backup og meta

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာလည်း Psoriasis ဖြစ်နိုင်ပါတယ်

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာလည်း Psoriasis ဖြစ်နိုင်ပါတယ်

ကိုယ်ဝန်ဆောင်ကာလအတွင်းမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်ဟာ ပုံမှန်ထက်ပိုပြီး အီစထရိုဂျင်တွေကို ထုတ်ပေးပါတယ်။ ကံကောင်းတာတစ်ခုက ဒီလို အီစထရိုဂျင်လယ်ဗယ် မြင့်မားနေခြင်းဟာ Psoriasis ကို သက်သာစေတာပါပဲ။

Psoriasis ဆိုတာဘာလဲ။

Psoriasis ဆိုတာ စိတ်အနှောင့်အယှက်ဖြစ်စရာအကောင်းဆုံး အဆိုးရွားဆုံး အရေပြားပြဿနာတွေထဲက တစ်ခုပါပဲ။ အရေပြားဆဲလ်တွေဟာ ပုံမှန်ထက် ၁၀ဆပိုပြီးမြန်မြန်ဖြစ်ပေါ်လာပါတယ်။ ဆဲလ်က အရေပြားမျက်နှာပြင်ပေါ်ရောက်သွားပြီဆိုတာနဲ့ သေဆုံးသွားပါတယ်။ အရေပြားမျက်နှာပြင်မှာ ဖုံးလွှမ်းနေတဲ့ အနီရောင်အချပ်တွေ ဒါမှမဟုတ် အဖြူရောင်ကြေးခွံတွေလိုမျိုး ဖြစ်လာစေပါတယ်။

Psoriasis တွေဟာ ဒူးခေါင်း၊ တံတောင်နဲ့ ဦးရေပြားတွေလို နေရာမျိုးတွေမှာ ဖြစ်ပေါ်လေ့ရှိပါတယ်။ တစ်ခါတလေမှာလည်း Psoriasis ဟာခန္ဓာကိုယ်၊ လက်ဖဝါးတွေနဲ့ ခြေဖဝါးတွေမှာလည်း ဖြစ်တတ်ပါသေးတယ်။

Psoriasis ဟာ ကိုယ်ဝန်ဆောင်စဉ်မှာလည်း ဖြစ်ပေါ်နိုင်ပါတယ်။

၂၀၀၅ခုနှစ် မေလမှာလုပ်ခဲ့တဲ့ လေ့လာမှုတစ်ခုကတော့ psoriasis ဟာ ကိုယ်ဝန်ဆောင်ကာလမှာ သက်သာသွားနိုင်တယ်လို့ ဆိုထားပါတယ်။ အီစထရိုဂျင်လယ်ဗယ် မြင့်တက်လာမှုက psoriasis ကို သက်သာစေတာပါတဲ့။ Jenny E. Murase ကတော့ ပိုကောင်းလာတဲ့ အမျိုးသမီးပမာဏဟာ ပိုဆိုးသွားတဲ့အမျိုးသမီးပမာဏထက် ၂ဆ ပိုများပါတယ်လို့ ဆိုပြန်ပါတယ်။

အစမှာတော့ progesterone ဟာ ကောင်းကျိုးတွေပိုဖြစ်စေနိုင်တယ်လို့ လူတွေက ယုံကြည်ခဲ့ကြပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာတော့ လူနာတွေရဲ့ အခြေအနေကို ပိုကောင်းလာစေတာက အီစထရိုဂျင်က ကူညီပေးနေလို့သာဖြစ်တယ်ဆိုတာ တွေ့ရှိလာကြပါတယ်။

လေ့လာမှု လုပ်ငန်းစဉ်

သုတေသန ပညာရှင်တွေဟာ ကလေးယူနိုင်တဲ့အရွယ်အမျိုးသမီးတွေကို လေ့လာခဲ့ကြတာပါ။ အဲ့ဒီထဲက ၄၇ယောက်က ကိုယ်ဝန်ဆောင်ထားတာဖြစ်ပြီး ၂၇ယောက်ကတော့ ကိုယ်ဝန်မရှိပါဘူး။ သူတို့ရဲ့ Psoriasis အခြေအနေတွေကို မှတ်တမ်းတင်ထားဖို့လည်း သူတို့ကို မှာကြားထားပါတယ်။ သူတို့တွေဟာ psoriasis ဖြစ်နေတဲ့ ဧရိယာတွေကို တိုင်းတာမှတ်သားထားပြီး ပြင်းထန်မှုပေါ်လိုက်လို့ အဆင့်တွေ ခွဲခြားထားပါတယ်။ ပြီးတဲ့အခါမှာတော့ လက္ခဏာရပ်တွေအားလုံးကို စုစုပေါင်း ငါးကြိမ် စစ်ဆေးပါတယ်။

လေ့လာမှုရဲ့ ရလဒ်

ကိုယ်ဝန်ဆောင်အမျိုးသမီးအုပ်စုမှာတော့ ၅၅%ဟာ အခြေအနေတိုးတက်လာပါတယ်။ ၂၁%ကတော့ ဘာမှမပြောင်းလဲဘဲ ၂၃%ကတော့ ပိုဆိုးလာပါတယ်။ တိုးတက်လာတဲ့သူတွေမှာတော့ ကိုယ်ဝန်ဆောင်ကာလ ရက်သတ္တ၁၀ပတ်ကနေ ၂၀အတွင်းမှာက အကောင်းဆုံးရလဒ်တွေကို တွေ့ရတာပါ။

ကိုယ်ဝန်မဆောင်ထားတဲ့ အမျိုးသမီးတွေမှာတော့ လေ့လာမှု ကာလတစ်လျှောက်လုံး Psoriasis အခြေအနေ ပြောင်းလဲမှုမရှိပါဘူး။

ကလေးမွေးပြီး ၆ပတ်လောက်ကြာတဲ့အခါမှာ ၆၅%က ပိုဆိုးလာပြီး ၂၅%က အပြောင်းအလဲမရှိပါဘူး။ ၉%ကတော့ သူတို့အခြေအနေတွေ ဆက်ပြီးတိုးတက်လာနေဆဲပါပဲလို့ ဆိုပါတယ်။

ယေဘုယျအားဖြင့်တော့ ကလေးမွေးဖွားပြီး ၃ပတ်ကနေ ၆ပတ်အတွင်းမှာပိုဆိုးလာတာက ၃၀%ရှိပါတယ်။

နောက်ဆုံးမှာတော့ ကိုယ်ဝန်မဆောင်ရသေးတဲ့အခြေအနေကို အဖွဲ့ ၂ဖွဲ့လုံးပြန်ရောက်သွားတဲ့အခါ psoriasis ဖြစ်နေတဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဟာ ပြောင်းလဲမှုမရှိဘဲ အတူတူပဲဖြစ်နေတာကို တွေ့ရပါတယ်။

အဓိက အကြောင်းရင်းတွေကတော့ ဟော်မုန်းတွေပါပဲ။

လုပ်ငန်းစဉ်အတွင်းမှာ လေ့လာသူတွေဟာ ကိုယ်ဝန်ဆောင်နေစဉ်ကာလနဲ့ ကိုယ်ဝန်ဆောင်ပြီးကာလတွေမှာ ဟော်မုန်းလယ်ဗယ်ပြောင်းလဲသွားတာကို မှတ်တမ်းတွေ တင်ထားခဲ့ကြပါတယ်။ သူတို့တွေဟာ ဟော်မုန်းလယ်ဗယ်မြင့်တက်လာလေလေ psoriasis အခြေအနေတွေပြောင်းလဲလာလေလေဆိုတာကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ ဒီလုပ်ငန်းစဉ်အတွင်းမှာ progesterone လယ်ဗယ်က သက်ရောက်မှုမရှိခဲ့ပါဘူး။ အဓိက အခန်းကဏ္ဍက ပါဝင်ခဲ့တဲ့ ဟော်မုန်းကတော့ အီစထရိုဂျင်ပါပဲ။ ကိုယ်ဝန်ဆောင်ကာလမှာ estriol ထုတ်ပေးခြင်းက psoriasis အခြေအနေတွေကို တိုးတက်လာစေနိုင်တာ ဒါမှမဟုတ် ပိုဆိုးမလာစေအောင် ကာကွယ်ပေးနိုင်တယ်လို့ လေ့လာသူတွေက ယုံကြည်ကြပါတယ်။

[embed-health-tool-pregnancy-weight-gain]

မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

Understanding Psoriasis — the Basics http://www.webmd.com/skin-problems-and-treatments/psoriasis/understanding-psoriasis-basics Accessed April 24, 2017

Psoriasis May Improve During Pregnancy http://www.webmd.com/skin-problems-and-treatments/psoriasis/news/20050516/psoriasis-may-improve-during-pregnancy Accessed April 24, 2017

ယခုပုံစံ

19/09/2022

Wathun Myat Chal မှ ရေးသားသည်။

Aye Thi Mon မှ ပြင်ဆင်ခဲ့ပါသည်။


ဆက်စပ် အကြောင်းအရာများ

ကိုယ်ဝန်ဆောင် မေမေ အိပ်ဆေး သောက်လို့ရလား။

သွေးတိုးရောဂါခံစားနေရတဲ့ ကိုယ်ဝန်ဆောင်မေမေတွေအတွက် စားသောက်နည်းလမ်းညွှန်



Wathun Myat Chal မှ ရေးသားသည်။ · 19/09/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

ad iconadvertisement

ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

ad iconadvertisement
ad iconadvertisement