးမယုတ်ပါဖူး။ စွတ်စိုနေတဲ့တစ်ရှူးဟာပုံမှန်တစ်ရှူးထက်သုံးရတာပိုပြီးသက်တောင့်သက်သာရှိတာကိုတွေ့ရမှာပါ။ လုပ်ရလည်းမခက်ပါဖူး။ အိမ်သာတက်ပြီးတစ်ရှူးနဲ့သန့်ရှင်းရေးမလုပ်ခင်မှာတစ်ရှူးကိုရေသန့်သန့်လေးနဲ့စွတ်ပေးလိုက်ရုံပါပဲ။

    အရည်များများသောက်ပါ။

    အရည်များများသောက်ရင်ဝမ်းပျော့စေတဲ့အတွက်ဝမ်းသွားရလွယ်ကူစေပါတယ်။ ဘယ်အရည်သောက်ရမလဲလို့မေးရင်ရေကတော့အကောင်းဆုံးပါ။ ဒါ့ကြောင့်တနေ့ကိုရေရှစ်ခွက်မှဆယ်ခွက်အထိသောက်ပေးသင့်ပါတယ်။ နွားနို့ဒါမှမဟုတ်သစ်သီးဖျော်ရည်တွေကိုလည်းသောက်လို့ရပါတယ်။ ဆီးသီးခြောက်ဖျော်ရည်ဟာလည်းဝမ်းပျော့စေတဲ့အတွက်သောက်သုံးသင့်ပါတယ်။

    အမျှင်ဓါတ်များများစားပါ။

    သင့်ရဲ့စားသောက်တဲ့ပုံစံကိုပြောင်းလဲပစ်ပါ။ ဂျုံ၊အစေ့အဆံ၊အသီးအရွက်၊သစ်သီးနဲ့ပဲတွေကိုများများစားပေးပါ။ အမျှင်ဓါတ်ဟာဝမ်းကိုပျော့စေတဲ့အတွက်ဝမ်းသွားရလွယ်ကူစေပါတယ်။ သင်နေ့စဉ်စားတဲ့အစားအသောက်ကနေအမျှင်ဓါတ်ကိုလုံလုံလောက်လောက်မရနိုင်ဖူးလို့ထင်ရင်အမျှင်ဓါတ်ပါတဲ့ ဖြည့်စွက်ဆေးတွေကိုသုံးစွဲနိုင်ပါတယ်။ အစာစားတဲ့အခါမှာလည်းအစာတွေအူလမ်းကြောင်းထဲမှာကပ်မနေစေဖို့ ဖြည်းဖြည်းချင်းကြေညက်အောင်ဝါးပါ။

    ကိုယ်လက်လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။

    ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဟာသင့်ကျန်းမာရေးအတွက်အရေးပါလှပါတယ်။ ကီးဂျဲလ်လေ့ကျင့်ခန်းကိုနေ့စဉ်လုပ်ကြည့်နိုင်ပါတယ်(ကီးဂျဲလ်လေ့ကျင့်ခန်းဆိုတာစအို၊မိန်းမကိုယ်နဲ့ဆီးအိမ်အပေါက်ဝနားကကြွက်သားတွေကိုသန်မာစေတဲ့လေ့ကျင့်ခန်းဖြစ်ပါတယ်)။ ဒီလေ့ကျင့်ခန်းဟာစအိုနဲ့အူမကြီးအဆုံးပိုင်းနားတဝိုက်မှာသွေးလည်ပတ်မှုကိုပိုမိုကောင်းမွန်စေတာမို့လိပ်ခေါင်းဖြစ်နိုင်ချေကိုလျော့နည်းစေပါတယ်။ တခြားလေ့ကျင့်ခန်းအနေနဲ့လမ်းဖြည်းဖြည်းမှန်မှန်လျှောက်တာကိုလည်းလုပ်ပေးနိုင်ပါတယ်။ တနေ့ကိုမိနစ်နှစ်ဆယ်ကနေနာရီဝက်အထိလမ်းလျှောက်ပေးနိုင်ပါတယ်။

    ချည်သားအထည်တွေကိုပဲဝတ်ပါ။

    ချည်သားပွပွချောင်ချောင်နူးနူးညံ့ညံ့လေးတွေကိုဝတ်ခြင်းအားဖြင့်လိပ်ခေါင်းနေရာကိုခြောက်သွေ့နေစေသလိုယားယံတာ၊နာကျင်တာတွေကိုလည်းလျော့နည်းသက်သာစေမှာဖြစ်လို့နေလို့ပိုအဆင်ပြေမှာပါ။

    ညင်သာစွာသန့်စင်ပါ။

    လိပ်ခေါင်းဖြစ်နေတဲ့နေရာကိုညင်ညင်သာသာလေးသန့်စင်ပါ။ အရမ်းမပွတ်ပစ်ပါနဲ့။ ရေသန့်သန့်ဒါမှမဟုတ်အယ်လ်ကိုဟောမပါတဲ့သန့်စင်ဆေးတွေကိုသုံးပြီးသင့်အောက်ပိုင်းကိုဆေးကြောသုတ်သင်ပါ(အထူးသဖြင့်အိမ်သာတက်ပြီးတိုင်းမှာပေါ့)။ အရောင်တွေပါတဲ့တစ်ရှူးတွေကိုသုံးရင်ဆိုးဆေးတွေကတဆင့်မလိုလားအပ်တဲ့ယားယံမှုတွေ၊ပြဿနာတွေ ဖြစ်လာနိုင်တဲ့အတွက်တစ်ရှူးအဖြူကိုပဲသုံးတာအကောင်းဆုံးပါ။ လိပ်ခေါင်းရောဂါဟာကိုယ်ဝန်ဆောင်ကာလမှာ ဖြစ်ပေါ်လာနိုင်ပြီးမီးဖွားပြီးတာနဲ့ပျောက်သွားလေ့ရှိပါတယ်။ တကယ်လို့သင့်အနေနဲ့ကိုယ်ဝန်ဆောင်နေစဉ်လိပ်ခေါင်းဖြစ်နေပြီဆိုရင်အပေါ်မှာဖတ်ခဲ့ရတဲ့သဘာဝနည်းလမ်းလေးတွေကိုအသုံးပြုပေးရင်လိပ်ခေါင်းဝေဒနာကိုသက်သာစေမှာဖြစ်ပြီးလိပ်ခေါင်းမရှိဖူးဆိုရင်လည်းကြိုတင်ကာကွယ်ထားနိုင်မှာ ဖြစ်ပါတယ်။

    Hello Health Groupသည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မှ အချက်အလက် စစ်ဆေးထားပါသည်။

    Dr. Thurein Hlaing Win


    Dr. Thiha Phyo Myint မှ ရေးသားသည်။ · 23/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement