backup og meta

ပျော်ရွှင်တဲ့ မိသားစုကနေ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေက ထူးချွန်ကြတယ်


Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    ပျော်ရွှင်တဲ့ မိသားစုကနေ မွေးဖွားကြီးပြင်းလာတဲ့ ကလေးတွေက ထူးချွန်ကြတယ်

    ကလေးလေးတွေကောင်းမွန်စွာနဲ့ကြီးပြင်းလာစေဖို့ တာဝန်အရှိဆုံးပုဂ္ဂိုလ်တွေက မိဘတွေပါ။ ကလေးကိုကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် အရမ်းအတင်းအကျပ်ကြီးလုပ်ကိုင်တဲ့အခါ အုပ်ထိန်းမှုက လမ်းကြောင်းပြောင်းသွားပြီး ကလေးကို ဝန်ထုတ်ဝန်ပိုးဖြစ်သွားစေတာမျိုးရှိနိုင်ပါတယ်။ ကလေးတွေကိုပြုစုပျိုးထောင်ရတာက အရမ်းကိုအနုစိတ်နိုင်လွန်းပြီး အတွေ့အကြုံများစွာကိုရရှိနိုင်တဲ့ ဘဝအစိတ်အပိုင်းတစ်ခုပါ။

    မိဘတိုင်းကတော့ သူတို့ရဲ့ရင်သွေးလေးတွေကိုပြည့်စုံပျော်ရွှင်ပြီး ထူးချွန်တဲ့ ကလေးလေးတွေအဖြစ်ကြီးပြင်းလာစေချင်မှာ အသေအချာပါပဲ။ ကလေးတွေကိုပြုစုပျိုးထောင်တာက ကိုယ်တိုင်မှာလည်း တိုးတက်မှုတွေရရှိစေနိုင်ပါတယ်။ ဒါတင်မဟုတ်ပါဘူး၊ ကလေးတွေမှာတွေ့မြင်ချင်တဲ့ အရည်အချင်းတွေရလာအောင် ကိုယ်တိုင်ဦးဆောင်လမ်းပြရင်း ကိုယ်တိုင်မှာလည်း အရည်အသွေးတွေတိုးတက်လာနိုင်ပါသေးတယ်။ မိသားစုရဲ့နေထိုင်မှုပုံစံက ကလေးငယ်တွေရဲ့ အတွေးအခေါ်၊စိတ်ခံစားမှုနဲ့ လုပ်ဆောင်နိုင်စွမ်းတွေအပေါ်မှာ စိုးမိုးသက်ရောက်မှုရှိနေပါတယ်။ လူတွေနဲ့ဘယ်လိုမျိုးဆက်ဆံရမလဲဆိုတာနဲ့ အပြန်အလှန်လေးစားမှုထားရမလဲဆိုတာတွေကို မိဘတွေထံကနေသင်ယူတာပါ။

    မိသားစုနေထိုင်မှုပုံစံက ကလေးတစ်ယောက်ရှင်သန်ကြီးပြင်းမှုအပေါ်မှာ အများကြီးသက်ရောက်မှုရှိနေပါတယ်။ပျော်ပျော်ရွှင်ရွှင်နေထိုင်တတ်တဲ့ မိသားစုတွေကနေကြီးပြင်းလာတဲ့ ကလေးတွေက ထူးချွန်ထက်မြက်တယ်လို့ပြောရင် သင့်အနေနဲ့ ဘယ်လိုများဆက်စပ်နေလို့လဲလို့ စဉ်းစားရခက်နေမလား။ ဘာလို့လဲဆိုတဲ့အဖြေကို ကြည့်လိုက်ရအောင်နော်။

    ထူးချွန်ထက်မြက်တဲ့ကလေးတွေဖြစ်လာစေချင်သော မိဘများအတွက်

    ကလေးတွေကိုဖြစ်ချင်ဇောများပြီး အရမ်းတင်းတင်းကျပ်ကျပ်အုပ်ထိန်းမှုက ကလေးငယ်တွေကို စိတ်ဓါတ်ကျတာ၊ စိုးရိမ်စိတ်များစေတာမျိုးတွေခံစားရစေနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေကို ထူးချွန်ထက်မြက်စေချင်တယ်ဆိုရင်တော့ အခုပြောတဲ့အချက်လေးတွေကို လုပ်ကြည့်သင့်ပါတယ်။

    ကလေးကို ကိုယ်တိုင်သင်ယူခွင့်ပေးလိုက်ပါ

    ကလေးကို ဘယ်လိုနေပါထိုင်ပါလို့ မပြောပါနဲ့။ ဖိအားပေးလွန်းတာက ကလေးရဲ့ စူးစမ်းလိုစိတ်နဲ့ဖန်တီးနိုင်စွမ်းကို ကျဆင်းစေနိုင်ပါတယ်။ ကလေးကို သူတွေ့မြင်တဲ့အရာတွေကို ကိုယ်တိုင်လေ့လာစူးစမ်းသင်ယူခွင့်ပေးပါ။ ကလေးမှာမြင်ချင်တဲ့ အပြုအမူကောင်းတွေကို ကိုယ်တိုင်က လုပ်ဆောင်ပေးပါ။ မိဘတွေက ကလေးတွေရဲ့လမ်းပြကြယ်တွေပါ။

    စိတ်ရှည်ပါ

    လူတစ်ယောက်အနေနဲ့ အမြဲစိတ်ရှည်နေဖို့ဆိုတာ မလွယ်ကူမှန်းသိပေမယ့် ကလေးတွေကို ဆက်ဆံတဲ့အခါမှာတော့ စိတ်ရှည်ရှည်ထားပေးပါ။ မိဘက သူတို့ကိုပျော်ပျော်ရွှင်ရွှင် စိတ်ရှည်ရှည်နဲ့ ဆက်ဆံတာကို မလိုချင်တဲ့ကလေးရယ်လို့မရှိပါဘူး။ မိဘတွေက စိတ်ဖိစီးမှုများနေတာကြောင့် ကလေးတွေကို စိတ်မရှည်တဲ့အခါ ကလေးမှာ မှတ်ဉာဏ်အားနည်းတာ၊ ကိုယ်ခံအားစနစ် ချို့ယွင်းတာတွေဖြစ်နိုင်သလို ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာ အသေးစားဖျားနာမှုတွေကိုဖြစ်စေနိုင်ပါတယ်။ ကလေးတိုင်းက သူတို့ရဲ့ မိသားစုကို စိတ်ဖိစီးမှုကင်းပြီးပျော်ရွှင်တဲ့မိသားစုလေးဖြစ်စေချင်ကြပါတယ်။

    ကလေးကို ယုံကြည်ပေးပါ

    ကလေးကိုပေးနိုင်တဲ့အရာတွေထဲမှာ သူတို့လေးတွေကို ယုံကြည်ပေးတာလည်းပါပါတယ်။ ကလေးတွေကို ယုံကြည်ကြောင်းနဲ့ သူတို့ကိုအလေးထားကြောင်းပြသပေးတာကကောင်းမွန်စွာကြီးပြင်းလာစေဖို့အတွက် အထောက်အကူပြုပါတယ်။ ကလေးကို ယုံကြည်ပေးတာက သူတို့လေးတွေမှာ ပြောင်းလဲမှုတွေအများကြီးဖြစ်လာစေမှာပါ။ ယုံကြည်မှုတိုးလာစေသလို သူတို့အနေနဲ့ပြဿနာတွေကိုဖြေရှင်းနိုင်တယ်၊လို့လည်း ယုံကြည်မှုရသွားစေပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိနေတဲ့ ကလေးတွေက အကောင်းဆုံးလုပ်ဆောင်နိုင်သူတွေဖြစ်လာတာကြောင့် သင့်ရဲ့ ကလေးငယ်ကို ဒီအခွင့်အရေးပေးလိုက်ပါ။

    ကလေးရဲ့ ကြိုးစားမှုကို အသိအမှတ်ပြုပေးပါ

    ကလေးက တစ်ခုခုကိုကြိုးစားလုပ်ကိုင်လို့အောင်မြင်မှုရသွားတဲ့အခါမျိုးမှာ သူရရှိခဲ့တဲ့အောင်မြင်မှုကို အသိအမှတ်ပြုပေးပါ။ ထိုက်သင့်တဲ့ ချီးကျူးမှုလုပ်ပေးပါ။ တစ်ခါတလေ လူကြီးတွေအတွက်က လွယ်ကူပေမယ့် သူတို့လေးတွေအနေနဲ့ အောင်မြင်ဖို့တော်တော်လေးကြိုးစားထားရတာမျိုးရှိနိုင်ပါတယ်။ အသိအမှတ်ပြုခံရတဲ့ ကလေးတွေက ထူးချွန်ထက်မြက်သူတွေအဖြစ် အရွယ်ရောက်လာတတ်ကြပါတယ်။

    ကလေးနဲ့အတူစာဖတ်ပါ

    ကလေးကို တစ်ယောက်တည်းစာဖတ်ပြခိုင်းတာမျိုးမလုပ်ပါနဲ့ ကလေးနဲ့အတူစာဖတ်ပေးပါ။ ရုပ်ပုံလေးတွေကို ကြည့်ပြီး စာလုံးလေးတွေရဲ့ အဓိပ္ပါယ်ကိုရှင်းပြပေးရင်း ကလေးနဲ့အတူတူ စာဖတ်ပေးပါ။ ဒီလိုစာဖတ်ပေးတာက ကလေးရဲ့ စာဖတ်နိုင်စွမ်းကိုလည်း တိုးတက်စေနိုင်ပါတယ်။ ကလေးနဲ့အတူပျော်ပျော်ရွှင်ရွှင်စာဖတ်ပေးတာက ကလေးရဲ့ သင်ယူလိုစိတ်ကို တိုးတက်လာစေမှာပါ။ ကလေးရဲ့ သင်ယူနိုင်စွမ်းကိုလည်း တိုးစေမှာသေချာပါတယ်။

    မိသားစုနဲ့အတူ ညစာစားပေးပါ

    မိသားစုနဲ့အတူတူ ညစာစားတာက မတူတဲ့ခံစားချက်ကိုရရှိစေပါတယ်။ မိသားစုနဲ့အတူ ညစာစားတဲ့ ကလေးတွေက စိတ်ဓါတ်ကျတာနဲ့ စားသောက်မှုမူမမှန်တာမျိုးတွေဖြစ်နိုင်ခြေနည်းပါတယ်။ဆေးလိပ်သောက်တာ၊ အရက်သောက်တာနဲ့ မူးယစ်ဆေးစွဲတာမျိုးဖြစ်နိုင်ခြေလည်းနည်းပါတယ်၊ လို့ မကြာသေးခင်ကလုပ်ခဲ့တဲ့လေ့လာမှုတွေအရသိရပါတယ်။ အမြဲမဖြစ်နိုင်ရင်တောင် အနည်းဆုံး တစ်ပတ်တစ်ကြိမ်လောက်တော့ စားပေးပါ။လေ့လာမှုတွေအရ မိသားစုနဲ့ ထမင်းလက်စုံစားတတ်တဲ့ ကလေးငယ်တွေက ရေရှည်မှာ စကားလုံးတွေပိုကြွယ်ဝသလို အမူအကျင့်ပိုင်းမှာ ကောင်းမွန်တတ်ကြပြီး ကျန်းမာရေးနဲ့ ညီညွတ်အောင်စားသုံးတတ်ကြသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားလည်းကောင်းကြပါတယ်။

    ဒါတွေအပြင် ကလေးကို အိပ်ချိန်ပြည့်ဝစေဖို့နဲ့ အာဟာပြည့်ဝတဲ့အစားအသောက်တွေကျွေးမွေးမိအောင်လည်းသေချာဂရုစိုက်မိဖို့လိုပါမယ်။ မိသားစုစုံစုံလင်လင်ပျော်ပျော်ရွှင်ရွှင်နဲ့နေရတဲ့ကလေးတွေက အခြားကလေးတွေထက် ဖန်တီးနိုင်စွမ်းပိုများသလို ပိုပြီးလည်းထူးချွန်ကြပါတယ်။

    မိဘတွေကွာရှင်းထားတဲ့ ကလေးတွေ၊ မိသားစုတကွဲတပြားနဲ့နေရတဲ့ ကလေးတွေမှာ ဖွံ့ဖြိုးမှုပိုင်းမှာထိခိုက်တာမျိုးရှိသလို စိတ်ဓါတ်ကျတာ၊ စိတ်ဆိုးလွယ်တာ နဲ့ ကိုယ့်ကိုကိုယ် အဆုံးစီရင်တာမျိုးအထိတောင်ရှိနိုင်ပါတယ်။ ပညာရေးမှာထိခိုက်တာမျိုးရှိနိုင်သလို စားသောက်မှုမူမမှန်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုကိုခံစားရနိုင်ပါသေးတယ်။ပျော်ရွှင်တဲ့မိသားစုဘဝလေးကို ဖန်တီးပြီး ကလေးတိုင်းကို ထူးချွန်ထက်မြက်တဲ့ ကလေးလေးတွေအဖြစ်ပျိုးထောင်နိုင်ကြပါစေကြောင်း

    Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။

    မသက်ဆိုင်ကြောင်း ရှင်းလင်းချက်

    Hello Health Group သည် ဆေးပညာအကြံဉာဏ်များ၊ ရောဂါရှာဖွေမှုများနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


    Aye Thi Mon မှ ရေးသားသည်။ · 28/01/2022 တွင် အသစ်ဖြည့်စွက်ခဲ့သည်။

    advertisement iconadvertisement

    ဤဆောင်းပါးက အကူအညီဖြစ်ပါသလား။

    advertisement iconadvertisement
    advertisement iconadvertisement